ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် 40 Chapter 587 ဖြူနက်မြူခိုး
ထိုအချိန်တွင် ကောင်းကင်ထက်၌ ကျိုင်းကောင်များကဲ့သို့ လူပေါင်းများစွာတို့ဖြင့် ပြည့်နှက်နေသည်။ ဂြိုဟ်ပေါ်၌ အင်မော်တယ်ဘုရင် စဦးအဆင့် သိုင်းပညာရှင်များ ရာကျော်ရှိနေပြီး အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့် သိုင်းပညာရှင် ထောင်ချီရှိနေကာ အင်မော်တယ်သူတော်စင်အဆင့်များက မရေတွက်နိုင်လောက်အောင် ရှိနေ၏။
အားလုံး၏ တောက်လောင်နေသော မျက်လုံးများက သွေးအကျဉ်းထောင်အောက်၌ ပိတ်မိနေသော ယဲ့ဖန်အား တင်းမာခက်ထန်စွာ ကြည့်နေကြသည်။
ထိုသည်သာမကချေ။ ပိုမိုများပြားသော သိုင်းပညာရှင်များက ဤဂြိုဟ်ထံသို့ တဖွဲဖွဲရောက်လာကြသည်။ ထိုသူတို့ကြောင့် တိမ်ပျံဂြိုဟ်စုနယ်မြေတစ်ခုလုံး တုန်ခါလာပုံရသည်။
“ယဲ့ဖန်ကိုဖမ်း”
“ယဲ့ဖန်ကိုဖမ်း”
“…”
အင်မော်တယ်ဘုရင်များထံမှ ကြွေးကြော်သံများ ထွက်ပေါ်လာပြီး အားလုံး၏မျက်နှာထက်၌ သားရဲကဲ့သို့ ခက်ထန်ဟန်နှင့် ဝမ်းသာအားရ ဖြစ်နေဟန်များ ပေါ်လွင်နေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ဂြိုဟ်ပေါ်ရှိ ယဲ့ဖန်၏မျက်နှာထားက ပို၍ အေးစက်လာသည်။
ဘာအကြောင်းပြချက်မှမရှိဘဲ သွေးအကျဉ်းထောင်ထဲ အထည့်ခံရလိမ့်မည်ဟု သူ ထင်မထားမိချေ။
“ငါ့ကို ဘယ်သူ သတ်မှာလဲဆိုတာကို ပြောပြစမ်း”
ယဲ့ဖန်သည် ရာချီသော ဂြိုဟ်နယ်မြေများမှ သိုင်းပညာရှင်များကို စိုက်ကြည့်၍ အေးစက်စွာ မေးလိုက်သည်။ သူ့အမေးကြောင့် ရာချီသော ဂြိုဟ်နယ်မြေများမှ သိုင်းပညာရှင်များက အားပါးတရ ပြုံးလိုက်သည်။
“ဟေ့ကောင်လေး တိမ်ပျံဂြိုဟ်စုနယ်မြေသမိုင်းမှာ သွေးအကျဉ်းထောင်နဲ့ သတ်မိန့်ပေးခံရတဲ့ အင်မော်တယ် ဂိုဏ်းချုပ်အဆင့်က မင်း ပထမဆုံးပဲ။ မင်း သေတော့မယ်ဆိုရင်တောင်မှ ငါတို့ တိမ်ပျံသခင်လေးကို ကျေးဇူးတင်သင့်တယ်”