ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် 40 Chapter 588 သေသွားပြီလား
တစ်ချိန်တည်းမှာပင် တိမ်ပျံဂိုဏ်း၏ သခင်လေးစံအိမ်၌ တိမ်ပျံသခင်လေးသည် ထိုင်ခုံ၌ ထိုင်ရင်း လက်ဘက်ရည်တစ်ခွက်ကိုကိုင်၍ အေးအေးဆေးဆေး အရသာခံ၍ သောက်နေသည်။
ဒေါက် ဒေါက် ဒေါက်။
လက်အောက်ငယ်သားတစ်ယောက်က ခပ်သွက်သွက်လျှောက်လာပြီးနောက် ဒူးတစ်ဖက် ထောက်လာသည်။
“သခင်လေး၊ ယဲ့ဖန်ရဲ့ အရိပ်အယောင် ပေါ်လာပါတယ်။ တစ္ဆေသွေးဆိုး အင်မော်တယ်ဘုရင်နဲ့ အင်မော်တယ်နယ်မြေတစ်ရာက အရှင်သခင်တွေအားလုံး သူ့ကို သတ်ဖို့အတွက် ထွက်သွားပါပြီ”
*တစ္ဆေသွေးဆိုးလား*
ထိုစကားကိုကြားသည်နှင့် တိမ်ပျံသခင်လေးက ကျေနပ်အားရသလို ပြုံးလိုက်သည်။ ထိုသည်သာမကချေ၊ နောက်ထပ် လက်အောက်ငယ်သားများက တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။
“သခင်လေး လောလောရှန်းဘုရင်လည်း သူ့နယ်မြေက အင်မော်တယ်မျိုးနွယ်တွေကို ဦးဆောင်ပြီး သတ်ဖို့အတွက် ထွက်သွားပါပြီ”
“ရွှမ်ထျန်း အင်မော်တယ်ဘုရင်လည်း သူ့နယ်မြေက သူရဲကောင်းစစ်သည်တွေကို ဦးဆောင်ပြီး တိုက်ခိုက်ဖို့ ထွက်သွားပါပြီ”
“သွေးသိမ်းငှက် ခုနစ်ကောင် အင်မော်တယ်ဘုရင်လည်း တိုက်ခိုက်ဖို့ ထွက်သွားပါပြီ”
“…”
ပဲ့တင်ထပ်၍ ထွက်ပေါ်လာသော အသံများက တိမ်ပျံသခင်လေး၏ အပြုံးကို ပို၍ပီပြင်လာစေသည်။ သွေးအကျဉ်းထောင် သတ်ဖြတ်ခြင်းကို ထုတ်လိုက်သည့် ခဏလေးအတွင်းမှာပင် ရာချီသော ဂြိုဟ်နယ်မြေများ၏ အရှင်သခင်သုံးယောက်က သူ့လူများကို ဦးဆောင်၍ ယဲ့ဖန်ကို သတ်ရန် ထွက်သွားလေပြီ။
အချိန်ကြာလာသည်နှင့်အမျှ သိုင်းပညာရှင်များ ပိုများလာမှာဖြစ်ပြီး ယဲ့ဖန်သည်လည်း သေရမည် ဖြစ်လေသည်။
*ဒီကောင် သေကိုသေတော့မှာပဲ*
ထိုသို့တွေးမိပြီးနောက် တိမ်ပျံသခင်လေးသည် ပို၍တောင်မှ ဂုဏ်ယူနေလေ၏။ နာရီဝက်ကြာပြီးနောက် လက်အောက်ငယ်သားတစ်ယောက်က တက်ကြွစွာ ဝင်ရောက်လာသည်။ ထို့နောက် တိမ်ပျံသခင်လေးရှေ့၌ ဒူးထောက်၍ ခပ်သွက်သွက် ပြောလိုက်သည်။
