ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် (32) Chapter (470) ကောင်းကင်ဘုံဓား၏ ပြောင်းလဲမှု
ပြောစရာစကား မရှိလောက်အောင်ကို တိတ်ဆိတ်နေကြသည်။
ကျားလန်၏ C အဆင့် စစ်သင်္ဘောက E အဆင့် စစ်သင်္ဘောကြောင့် ပျက်ဆီးသွားသည်ကိုမြင်ပြီး ဂြိုဟ်များကြားရှိ စစ်သင်္ဘောပေါ်မှ သိုင်းပညာရှင်များ ငေးငိုင်သွားကြလေသည်။
“ဘယ်လိုလုပ် …E အဆင့် စစ်သင်္ဘောက C အဆင့် စစ်သင်္ဘောကို ဖျက်ဆီးနိုင်တာလဲ၊ ငါ … ငါ အိပ်မက်မက်နေတာများလား”
“မြတ်စွာဘုရား … အံ့ဩဖို့ကောင်းလိုက်တာ၊ E အဆင့် စစ်သင်္ဘောရဲ့ အကာအကွယ် စွမ်းအင်က B အဆင့် စစ်သင်္ဘောတွေနဲ့ သေချာပေါက် ယှဉ်နိုင်တာပဲ”
“အကာအကွယ် မှော်စာလုံးပါလား၊ မြတ်စွာဘုရား … အဲ့ဒီစစ်သင်္ဘောမှာ မှော်စာလုံးတွေ ပြည့်နေတာပဲ”
“…”
ချက်ချင်းဆိုသလိုပင် ဂြိုဟ်များကြားရှိ စစ်သင်္ဘောများမှ သိုင်းပညာများကြား၌ ပွက်လောရိုက် သွားလေသည်။
အကာအကွယ် မှော်စာလုံး။
ထိုမှော်စာလုံးများသည် ထိပ်တန်း စစ်သင်္ဘောပညာရှင်တစ်ယောက်သာ ထွင်းထုနိုင်သည့် မှော်စာလုံး ဖြစ်သည်။ ထိပ်တန်း စစ်သင်္ဘောပညာရှင် ထွင်းထုသည့် မှော်စာလုံးတိုင်းသည် တစ်နှစ်ပတ်လုံး အသက်ဝင်လေသည်။
ထိုစစ်သင်္ဘော၏ တန်ဖိုးသည် D အဆင့် စစ်သင်္ဘောထက်တောင်မှ ပို၍ တန်ဖိုးကြီးလေသည်။
ထိုသို့သောအချိန်၌ သာမန် E အဆင့် စစ်သင်္ဘောသည် သာမန်မျှမဟုတ်တော့ဘဲ မှော်စာလုံးများနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ မှော်စာလုံး တစ်ရာနီးပါးလောက် ရှိပုံရသည်။
ဤတန်ဖိုးနှင့်ဆိုလျင် A အဆင့် စစ်သင်္ဘောတစ်စီးကိုပင် ဝယ်နိုင်နေပြီဖြစ်သည်။
“ရူးလိုက်တာ၊ ဘယ်အရူးက E အဆင့် စစ်သင်္ဘောမှာ မှော်စာလုံးတွေ ထွင်းထုတာလဲ၊ ဒါ သဘာဝ သယံဇာတတွေကို လက်လွတ်စပယ် သုံးဖြုန်းတာပဲ”
“အားကိုးရှိမယ့်ပုံပဲ၊ ဒီကောင်လေးက နတ်ဘုရား ဆရာသခင်အဆင့်ပဲ ရှိသေးတာ။ ဒီစစ်သင်္ဘောပေါ်က မှော်စာလုံးတွေက ဘယ်က လာတာလဲတော့ ငါ မသိဘူး”
“အကာအကွယ် မှော်စာလုံးတွေ ရာနဲ့ချီပြီး ရှိနေတာပါလား။ အဲ့သလို ထွင်းထုနိုင်တဲ့ စစ်သင်္ဘော ပညာရှင်မျိုး နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးမှာ မရှိဘူး”
“…”
ထိုသို့သောအချိန်၌ သိုင်းပညာရှင်အားလုံးသည် ယဲ့ဖန်အား မနာလိုဝန်တို၍ အားကျနေကြသည်။
ဤသို့သော စစ်သင်္ဘောနှင့်ဆိုလျင် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်တောင်မှ ဖျက်ဆီးနိုင်မည် မဟုတ်ပါ။
ဤသည်မှာ အသက်ကယ် ရတနာတစ်ခုပဲ ဖြစ်သည်။
ယဲ့ဖန်သည် ဘေးပတ်လည်မှလူများ၏ ထိတ်လန့်မှုကို မရေးမစိုက်ချေ။ သူသည် အခြားသူများ၏ အံ့အားသင့်မှုကို ကျင့်သားရနေသလို ဖြစ်နေ၏။
ထို့နောက် သူသည် စစ်သင်္ဘောကို ထိန်းချုပ်၍ နတ်မိမယ်ဂြိုဟ်သို့ ဦးတည်ကာ မောင်းနှင် လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကျယ်ပြောသော စကြဝဠာအတွင်း၌ ပျောက်ကွယ်သွား လေတော့သည်။
ယဲ့ဖန် ထွက်သွားသည်နှင့် C အဆင့် စစ်သင်္ဘောထံမှ ကောင်းကင်မီးက ချက်ချင်း တောက်လောင် လာသည်။
ကြောက်မက်ဖွယ်ကောင်းသော လူများ တစ်ယောက်ပြီးတစ်ယောက် ရှက်ကိုးရှက်ကန်းဖြင့် ထွက်လာကြသည်။ ထိုသူတို့သည် မင်းသား ကျားလန်နှင့် အခြားသူများ ဖြစ်ကြလေသည်။
သို့သော် ယခုအချိန်တွင် မင်းသား ကျားလန်သည် ယခင်ကနှင့် ထက်ဝက်လောက်သာ တော်ဝင်ဆန်သော အရှိန်အဝါ ရှိနေသည်။
သူသည် တစ်ကိုယ်လုံး စုတ်ပြတ်၍ ဖုန်မှုန့်များနှင့် ပေကျံနေသည်။ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း၌ နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ယောက်က သူ့အား အသေခံ၍ မကာကွယ်ပေးပါက သူ အသားကင် ဖြစ်နေလောက်ပြီ ဖြစ်သည်။
သို့သော်ငြားလည်း သူ ခေါ်လာခဲ့သည့် လူများထဲမှ နတ်ဧကရာဇ်အဆင့် လေးယောက် ပေါက်ကွဲ၍ သေဆုံးသွားလေသည်။ ဤသည်က ကျားလန်မင်းသားအား ဒေါသထွက်သွားစေသည်။
“သောက်ခွေးမသား၊ မင်း ဒီအတွက် ပြန်ပေးဆပ်ရမယ်”
မင်းသား ကျားလန်သည် မျက်နှာပြာနှမ်း၍နေ၏။ ကျားလန် အင်ပါယာ၏ အိမ်ရှေ့စံမင်းသား ဖြစ်သောသူသည် မွေးကတည်းက သူ့အထက်၌ လူတစ်ယောက်သာ ရှိခဲ့ပြီး ထောင်သောင်းချီသော လူများက သူ့ကို နာခံခဲ့ရသည်။
ဤသို့ မရှုမလှ ရှုံးရခြင်းသည် သူ့ဘဝ၌ ပထမဆုံးအကြိမ်သာ ဖြစ်သည်။ မင်းသား ကျားလန်၏ မျက်နှာပေါ်မှ အမုန်းတရားကိုမြင်ပြီး သူ့ဘေးမှ အသက်ရှင် ကျန်ရစ်သော နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်နှစ်ယောက်လုံး ခြောက်ခြားသွားကြပြီး အသည်းအသန် အကြံပေးလိုက်သည်။
“မင်းသား၊ အဲ့လူရဲ့ စစ်သင်္ဘောမှာ မှော်စာလုံးတွေ တစ်ရာလောက် ရှိနေတာ။ အဲ့လူက ရင်ဆိုင်ဖို့ မလွယ်ဘူးနော်”
*ရင်ဆိုင်ရမလွယ်ဘူး ဟုတ်လား*
ထိုစကားကြောင့် မင်းသား ကျားလန်က အထင်သေးသလို ပြုံးလိုက်သည်။
“နတ်ဘုရား ဆရာသခင် အဆင့်လေးပဲကို၊ ရင်ဆိုင်ရ မလွယ်ဘဲ နေမလား”
“အဲ့ဒီစစ်သင်္ဘောက သူ အပျက်အစီးတွေထဲမှ ရလာတာပဲ ဖြစ်မယ်၊ အဲ့ဒီ စစ်သင်္ဘောကြောင့်သာ မဟုတ်ရင် သူ သေတာ ကြာနေလောက်ပြီ”
ထိုသို့ပြောပြီးနောက် မင်းသား ကျားလန်၏ မျက်နှာထက်၌ လောဘနှင့် လူသတ်လိုဟန်များ ပေါ်လွင်လာသည်။
“သူ့စစ်သင်္ဘောကို ငါ ရကိုရမှ ဖြစ်မယ်၊ သူ့လူတွေလည်း သေကိုသေရမယ်”
“ဒီနေရာက ကျားလန် အင်ပါယာပဲ၊ ငါ့ကျားလန် အင်ပါယာရဲ့ နယ်မြေ”
ထိုသို့ပြောပြီး မင်းသား ကျားလန်၏ မျက်လုံးများသည် ဘေးနားရှိ ကမ္ဘာခြား စစ်သင်္ဘော တစ်စီးစီ အကြည့်ရောက်သွားသည်။
သူ့လူများကို ဦးဆောင်၍ ရုတ်တရက် D အဆင့် စစ်သင်္ဘောထံသို့ ရုတ်တရက် ပြေးဝင်သွားသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထိုစစ်သင်္ဘောသည် ချက်ချင်းဆိုသလို ပျက်စီးလုနီးပါး ဖြစ်သွားလေသည်။ ငယ်သံပါအောင် အော်ဟစ်သံ ထွက်ပေါ်လာပြီး ထိုစစ်သင်္ဘောပေါ်မှ သိုင်းပညာရှင်များ အသတ်ခံလိုက် ရလေသည်။
စစ်သင်္ဘောကို လုယူနိုင်ပြီးနောက် မင်းသားကျားလန်သည် သူ၏လူများကို ဦးဆောင်၍ နတ်မိမယ်ဂြိုဟ်သို့ ပြန်၍ ဦးတည်လိုက်သည်။
…
နတ်မိမယ်ဂြိုဟ်။
ယဲ့ဖန်သည် ဂြိုဟ်ပေါ်သို့ ဆင်းသက်လာပြီးနောက် မြေပုံအရ ရတနာတည်ရှိရာကို တွေ့ရှိပြီးနောက် သူ မမှင်တက်ဘဲ မနေနိုင် ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ရတနာသိုက်၏ ဝင်ပေါက်သည် နတ်မိမယ်ဂြိုဟ်၏ ပင်မအိမ် ဖြစ်နေသောကြောင့်ပင်။
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ငယ်ရွယ်သော ပါရမီရှင်များသည် အစိုးရဌာနထဲသို့ ဝင်သွားသည်ကို သူ တွေ့လိုက်ရသည်။
ထိုလူများအားလုံးသည် လူသစ်စုဆောင်းမှု ညီလာခံသို့ တက်ရောက်ရန် လာကြမှန်း သိသာလှသည်။
“လူကြီးမင်း၊ ခင်ဗျားလည်း ညီလာခံကို လာတာလားဗျ”
ယဲ့ဖန် ငေးငိုင်နေစဉ် ဂြိုဟ်သခင်၏ အိမ်တော်မှ အုပ်ချုပ်ရေးမှူးတစ်ယောက် ယဲ့ဖန်ကို မေးလာသည်။
ထိုအုပ်ချုပ်ရေးက ယဲ့ဖန်ကို ခေါင်းစခြေဆုံး ကြည့်လာသည်။ တစ်ဖက်လူက နတ်ဘုရား ဆရာသခင်အဆင့်သာ ရှိသည်ကို သတိထားမိပြီးနောက် သူ၏ မျက်လုံး၌ အထင်သေးဟန်များ ထင်ဟပ်လာသည်။
သို့သော် သူသည် နွေးထွေးစွာ ပြုံးပြလိုက်သည်။ သူ့စကားကြောင့် ယဲ့ဖန်က မျက်တောင်တစ်ချက် ခပ်၍ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ၊ ကျုပ်နောက် လိုက်ခဲ့ပေးပါ”
လက်ရှိတွင် ထိုအုပ်ချုပ်ရေးမှူးက ဦးဆောင်၍ ယဲ့ဖန်အား နတ်မိမယ်အိမ်တော်ထဲသို့ ခေါ်သွားလေသည်။ အိမ်တော်သည် အလွန် ကြီးမားလှသည်။
နောက်ဖေး ဉယျာဉ်တော်၌ ဂြိုဟ် ကျောက်သားစားပွဲများနှင့် ခုံများ ခင်းကျင်းထားပြီး ပါရမီရှင် လူငယ်များသည် သုံးယောက် သို့မဟုတ် လေးယောက်တစ်ဖွဲ့အဖြစ် အတူတူ ထိုင်နေကြသည်။
အုပ်ချုပ်ရေးမှူးသည် ယဲ့ဖန်အား အစွန်အဖျားကျသော ထောင့်တစ်နေရာသို့ ခေါ်လာပြီး သူ့ကို လျစ်လျူရှုလေတော့သည်။ သူ့မျက်လုံးထဲတွင် နတ်ဘုရား ဆရာသခင်အဆင့်များသည် ဟာသတစ်ခုသာ ဖြစ်၍ အာရုံစိုက်ရန် မထိုက်တန်ဟု သတ်မှတ်ထားလေသည်။
သို့သော် ယဲ့ဖန်က သူ့ကို အရေးမစိုက်ချေ။ သူသည် ရတနာကိုသာ အာရုံစိုက်သည်။ ထို့နောက် နတ်ဘုရား စိတ်ဝိညာဉ်ကို မသိမသာ ဖြန့်ကျက်၍ ဂြိုဟ်သခင်၏ အိမ်တော်တစ်ခုလုံးကို လေ့လာလိုက်သည်။
ထိုစဉ် ယဲ့ဖန်၏အမူအယာ ပြောင်းလဲသွားလေသည်။ သူသည် ရတနာရှိရာသို့ ဝင်ပေါက်အား တွေ့ရှိသွားသည်။ ထိုဝင်ပေါက်သည် သီးသန့် အခန်းငယ်တစ်ခန်း ဖြစ်နေလေသည်။
ထိုသီးသန့် အခန်းငယ်ထဲ၌ ဝင်ပေါက် ရှိနေသည်။ ထိုသည်သာမကသေးချေ၊ ထိုအခန်းငယ် ပတ်လည်၌ ရှေးဟောင်း အကာအရံများ အလွှာများစွာ ရှိနေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
ယဲ့ဖန်က နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် အထဲသို့ ဖောက်ဝင်ချင်လျင်တောင်မှ မဖြစ်နိုင်ချေ။ ထို့အပြင် သူသည် ထိုရှေးဟောင်း အကာအရံများကြောင့် အပြင်းအထန် ထိခိုက်၍ တားမြစ်ခံရနိုင်သည်။
“နတ်မိမယ်မှာ အဲ့ဒီ သေစေနိုင်တဲ့ အကာအရံကို ဖြိုဖျက်စေနိုင်တဲ့ သော့ချက်တစ်ခု ရှိမယ့်ပုံပဲ”
ယဲ့ဖန် မျက်ခုံးပင့်လိုက်မိသည်။ ရုတ်တရက် သူ့အင်္ကျီလက်ထဲမှ ကောင်းကင်ဘုံ ဓားလက်ကိုင်က အရူးအမူး တုန်ခါလာသည်။
ဂြိုဟ်သခင်၏ အိမ်တော်ထဲ၌ ၎င်း အသည်းအသန် တောင့်တနေသည့် အရာတစ်ခု ရှိနေသည်ဟု ထင်မှတ်ရလေသည်။
*ဟမ်*
ယဲ့ဖန် မသိမသာ မျက်နှာပျက်သွားသည်။ ဤကောင်းကင်ဘုံ ဓားလက်ကိုင်အား ပုရွက်ဆိတ် အသိုက်ထဲမှ သူ ရရှိခဲ့ချိန်မှစ၍ ဓားလက်ကိုင်သည် ယခုမှ ပထမဆုံးအကြိမ် တုံ့ပြန်လှုပ်ရှား လာခြင်း ဖြစ်သည်။
အကယ်၍ ထိုရတနာကို လက်ဝယ်ရရှိလာပါက ဤဆန်းကြယ်သော ကောင်းကင်ဘုံ ဓားလက်ကိုင်၏ အစွမ်းအား ထင်မှတ်မထားနိုင်လောက်အောင် တိုးတက်လာလိမ့်မည်ဟု ယဲ့ဖန် ခံစားမိနေသည်။
“အဲ့ဒါကို ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် ရအောင်လုပ်မှရမယ့်ပုံပဲ”
ယဲ့ဖန်၏ မျက်လုံးများ လင်းလက်လာပြီးနောက် နတ်မိမယ်၏ အကာအရံကို ချိုးဖောက်နိုင်မည့် သော့အား မည်သို့ရအောင် လုပ်ရမလဲဟု သူ တွေးနေမိသည်။
ထိုစဉ် သူ့ဘေးရှိ စားပွဲဝိုင်းမှ စကားသံများ ပျံ့လွင့်လာသည်။
“ခရမ်းပြာ နတ်မိမယ်က နှစ်ထောင်နဲ့ချီပြီး ကျင့်ကြံခဲ့တာ ဒါပေမဲ့ ငါတို့ နတ်မိမယ်ဂြိုဟ်ရဲ့ နတ်မိမယ်လေးက ကျားလန်အင်ပါယာရဲ့ ပထမဆုံးသော ဧကရီပဲ။ ဘယ်လောက်များတဲ့ ပါရမီရှင်တွေ သူ့ကို လိုက်ပိုးပန်းပြီးတော့ အငြင်းခံရသလဲတောင် ငါ မသိတော့ဘူး”
“ဒီတစ်ခေါက် သူ့ဖခင်ဖြစ်တဲ့ ခရမ်းပြာ ဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး သူ့အတွက် သားမက်လောင်း ရွေးချယ်ချင်တာလို့ ပြောကြတယ်”
“ဒီတစ်ခေါက် လူသစ် စုဝေးခန့်အပ်ပွဲရဲ့ ချန်ပီယံက မိန်းမလှလေးတစ်ယောက်ကို ထွေးပွေ့နိုင်ရုံ တင်မကဘဲ ခရမ်းပြာ ဧကရီရဲ့ အမွေအနှစ်ကို မြင်တွေ့ခွင့်ရဖို့အတွက် သီးသန့်အခန်းငယ်ထဲ ဝင်ခွင့်ရမယ်လို့ ပြောကြတယ်”
*ဟမ်*
*သီးသန့်အခန်းငယ်ထဲ ဝင်ခွင့်ရမယ် ဟုတ်လား*
ထိုစကားများကို ကြားပြီးနောက် ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးလာသည်။
ထိုစဉ် ပါရမီရှင် လူငယ်တစ်စုက အပြင်မှနေ၍ အသည်းအသန် ဝင်လာကြသည်။ သူတို့သည် အလွန် ကြောက်လန့်ဖွယ်ကောင်းသော တစ်စုံတစ်ရာ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပုံ ပေါ်သည်။
ထိုစဉ် လူငယ်တစ်ယောက်က ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်များကို ဦးဆောင်၍ ဂြိုဟ်သခင်၏ အိမ်တော်ထဲသို့ ဝင်လာလေသည်။ ထိုအခါတွင် အိမ်တော်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
ထိုသူသည်ကား မင်းသား ကျားလန်ပင်။