ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် (35) Chapter (511) ဘီလီယံချီတဲ့ ဂြိုဟ်တွေအဝေးကနေ ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်
နဂါးနက် ဧကရာဇ် သေဆုံးသွားခြင်းနှင့်အတူ နဂါးနက်တောင် ဂြိုဟ်စုနယ်မြေတစ်ခုလုံးအား နတ်ဆိုးများက သိမ်းပိုက်သွားလေသည်။
ထို့အတူ ထိုဂြိုဟ်စုနယ်မြေအား နဂါးငွေ့တန်း ဂြိုဟ်စုနယ်မြေဟု အမည်ပြောင်းလဲလိုက်သည်။
ဧရာမ နဂါးကြီး ချန်ထားရစ်ခဲ့သော များပြားလှသည့် ပစ္စည်းဉစ္စာများသည် ထောင်သောင်းချီသော နတ်ဆိုးများ၏ ခွန်အားက ထပ်၍ တိုးတက်လာအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။
အူးလန်ဂြိုဟ်မှ ယဲ့ဖန် ပြန်ခေါ်လာခဲ့သော ထောင်ချီသည့် နတ်ဆိုးများသည် ကြောက်မက်ဖွယ် ကောင်းသော ခန္ဓာကိုယ်များကို ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။
နတ်ဆိုးစစ်တပ်၏ စုပေါင်းခွန်အားသည် မိုးထိမတတ် မြင့်တက်လာလေတော့သည်။ ပို၍ ကြောက်လန့်ဖွယ် ကောင်းသည့်အချက်မှာ အားလုံး၏ အဆင့်တက်ခြင်းပင်။
နတ်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သူ နှစ်ဆယ့်သုံးယောက် ရှိခဲ့သည်။ နတ်ဧကရာဇ်အဆင့် မြေကမ္ဘာ နတ်ဆိုးများနှင့် လူနှစ်ရာကျော်တို့သည် ယခင် နတ်ဆိုးဂြိုဟ်မှ ခုနစ်ဆယ့် နှစ်ယောက်သော မြေကမ္ဘာ နတ်ဆိုးများထက် ပို၍ ကြမ်းကြုတ်ပြီး ပိုသန်မာနေသည်။
ထိတ်လန့်စရာ အကောင်းဆုံးသည်ကား နတ်ဆိုးနဂါးပင်။
နေအဖွဲ့အစည်းတစ်ခုလုံးတွင်း၌ ကြောက်မက်ဖွယ် ကောင်းသော နဂါးတစ်ကောင်သည် စက်ဝိုင်းသဖွယ် ပျံသန်းနေ၏။ ၎င်း၏ အကြေးခွံတစ်ခုတိုင်းသည် ရေကန်တစ်ကန်နှင့် ညီမျှလေသည်။ ၎င်း၏ ခန္ဓာကိုယ်အား ရစ်ခွေထားလျင် နေအဖွဲ့အစည်းတစ်ခုလုံးကို အုပ်မိုးထားနိုင်၏။
ဤဧရာမ နဂါးကြီးသည် နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်နှင့် ဧရာမ နဂါးကြီး၏ ခန္ဓာကိုယ်ကို ပေါင်းစပ်ထားသည့် နဂါးတစ်ကောင်သာ ဖြစ်သည်။
“ဟားဟားဟား … ဒီဧကရာဇ်က သေးငယ်တဲ့ နဂါးစိတ်ဝိညာဉ်လေး မဟုတ်တော့ဘူးကွ၊ ဒီဧကရာဇ်မှာ ခန္ဓာကိုယ် ရှိလှပြီ၊ ဟားဟား …”