Chapter 445

867 97 0
                                    


ရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 30 Chapter (445) ဝိညာဉ်စား ပုရွက်ဆိတ်များ၏ တိုးတက်လာမှု

ဒေါက်!
ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ ဦးခေါင်းက မြေကြီးပေါ် ပြုတ်ကျလာချိန်တွင် ပုရွက်ဆိတ်အသိုက်တစ်ခုလုံး သုသာန်အလား တိတ်ဆိတ်လို့သွားသည်။
ထိတ်လန့်၍ နေ၏။ ဘေးပတ်လည်မှ ကြည့်နေကြသော ထောင်သောင်းချီသည့် ဝိညာဉ်စား ပုရွက်ဆိတ်များအားလုံး ထိတ်လန့်၍ နေကြသည်။
ထိုဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် သူမ နိုးထလာပြီးသည်နှင့် ပုရွက်ဆိတ်အသိုက်ကို စိုးမိုးခဲ့သည်။ သူမသည် အလွန် ကြမ်းကြုတ်၍ ရက်စက်လွန်းသည်။
သူမ၏ စွမ်းအားကို ပြန်လည်ရရှိရန် သူမသည် ထောင်ချီသော ဝိညာဉ်စား ပုရွက်ဆိတ်များကိုတောင်မှ သတ်ဖြတ်ခဲ့ပြီး အစိမ်းလိုက် ဝါးစားခဲ့သည်။
ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ စိတ်ထဲတွင် ပုရွက်ဆိတ်မိခင်သည် အစဉ် လေးစား လိုက်နာအပ်သောသူ ဖြစ်ပြီး မစော်ကားအပ်သောသူ ဖြစ်သည်ဟု တွေးထင်ထားကြသည်။
သို့သော် ယခုအခါတွင် မိစ္ဆာကဲ့သို့သော တည်ရှိမှုအား ပုရွက်ဆိတ်လေးက ခေါင်းဖြတ်သတ်လိုက်သဖြင့် ထောင်သောင်းချီသော ပုရွက်ဆိတ်များ မယုံနိုင်လောက်အောင် အံ့အားသင့်နေကြသည်။
ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ အလောင်းက မြေကြီးပေါ်သို့ ပြုတ်ကျလာလေသည်။ သူမ၏ မျက်လုံးထဲ၌ အဆုံးမရှိနိုင်သော ကြောက်စိတ်များ၊ ထိတ်လန့်စိတ်များနှင့် ပြည့်နှက်နေ၏။
သေသွားသည့်အချိန်မှာတောင်မှ ပုရွက်ဆိတ်လေး၏ သတ်ဖြတ်ခြင်း ခံရသည်ကို မယုံနိုင်သေးပုံရသည်။
ပုရွက်ဆိတ်လေးသည် တကယ့် ဘုရင်တစ်ပါးလိုပင်။ တစ်ကိုယ်လုံး သွေးများနှင့် ရွှဲနစ်နေပြီး တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေကာ ယခုလေးတင် စစ်နိုင်လာသော ဘုရင်တစ်ပါးကဲ့သို့ ထောင်သောင်းချီသည့် ပုရွက်ဆိတ်များထံသို့ လျှောက်လှမ်းသွားသည်။
ရူးသွပ်ဖွယ်ကောင်းသော အရှိန်အဝါက ထောင်သောင်းချီသော ပုရွက်ဆိတ်များကို ထိတ်လန့်စေသည်။
လွန်ခဲ့သော နှစ်များထက်တောင်မှ ပို၍ ကြောက်လန့်ဖွယ်ကောင်းနေပြီး ပုရွက်လေးကို ကြည့်နေသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အကြည့်တွင် လေးစားအံ့ဩစိတ်များနှင့် ပြည့်နှက်နေ၏။
ကျွိ! ကျွိ!
ပုရွက်ဆိတ်လေးသည် အစွယ်များကို လှစ်ဟာပြ၍ ထောင်သောင်းချီသော ပုရွက်ဆိတ်များရှေ့၌ ကြွေးကြော်နေပုံရသည်။
ပုရွက်ဆိတ်လေး၏ ကြွေးကြော်သံကို နားထောင်ပြီးနောက် ထောင်သောင်းချီသော ပုရွက်ဆိတ်များက ယဲ့ဖန်ကို ချီတုံချတုံနှင့် ကြည့်လာကြသည်။
နောက်ဆုံးတွင် သားလောင်းအရွယ် အင်အားအကြီးဆုံး ဝိညာဉ်စား ပုရွက်ဆိတ်များသည် မြေကြီးပေါ် ဒူးထောက် ဝပ်တွားလာသည်။
ထို့နောက်တွင်မူ ပုရွက်ဆိတ်အသိုက်ထဲရှိ ထောင်သောင်းချီသော ပုရွက်ဆိတ်များအားလုံး မြေကြီးပေါ် ဒူးထောက်လာသည်။
အံ့မခန်းဖွယ်ရာ ကောင်းလှပါပေ၏။
ဤမြင်ကွင်းအရဆိုလျင် ပုရွက်ဆိတ်အသိုက်ထဲမှ ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးက အလွန်အမင်း လေးစားကြည်ညိုဟန်နှင့် သူတို့၏ ဘုရင်ကို ဒူးထောက်နေသည့်ဟန်နှင့် ဆင်တူနေသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
အစောပိုင်းက ကောင်းကင်ခွင်းခေါင်းလောင်းကို မကြာခဏ သုံးခဲ့ရသောကြောင့် သူ၏ စိတ်ဝိညာဉ်က အတော်လေး ထိခိုက်နေသည်။
အကယ်၍ ပုရွက်ဆိတ်လေးသာ ဤဝိညာဉ်စား ပုရွက်ဆိတ်များကို အညံ့ခံအောင် မလုပ်နိုင်ခဲ့ပါက သူသည် အတိတ်က ပုံစံအတိုင်း ဤချောက်ကမ်းပါးထဲ၌ ပိတ်မိနေဦးမှာ ဖြစ်လေသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် အကြံတစ်ခု ရလာပြီး ထိုအကြံကို အကောင်အထည် ဖော်လိုက်သည်။
ထောင်သောင်းချီသော ပုရွက်ဆိတ်များက ဒူးထောက်ရာမှ ပြန်ထ၍ လေထဲ ဝဲပျံလာကြသည်။ ထိုပုံစံက တိမ်မည်းတိမ်စိုင်များနှင့် သဏ္ဌာန်တူလှပေသည်။
“ပုရွက်ဆိတ်မိခင်ကို စားပြီးနောက် နောက်တစ်ခါ ဆင့်ကဲပြောင်းလဲကြတော့”
ဝီ! ဝီ! ဝီ!
ယဲ့ဖန်၏ စကားအဆုံး၌ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက ပုရွက်ဆိတ်မိခင်၏ အလောင်းထံသို့ အရူးအမူး ပျံသန်းဝင်ရောက်သွားကြသည်။
ဂျွတ်! ဂျွတ်!
ပုရွက်ဆိတ်အသိုက်ထဲ၌ ကိုက်ဖြတ်စားသောက်သံများသာ ပဲ့တင်ထပ်နေသည်။ ပုရွက်ဆိတ်မိခင်၏ အလောင်းမှ အသားနှင့် သွေးများသည် စုပ်ယူစားသောက်ချင်း ခံနေရသည်။
၎င်းသည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်ဖြစ်သောကြောင့် ၎င်း၏ကိုယ်တွင်း၌ စွမ်းအင်များက အလွန်အမင်း ပေါကြွယ်ဝသည်။
၎င်းကိုယ်ထဲ၌ ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အကြိုက်ဆုံး အရာဖြစ်သည့် သွေးအဆိပ်ပါ ပါဝင်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ ခန္ဓာကိုယ်တစ်ခုလုံး ဝါးမျိုခြင်း ခံလိုက်ရလေသည်။
စားသောက်ပြီးနောက် ထိုထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ လက်သည်းများက ချွန်ထက်လှပြီး တောက်ပလာသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ လက်သည်းထိပ်၌ အစိမ်းရောင် သန်းနေသည်ကိုလည်း တွေ့လိုက်ရလေသည်။
ထိုအရာက သွေးအဆိပ်မှန်း ယဲ့ဖန် သိလိုက်သည်။
ဤဝိညာဉ်စား ပုရွက်ဆိတ်များက လက်သည်းနှင့် အစွယ်များကိုဝင့်၍ ရန်သူကို ကုတ်ခြစ်ကိုက်ဖဲ့ပါက ပြင်းထန်သည့် အဆိပ်ဖြစ်သော သွေးအဆိပ်အား နတ်ဧကရာဇ်တစ်ပိုင်းအဆင့်တောင်မှ ခုခံရန် ခက်ခဲပေမည်။
“အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်မိခင်က သူတို့ ဆင့်ကဲ ပြောင်းလဲဖို့ မလုံလောက်ဘူးလား”
ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ တိုက်ပွဲဝင်ခွန်အားက မြင့်တက်လာသော်လည်း တစ်ကောင်ချင်းစီ၏ ခွန်အားက အဆင့်တက်မလာသေးသည်ကို မြင်ပြီး ယဲ့ဖန် မျက်မှောင်ကြုတ်မိသွားသည်။
“မင်းတို့တွေ ဂြိုဟ်နယ်မြေတွေကို သိမ်းပိုက်ပြီး ဝါးမျိုလာရင် ဘာဖြစ်လာမလဲဆိုတာကို ငါ မသိတော့ဘူး”
ယဲ့ဖန် မျက်ခုံးလှုပ်လာသည်။ ထို့နောက် သူ လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝှစ်! ဝှစ်! ဝှစ်!
ဆန်းကြယ်ရေခဲချီဓာတ်၊ ထိပ်တန်း အဆိပ်ချီဓာတ်နှင့် မသေမျိုး စွမ်းအင်ချီဓာတ် အစရှိသော ထိပ်တန်း ပြိုင်စံရှားခန္ဓာကိုယ်သုံးခု၏ မူလအရင်းအမြစ်များ ပျံ့နှံ့လာပြီး ပေါင်းစပ်လာသည်။
မူလအရင်းအမြစ်များက ပေါင်းစပ်လာပြီးနောက် လေထုထဲ၌ လွှမ်းမိုးနိုင်သော ဘောလုံးများ ဖြစ်ပေါ်လာသည်။
“သွား၊ အဲ့ဒါတွေကို စားကြ”
ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာပြီးနောက် ဝိညာဉ်စား ပုရွက်ဆိတ်များက ထိုဘောလုံးများထံသို့ ပြေးဝင်သွားကြသည်။ အဖြူနှင့် အနက်ရောင် ဘောလုံးများ တစ်လုံးပြီးတစ်လုံး ဝါးမျိုခံလိုက်ရသည်။
ဂျွတ်! ဂျွတ်!
ကိုက်ဖြတ်စားသောက်သံများနှင့်အတူ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက အဖြူနှင့် အနက်ရောင် ရောစပ်ထားသော ဘောလုံးများအား တစ်လုံးပြီးတစ်လုံး ဝါးမျိုနေလေတော့သည်။
ငါးမိနစ်ကြာပြီးနောက် ဘောလုံးများအားလုံး ဝါးမျိုခံလိုက်ရလေသည်။
ဖျောက်! ဖျောက်!
တဖျစ်ဖျစ် တဖျောက်ဖျောက် မြည်သံနှင့်အတူ ဝိညာဉ်စား ပုရွက်ဆိတ်များက ထပ်မံ၍ ဆင့်ကဲ ပြောင်းလဲလာကြသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက အခြေအနေတစ်ခုထိ တိုးတက်လာပြီး သူတို့၏ အတောင်ပံများက ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။
အဆုံးမဲ့သာ နတ်ဘုရား စွမ်းအင်များ ပြည့်နှက်နေသလိုပင်။
ထိုပုရွက်ဆိတ်စစ်တပ်၏ ဦးခေါင်းထက်၌ အေးစက်၍ မိစ္ဆာဆန်သော အရိပ်အငွေ့များ ပျံ့နှံ့နေ၏။
ထို့အတူ တစ်ကောင်ချင်းစီ၌ ဆန်းကြယ်ရေခဲချီဓာတ်နှင့် ထိပ်တန်းအဆိပ်ချီဓာတ်များ ပါဝင်နေပြီး ၎င်းတို့၏ခန္ဓာကိုယ်များက မသေမျိုး ခန္ဓာကိုယ်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤသည်ကိုမြင်ပြီး ယဲ့ဖန်တောင်မှ မျက်ခုံးလှုပ်သွဦးသည်။
“သူတို့ကို နေ့တိုင်း ဒီဘောလုံးတွေ ကျွေးလို့ကတော့ သူတို့ရဲ့ တိုက်ခိုက်မှုစွမ်းအင်မှာ ဆန်းကြယ်ချီဓာတ်နဲ့ ထိပ်တန်း အဆိပ်ချီဓာတ်တွေ ပါနေမှာပဲ။ ဒါက အထင်ကြီးရလောက်တဲ့ ခွန်အားပဲ။ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်က သေမင်းနတ်ဘုရားတောင် မထိပါးနိုင်တဲ့ မသေမျိုးခန္ဓာကိုယ်တွေ ဖြစ်ကုန်ပြီ”
ဖြစ်လာနိုင်သည့် အလားအလာကို တွေးမိပြီးနောက် ယဲ့ဖန်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်လာသည်။
ထိုနေ့ကိုသာ ရောက်လာပါက ဤထောင်သောင်းချီသော ပုရွက်ဆိတ်များသည် မိုးကောင်းကင်တစ်ခွင်၌ ပြိုင်ဘက်ကင်းလာပေတော့မည်။
ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
ထိုသို့သောအချိန်၌ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များသည် ကြွေးကြော်လာကြပြီးနောက် သူတို့၏ ခွန်အားကလည်း ယခင်ကထက် အကြိမ်အနည်းငယ် ပို၍ သာလွန်နေလေသည်။
အကယ်၍ ယဲ့ဖန်သာ ဧကရီဟောင်းနှင့် ထပ်ဆုံပါက သူသည် ဤဝိညာဉ်စား ပုရွက်ဆိတ်များကို အားကိုး၍ သူမအား တစ်ချက်တည်းဖြင့် သတ်နိုင်မည် ဖြစ်သည်။
“ပြီးတော့ အဲ့တွင်းနက်ထဲမှာ ဘာတွေ ဖုံးကွယ်ထားတာပါလိမ့်”
ယဲ့ဖန်သည် သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်၍ တွင်းနက်၏ အဝကို စိုက်ကြည့်နေမိသည်။
ထိုနေရာသည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်မိခင် ထွက်လာသော နေရာဖြစ်သည်။ ထိုသို့တွေးမိပြီးနောက် ယဲ့ဖန်သည် တွင်းနက်၏ အပေါက်ဝသို့ လှစ်ခနဲ ပြေးသွားလိုက်သည်။
ယဲ့ဖန် တွင်းနက်၏ အောက်ခြေသို့ ငုံ့ကြည့်လိုက်မိချိန်တွင် တစ်ကိုယ်လုံး ရေခဲထုထဲ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ချွေးပြန်လာကာ တောင့်တောင့်ကြီး ဖြစ်သွားလေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ယဲ့ဖန် တုန်လှုပ်သလို ခံစားလာရသည်။ တွင်းနက်၏ အောက်ခြေ၌ သွေးပျက်ဖွယ်ကောင်းသော စည်းတံဆိပ်တစ်ခုကို သူ တွေ့လိုက်ရသည်။
ထိုစည်းတံဆိပ်၏ အောက်ခြေ၌ ရာချီသော အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များက မျက်လုံးကိုမှိတ်၍ ခံစားချက်ကင်းမဲ့စွာ လှဲလျောင်းနေကြသည်။
ထိုရာချီသော အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များက အိပ်မောကျနေမှန်း သိသာလှသည်။
ထို့အပြင် စည်းတံဆိပ်၌ ဘောလုံးအရွယ် အပေါက်တစ်ပေါက် ရှိနေ၏။ ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် သူတို့ထဲမှ တစ်ကောင်ဖြစ်ပြီး အားလုံးထက် စောနိုးလာပြီး စည်းတံဆိပ်ကို ဖျက်ခဲ့ပုံရသည်။
“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရာနဲ့ချီတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေက ဂြိုဟ်တွေကို သုတ်သင်ရှင်းလင်းခဲ့တယ်”
“အင်မော်တယ်တွေ၊ နတ်ဆိုးတွေ၊ တစ္ဆေတွေက အဲ့ဒီ ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ ဝါးမျိုခြင်းကို ခံရလုမတတ် ဖြစ်ခဲ့ရတယ်”
“နောက်တော့ စစ်ပွဲကြီး မပြီးခင်မှာပဲ ရာနဲ့ချီတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေက ရုတ်တရက် ပျောက်သွားခဲ့တယ်။ ဖြစ်နိုင်တာက …”
ထိတ်လန့်ဖွယ်ကောင်းသော အတွေးတစ်ခုက သူ့စိတ်ထဲ ဝင်လာပြီးနောက် သူ့တစ်ကိုယ်လုံး တုန်ယင်သွားစေသည်။
ဖြစ်နိုင်သည်။ ယခုအကြိမ်တွင် သူ့အထင်က မှန်နိုင်နေသည်။
ယခု အိပ်ပျော်နေသော ရာနှင့်ချီသော ဝိညာဉ်စား ပုရွက်ဆိတ်များသည် လွန်ခဲ့သည့် နှစ်များစွာက ဂြိုဟ်များကို ရှင်းလင်းခဲ့သော ဝိညာဉ်စား ပုရွက်ဆိတ်များပင် ဖြစ်လေသည်။
သူတို့သည် ထိတ်လန့်ဖွယ်ကောင်းသော ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီးနောက် ကမ္ဘာဂြိုဟ်၌ ချိပ်ပိတ်ခြင်း ခံထားခဲ့ရသည်။
ထို့နောက် မရေတွက်နိုင်သော အလောင်းများ ပစ်ချ၍ သူတို့ကို အစာကျွေးခဲ့သည်။ သူ၏ စေလွှတ်ခြင်း ခံခဲ့ရသော ရှေးဟောင်း သိုင်းပညာရှင်က သူတို့ကို ကျွေးမွေးရန် စီစဉ်နိုင်ခဲ့သည်။
သို့သော် နောက်ဆုံးတွင် ထိုရှေးဟောင်း သိုင်းပညာရှင်ပါ ဤဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဝါးမျိုခြင်းကို ခံခဲ့ရသလို သူကလည်း ဒါဇင်နှင့်ချီသော ပုရွက်ဆိတ်များကို ပြန်သတ်ခဲ့သည်။
ကျန်အကောင်များက ယခုအချိန်ထိ စည်းတံဆိပ်အောက်၌ အိပ်ပျော်သွားခဲ့လေသည်။
“ဒီလိုဆိုရင် သူတို့ နိုးထလာဖို့ သိပ်မလိုတော့ဘူးပဲ”
ထိုသို့တွေးမိပြီးနောက် ယဲ့ဖန်သည် တစ်ခဏမျှ ကြက်သီးထသလို ခံစားလိုက်ရသည်။

ငရဲမှလာသောသူ (Chapter 401 to 600)Dove le storie prendono vita. Scoprilo ora