ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han ShinBook 28 CHAPTER (407) နဂါးငွေ့တန်း အင်ပါယာ ဧကရာဇ်၏ အမိန့်
ဆာရိုဂြိုဟ်နယ်မြေ၌ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ကူးလန်ဂြိုဟ်၊ ခမ်းကလန်ဂြိုဟ်၊ ကျွီရာဂြိုဟ်၊ ဥဒေါင်းဂြိုဟ်နှင့် မီးခြင်္သေ့ဂြိုဟ်တို့၏ ဂြိုဟ်ခေါင်းဆောင်များ ညတွင်းချင်း ပြောင်းသွားခဲ့သည်။
ယခင်ဂြိုဟ်ခေါင်းဆောင်များ၏ အိမ်တော်များ တစ်ညတည်းနှင့် သုတ်သင်ခံလိုက်ရသည်။ မည်သူမျှ အသက်ရှင် ကျန်ရစ်ခြင်း မရှိပေ။
ကူးဖုန်းသည် ဂြိုဟ်ငါးခု၏ ခေါင်းဆောင်အသစ် ဖြစ်လာသည်။ သူ၏ အရည်အချင်းရှိသော လက်ထောက်များသည် ကူးရှုံးနှင့် ကူးမိန်တို့ ဖြစ်သည်။
ထို့အပြင် ဂြိုဟ်ငါးခုတွင် ဘာတွေ ဖြစ်ပျက်သွားခဲ့သလဲဆိုတာနှင့် ဂြိုဟ်ခေါင်းဆောင် ငါးယောက်ကို သတ်လိုက်သူက မည်သူလဲဆိုတာကို ဆာရိုဂြိုဟ်နယ်မြေတစ်ဝိုက်မှ မည်သူမျှ ပြောဆိုခွင့်မရှိချေ။ ဂြိုဟ်ခေါင်းဆောင် ငါးယောက်၏ သေဆုံးမှုက ဆာရိုဂြိုဟ်နယ်မြေ၌ အဆန်းကြယ်ဆုံးသော ရာဇဝတ်မှု ဖြစ်လာသည်။
…
ထိုသို့သောအချိန်တွင် ဂရေးကလန်၌ နတ်ဆိုးအိုကြီး ဘက်ခါသည် တန်ဖိုးကြီးသော ခြံဝန်းအတွင်းရှိ မြေကြီးပေါ်၌ ငူငိုင်ငိုင်နှင့် ထိုင်နေသည်။
သူ၏ မျက်လုံးများသည် တောက်ပခြင်း မရှိတော့ချေ။ ထို့ကြောင့် သူသည် ငေးငိုင်၍ စိတ်ရှုပ်နေသော မျက်နှာထား ပြန်ဖြစ်သွားသည်။
သူသည် စိတ်ဝိညာဉ် မရှိဘဲ ရှင်လျက်နှင့် သေနေသော ဖုတ်ကောင်ကဲ့သို့ လမ်းလျှောက်နေသည်။ နတ်ဆိုးအိုကြီး ဘက်ခါ၏ စိတ်ထိခိုက်နေသော အမူအရာကို ကြည့်ရင်း ယဲ့ဖန်သည် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ငါတို့ ဘက်ခါရဲ့ စိတ်ဝိညာဉ်ကို ရှာတွေ့မှ ဖြစ်မယ်၊ မဟုတ်ရင် သူ တစ်သက်လုံး ဒီအတိုင်း နေသွားရလိမ့်မယ်”
ထို့နောက် ယဲ့ဖန်သည် နတ်ဆိုးရှစ်ကောင်အား စိုက်ကြည့်၍ ပြောလိုက်သည်။
“ကျွီရာက သူ မသေခင် ဘက်ခါရဲ့ စိတ်ဝိညာဉ် ဘယ်မှာရှိလဲဆိုတာ ပြောသေးလား”
ယဲ့ဖန်၏ စကားကို ကြားသည်နှင့် နတ်ဆိုးရှစ်ကောင်သည် ကပျာကယာနှင့် ကိုယ်ကိုရို့လိုက်ပြီး သူတို့ထဲက တစ်ယောက်က ပြန်ဖြေလိုက်သည်။
“သခင်ကြီး။ ကျွီရာက နတ်ဆိုးကပ္ပတိန်ရဲ့ စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ကနေ ခွဲထုတ်ပြီးတော့ သူ့ခန္ဓာကိုယ်ကို အလောင်းကောင်ကျွန် အဖြစ် မွမ်းမံခဲ့တယ်လို့ ပြောပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်ကိုတော့ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်မှာ ဈေးကြီးကြီးနဲ့ ရောင်းလိုက်တယ်လို့ ပြောပါတယ်”
*စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်*
ထိုနာမည်ကို ကြားသည်နှင့် ယဲ့ဖန် မျက်မှောင်ပိုကြုတ်သွားသည်။ လက်ခြောက်ချောင်း နတ်ဆိုးက ယဲ့ဖန်ကို ခပ်သွက်သွက် ရှင်းပြလိုက်သည်။
“စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ကို နဂါးငွေ့တန်း အင်ပါယာက မပိုင်ပါဘူး။ အဲ့ဒါက သီးခြားဂြိုဟ်တစ်ခုပါ။ အဲ့ဂြိုဟ်က အရမ်း ကြောက်ဖို့ကောင်းပါတယ်။ အဲ့ဂြိုဟ်မှာ သိုင်းပညာရှင်တွေ အများကြီး ရှိတယ်လို့ ပြောကြပါတယ်။ ကမ္ဘာခြားမုဆိုးတွေက အဲ့မှာ သူတို့ ရလာတဲ့ စိတ်ဝိညာဉ်တွေကို ပြန်ရောင်းကြတာပါ”
“ဂြိုဟ်ပေါ်မှာ စိတ်ဝိညာဉ် တိုက်ပွဲပြိုင်ကွင်းတွေ ရှိပါတယ်။ စိတ်ဝိညာဉ်တွေက အဲ့ပြိုင်ကွင်းထဲမှာ တစ်ခုနဲ့တစ်ခု ရက်ရက်စက်စက် တိုက်ခိုက်ကြရပါတယ်။ အင်အားအကြီးဆုံး စိတ်ဝိညာဉ်တွေသာ အသက်ရှင်ကျန်ရစ်တာပါ။ အဲ့ဒါကြောင့် အဲ့မှာရှိတဲ့ စိတ်ဝိညာဉ်တွေက အတော်လေး သန်မာကြပါတယ်။ အဲ့ဂြိုဟ်မှာ စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း ဘုရင်များစွာ ရှိပါတယ်”
လက်ခြောက်ချောင်း နတ်ဆိုး၏ စကားများကို နားထောင်ပြီးနောက် ယဲ့ဖန်နှင့် အခြားသူများအားလုံး ချက်ချင်း မျက်နှာထား တင်းမာလာကြသည်။
အကယ်၍ ဘက်ခါ၏ စိတ်ဝိညာဉ်သာ ထိုဂြိုဟ်၌ ရောင်းချခံလိုက်ရပါက သူ၏ စိတ်ဝိညာဉ်က အသက်ရှင်သေးသလား ဒါမှမဟုတ် သေသွားပြီလား ဆိုသည်ကို မည်သူမျှ သေချာမသိနိုင်ပေ။
ထိုအချိန်၌ ခြေသံများ ထွက်ပေါ်လာပြီးနောက် ဆာရိုဂြိုဟ်နယ်မြေ၏ လောကသခင် ဂရေးထူက ခြံဝန်းထဲသို့ ခပ်သွက်သွက် ပြေးလာသည်။
“နတ်ဆိုးဧကရာဇ် အရှင်မင်းမြတ်”
ယဲ့ဖန်နှင့် မျက်နှာချင်းဆိုင်လိုက်မိသည်နှင့် ဂရေးထူက ကိုယ်ကိုရို့လိုက်သည်။ ဤသည်ကို ကြည့်၍ ယဲ့ဖန်၏ မျက်လုံးများက တလက်လက် တောက်ပလာသည်။
ဂရေးထူသည် အရေးကြီးကိစ္စသာ မရှိပါက သူ့ကို မနှောင့်ယှက်ရဲသည်ကို သူ သိသည်။ ထို့ကြောင့် ယဲ့ဖန် သူ့ကို ချက်ချင်း စကားစလိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
“အရှင်မင်းမြတ် နဂါးငွေ့တန်း ဧကရာဇ်ရဲ့ ကိုးယောက်မြောက် တော်ဝင်သခင်က ဆာရိုဂြိုဟ်နယ်မြေကို ရောက်လာပါတယ်”
ထို့နောက် ဂရေးထူက တလေးတစားနှင့် ဆက်ပြောလိုက်သည်။
“ဒီကျွန်အိုကြီးက အရှင်မင်းမြတ်ကို ကိုးယောက်မြောက် တော်ဝင်သခင်ကို ကြိုဆိုတဲ့ ညနေခင်း စားသောက်ပွဲကို တက်ရောက်ပေးစေချင်ပါတယ်”
*ကိုးယောက်မြောက် တော်ဝင်သခင်*
ထိုအမည်နာမကို ကြားပြီး ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ကိုးယောက်မြောက် တော်ဝင်သခင်က နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးကို အုပ်ချုပ်သူ ဧကရာဇ်၏ ညီတော်မှန်း သူ သိသည်။
သို့သော် ဘာကြောင့် ဂရေးထူက ပွဲတက်ရန် ဖိတ်ရသနည်းဆိုတာကို သူ နားမလည်သေးပေ။
ဂရေးထူက ယဲ့ဖန် ဇဝေဇဝါ ဖြစ်သွားသည်ကို သတိထားမိပြီး ခပ်မြန်မြန် ရှင်းပြလိုက်သည်။
“အစတုန်းကတော့ ဒီကျွန်အိုကြီးက အရှင်မင်းမြတ်ရဲ့ ကျင့်ကြံခြင်းကို မနှောင့်ယှက်ရဲပါဘူး။ ဒါပေမယ့် ကိုးယောက်မြောက် တော်ဝင်သခင်ရဲ့ အလည်လာခြင်းက အရှင်မင်းမြတ်နဲ့ ပတ်သက်နေလို့ပါ”
ဂရေးထူက ယဲ့ဖန်ကို အချိန်ကြာကြာ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။
“သူက ကမ္ဘာဂြိုဟ်ကို လိုက်ရှာနေပါတယ်”
*ဘာ*
သူ့စကားအဆုံးတွင် ယဲ့ဖန်၏ မျက်နှာက မီးပွင့်မတတ် ဖြစ်လာသည်။
*ကမ္ဘာဂြိုဟ်*
ထိုနာမည်သည် စကြဝဠာထဲမှ သိုင်းပညာရှင်များအတွက် အလွန် ထူးဆန်းနေ၏။ ဆာရိုဂြိုဟ်နယ်မြေမှ သိုင်းပညာရှင်များသည် အလွန်ဆုံး နေအဖွဲ့အစည်းကိုသာ သိရှိကြသည်။ သူတို့ ကမ္ဘာဂြိုဟ်နှင့် ပတ်သက်၍ တစ်ခါမှ မကြားခဲ့ဖူးပေ။
ယခု ကိုးယောက်မြောက် တော်ဝင်သခင်က ‘ကမ္ဘာဂြိုဟ်’ အကြောင်း ပြောဆိုလာသဖြင့် ယဲ့ဖန်၏ ပျောက်ဆုံးနေသော မိတ်ဆွေများနှင့် ပတ်သက်၍ သူ သေချာပေါက် စုံစမ်းမေးမြန်းလို့ ရနိုင်လောက်သည်။
ထိုအခါတွင် ယဲ့ဖန် စိတ်လှုပ်ရှားလာသည်။
…
ဂရေးဂြိုဟ်သည် အမှောင်ထဲရောက်နေသည်မှာ နှစ်နဲ့ချီကြာခဲ့လေပြီ။ သို့သော် ဂြိုဟ်ပေါ်၌ အမှောင်ထု မရှိသော မြို့တစ်မြို့ ရှိသည်။
ထိုမြို့၏ ကြီးမားသော ခန်းမအတွင်း၌ လူများစွာတို့ဖြင့် ပြည့်နှက်လျက် ရှိသည်။
စားပွဲဝိုင်းများတွင် အထူးတလည် စီမံထားသော အကောင်းစားဝိုင်များနှင့်အတူ ထူးကဲသော သစ်သီးမျိုးစုံနှင့် ရှားပါးသားရဲများ၏ အသားများဖြင့် ချက်ပြုတ်ထားသော အရသာရှိသည့် အစားအသောက်များနှင့် ပြည့်နှက်နေသည်။
ယမကာများနှင့် ပန်းကန်တိုင်းတွင် ပြည့်နှက်နေသော အစားအသောက်များသည် အလွန် တန်ဖိုးကြီးလှသည်။ ဝိုင်တစ်ခွက်နှင့် အစားသောက်ပန်းကန်များသည် သိုင်းပညာရှင်တိုင်း၏ ပိုင်ဆိုင်မှုများထက် ပို၍ အဖိုးထိုက်တန်လှပေ၏။
ဂရေးကလန်၏ အင်အားစုများနှင့် ဂိုဏ်းသားများသည် ဆက်တိုက် ပျော်ရွှင်ရယ်မောနေကြပြီး ယမကာများ သောက်လျက် ရှိနေကြသည်။ ထို့ကြောင့် ခန်းမထဲမှ လေထုသည် တက်ကြွလန်းဆန်းလျက် ရှိသည်။
သို့သော် လူများစွာသည် ဂရေးကလန်၏ ဘိုးဘေးဖြစ်သူ ဂရေးထူနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်တို့ ဂရုတစိုက် စကားပြောဆိုနေသော အခန်းထောင့် တစ်နေရာသို့ မရည်ရွယ်ဘဲ လှမ်းလှမ်းကြည့်မိကြပြီး သခင်ကြီး အစစ်က ဂရေးထူ မဟုတ်ဘဲ အနက်ရောင်ဝတ်စုံနှင့် လူငယ်သာ ဖြစ်သည်ဟု ထင်နေမိကြသည်။
ကျွီ!
ထိုစဉ် ခန်းမတံခါး ပွင့်လာပြီး လူတစ်စု ဝင်ရောက်လာသည်။ ရှေ့ဆုံးမှလူသည် အသက်သုံးဆယ် အရွယ်ရှိပြီး ဆံပင်ရွှေအိုရောင်ရှိ၍ မုတ်ဆိတ်မွှေး ရိတ်ထားသောကြောင့် ဧကရာဇ်တစ်ပါးကဲ့သို့ ခံ့ညားထည်ဝါနေကာ အံ့ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်လျက် ရှိသည်။
သူ့နောက်မှ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အစိမ်းရောင် အသားအရေနှင့် အဘိုးအို တစ်ယောက် လိုက်ပါလာသည်။ ထိုအနက်ရောင်ဝတ်စုံနှင့် အဘိုးအို၏ အနောက်မှ နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် လေးယောက် ထပ်မံ၍ လိုက်ပါလာသည်။
ထိုအသက်သုံးဆယ်အရွယ် အမျိုးသားကို မြင်သည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထို့နောက်တွင်မူ ဂရေးထူနှင့် အခြား ဂရေးကလန်သားများအားလုံး ကြမ်းပြင်ပေါ် ဝပ်တွား၍ ရိုသေသမှုဖြင့် ကျယ်လောင်စွာ နှုတ်ဆက်လာကြသည်။
“ကိုးယောက်မြောက် တော်ဝင်သခင်ကို အရိုအသေပေးပါတယ်”
သူတို့၏ အပြုအမူကို ကြည့်ပြီး အသက်သုံးဆယ်အရွယ် အမျိုးသားက ကျေနပ်သွားသလို ခေါင်းညိတ်လိုက်သည်။
နဂါးငွေ့တန်း အင်ပါယာ၏ ကိုးယောက်မြောက် တော်ဝင်သခင်ဖြစ်သော သူသည် ဤကဲ့သို့ အထူးတလည် အလေးထားခံရသင့်ပေသည်။
သို့သော် ထိုအချိန်တွင် ထောင့်နားမှ လူငယ်တစ်ယောက်က သူ့ကို လုံးဝ လေးစားခြင်းမရှိဘဲ အေးအေးဆေးဆေး ထိုင်၍ ဝိုင်ကို ဖြည်းဖြည်းချင်း သောက်နေသည်ကို ကိုးယောက်မြောက် တော်ဝင်သခင် သတိထားမိသွားသည်။
*ဟမ်*
ဤသည်ကို ကြည့်ပြီး ကိုးယောက်မြောက် တော်ဝင်သခင် ပီယား ချက်ချင်း မျက်မှောင်ကြုတ် သွားသည်။ တစ်စုံတစ်ယောက်က တော်ဝင်သခင် သို့မဟုတ် တော်ဝင်မျိုးနွယ်အား မရိုမသေပြုခြင်းကို ယခုမှ သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
*သူက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ*
“အတင့်ရဲလိုက်တာ”
ပီယားက ချက်ချင်း အော်ဟစ်လိုက်သဖြင့် ဂရေးကလန်သားများအားလုံး ကြောက်လန့်သွားသည်။
“ကိုးယောက်မြောက် တော်ဝင်သခင် ဘာများဖြစ်လို့ပါလဲ”
ဂရေးကလန်၏ ဘိုးဘေး ဇဝေဇဝါ ဖြစ်သွားသည်။ ကိုးယောက်မြောက် တော်ဝင်သခင်က ခန်းမထဲ ဝင်လာလာချင်းမှာပဲ ဒေါသတကြီး ပြုမူလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
“ဘာဖြစ်လို့လဲ ဟုတ်လား”
ပီယားက အေးစက်ခက်ထန်သော မျက်လုံးများဖြင့် ပြန်မေးလိုက်ပြီး ရုတ်တရက် ထောင့်နားမှ ယဲ့ဖန်အား လက်ညှိုးထိုးကာ မေးလိုက်သည်။
“ဂရေးထူ မင်းက တော်တော် အတင့်ရဲတာပဲ။ မင်းရဲ့ကလန်သားတွေက တော်ဝင်မျိုးနွယ်ကို မရိုမသေလုပ်ရဲတယ်လား။ မင်း ဘာအမှားလုပ်မိသလဲဆိုတာ မင်း နားလည်ပြီလား”
ပီယား၏ စကားကြောင့် ဂရေးထူ တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူ မချိပြုံးပြုံးလိုက်မိသည်။ ယခုအချိန်၌ ပီယားက သေမင်းကို ရန်စနေမှန်း သူ ရိပ်မိလိုက်သည်။ သူက ဘယ်လိုလုပ်ပြီး သူ့ကို အရိုအသေပေးဖို့ နတ်ဆိုးဧကရာဇ်ကို ပြောရဲရတာပါလိမ့်။
*မင်း ငါ့ကို လာနောက်နေတာလား*
ဂရေးထူ၏ မျက်လုံးများက တောက်ပလာပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“တောင်းပန်ပါတယ် ကိုးယောက်မြောက် တော်ဝင်သခင်ခင်ဗျား။ အဲ့အရှင်က ဂရေးကလန်သား တစ်ယောက် မဟုတ်ပါဘူး။ ပြီးတော့ နဂါးငွေ့တန်း အင်ပါယာသား တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါကြောင့် သူက တော်ဝင်သခင်ကို အရိုအသေမပေးတာပါ”
“စိတ်ကိုလျော့ပါ ကိုးယောက်မြောက် တော်ဝင်သခင်ခင်ဗျား”
*အာ*
ဂရေးထူ၏ စကားကြောင့် ပီယားသည် ထိတ်လန့်သွားကာ ဂရေးထူက ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်ကို အရှင်ဟု ခေါ်ဝေါ်လိမ့်မည်ဟု သူ ထင်မထားမိခဲ့ချေ။
ပို၍ အံ့ဩစရာကောင်းသည်က သူသည် ဂရေးကလန်သားလည်း မဟုတ်သလို နဂါးငွေ့တန်း အင်ပါယာမှ လူလည်း မဟုတ်ပေ။
*ဒါဆို သူက ဘယ်သူလဲ*
ပီယားက ထိုလူငယ်၏ နောက်ခံကို သိချင်လှသည်။ ထိုစဉ် အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုက ချောင်းဟမ့်လိုက်သဖြင့် ပီယား သူမေးချင်သည့်အကြောင်းအရာကို မျိုသိပ်လိုက်ရသည်။
“အဟမ်း”
ပီယား ချောင်းဟမ့်လိုက်သည်။ ထို့နောက် ထိုလူငယ်ကို လျစ်လျူရှု၍ သူ့ထိုင်ခုံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
“အင်း … ဂရေးထူ ကျုပ်က ဒီကို ဧကရာဇ်ရဲ့ အမိန့်ကြောင့် ရောက်လာရတာပဲ”
*ဘာ*
ပီယား၏ ပွင့်လင်းသော စကားကြောင့် ဂရေးထူ ချက်ချင်း ထိတ်လန့်သွားရသည်။ နဂါးငွေ့တန်း အင်ပါယာကို အုပ်ချုပ်သူ ဧကရာဇ်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ဂရေးထူ သိထားသည်။
ယခု သူက ကိုးယောက်မြောက် တော်ဝင်သခင်ကို အမိန့်လွှဲအပ်ရန် စေလွှတ်လိုက်သည် ဆိုမှတော့ ဒါက အရေးကြီးသော ကိစ္စ ဖြစ်ရပေမည်။
“အရှင်မင်းမြတ်ရဲ့ အမိန့်က ဘာများလဲဆိုတာ ကျွန်တော်မျိုး သိချင်မိပါတယ်”
ဂရေးထူက ပီယားအား သေချာ မေးမြန်းလိုက်သည်။ ယခုအချိန်တွင် ယဲ့ဖန်အပါအဝင် ခန်းမထဲမှ လူတိုင်းက ပီယားအား သိချင်စိတ်ဖြင့် ဝိုင်းကြည့်နေကြသည်။
သို့သော် ပီယား၏ စကားကို ကြားလိုက်ရချိန်တွင် လူတိုင်း ထိတ်လန့်သွားကြသည်။
“အရှင်မင်းမြတ်က ဆာရိုဂြိုဟ်နယ်မြေက သိုင်းပညာရှင်အားလုံးကို စုစည်းခိုင်းလိုက်တယ်”
“ပြီးတော့ နေအဖွဲ့အစည်းဆီကို ချီတက်ပြီးတော့ ကမ္ဘာဂြိုဟ်ကို ရှာပြီး ဖျက်ဆီးဖို့ စေခိုင်းလိုက်တယ်”