ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် 28 CHAPTER (419) အိမ်ပြန်မယ်
ဂျွတ်! ဂျွတ်! ဂျွတ်!
ထိုသို့သော အချိန်၌ ရောင်းဝယ်ရေးဌာနတစ်ခုလုံး၌ ဆိုးယုတ်သော ချီဓာတ်များဖြင့် ပြည့်နှက်လာသည်။
ဆန်းကြယ်ရေခဲ ဘောလုံးနှင့် အနီးကပ်ဆုံး ဖြစ်နေသည့် အစောင့်များကို ဆီးနှင်းများက ချက်ချင်း ဖုံးလွှမ်းသွားသည်။
ထို့နောက် သူတို့ အေးခဲသွားကာ ရေခဲထုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူတို့ တစ်စစီ အက်ကွဲသွားလေ၏။
ဤမျှ သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး သော့ထိန်း တဆာနှင့် ဘေးပတ်လည်မှ အစောင့်များ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။
ပြေး။
သူတို့အားလုံး တံခါးဝသို့ သုတ်ခြေတင်၍ ပြေးကြလေသည်။
ထိုစဉ်။
ဝုန်း! ဝုန်း! ဝုန်း!
ခန်းမတစ်ခုလုံး ကမ္ဘာတုန်လောက်သည့် ပေါက်ကွဲသံများနှင့် ပဲ့တင်ထပ်သွားကာ ဖိနှိပ်နိုင်သော ဆန်းကြယ်ရေခဲ စွမ်းအင်က ဖုံးလွှမ်းလာသည်။
တစ်ခု၊ ဆယ်ခု၊ အခုနှစ်ဆယ်။
....
သေစေနိုင်သော ချီဓာတ်များက ခန်းမအတွင်း ပျံ့နှံ့လို့နေ၏။
အစောင့်များ ရေခဲရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားကာ တစ်ယောက်ပြီးတစ်ယောက် တစ်စစီ ကျိုးပဲ့သွားလေတော့သည်။
မနှစ်မြို့ဖွယ်ကောင်းလှသည်။
ကြောက်မက်ဖွယ်ကောင်းလှ၏။
ခန်းမထဲမှ လူတိုင်း မှင်တက်နေကြသည်။
“မဖြစ်ဘူး”
သော့ထိန်း တဆာ ဟစ်အော်လိုက်မိသည်။ နတ်ဘုရား အရှင်သခင်အဆင့် ဖြစ်သော်လည်း ဆန်းကြယ်ရေခဲစွမ်းအင် ရှေ့တွင် သူ့ကိုယ်သူ သေးနုပ်သော ပုရွက်ဆိတ်ထက်တောင် အားနည်းသည်ဟု ခံစားမိနေသည်။
သူ အားကုန်သုံး၍ ခုခံသော်လည်း သူ၏ အရေပြားသည် အေးခဲလာကာ တစ်လက်မချင်းစီ အက်ကွဲလာသည်။ သူ၏အရိုးများ ကျိုးကြေသွားတော့မည်ဟု သူ ခံစားနေရသည်။
“အား...”
စူးရှသော အော်သံနှင့်အတူ ထောင်မှူး တဆာ ချက်ချင်း အေးခဲသွားလေသည်။ တစ်ချိန်တည်းမှာပင် သူသည် ရေခဲရုပ်တုအဖြစ် အသွင်ပြောင်းသွားလေတော့သည်။
သူ၏ အေးခဲနေသော မျက်နှာ၌ ကြောက်ရွံ့၊ ထိတ်လန့်နေစိတ်များ ထင်ဟပ်နေသေး၏။
ထို့နောက် သော့ထိန်း တဆာ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း ဖြစ်သွားလေတော့သည်။
...
ထိုစဉ် ကျန့်ချမ်သည် ရောင်းဝယ်ရေးခန်းမ၏ အပြင်ဘက်၌ ယဲ့ဖန်အား မကျေမချမ်း ပြောနေသေးသည်။
“လေလံစံအိမ်မှာဆိုရင် ဆန်းကြယ်ရေခဲဘောလုံးတစ်လုံးကို စကြဝဠာသုံး ဒင်္ဂါး လေးသိန်းနဲ့ ရောင်းလို့ရတယ်။ ဆန်းကြယ်ရေခဲ ဘောလုံးဆယ်လုံးဆိုရင် စကြဝဠာသုံး ဒင်္ဂါး လေးသန်းတန်နေပြီ”
“မင်း စကြဝဠာသုံး ဒင်္ဂါးတစ်ရာနဲ့ဆိုရင် စိတ်ဝိညာဉ်ကလန်က မိန်းမပျိုလေးတွေနဲ့ အိပ်လို့ရတယ်ကွ။ ပြောရမယ်ဆိုရင် စကြဝဠာသုံး ဒင်္ဂါးလေးသန်းဆိုရင် မင်း စိတ်ဝိညာဉ်ကလန်က မိန်းကလေးတွေနဲ့ အကြိမ်လေးသောင်းတောင် အိပ်လို့ရတာကွ”
“တစ်နေ့ လေးကြိမ်ပဲ ထားဦး၊ မင်း သူတို့နဲ့ ရက်တစ်သောင်းလောက် နေလို့ရတာကွ”
ယခုအချိန်၌ ကျန့်ချမ်သည် ဒေါသနှင့် နောင်တရစိတ်တို့ကြောင့် သွေးအန်မတတ် ဖြစ်နေသည်။
*ပိုက်ဆံလေ*
*မင်း ဘာလို့ ပိုက်ဆံကို ဒီလိုလွန်ကဲတဲ့ အမူအရာနဲ့ ဖြုန်းတီးပစ်ရတာလဲ*
ကျန့်ချမ်းသည် ယဲ့ဖန်အား အလွန် ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေသည်။
*ဒီကောင်က တကယ့်ကို သိုးမည်းပဲ။ စိတ်ဝိညာဉ်ကလန်က မိန်းမပျိုလေးတွေနဲ့ ရက်တစ်သောင်းလောက် နေလို့ရတဲ့ အခွင့်အရေးကို ဘယ်လိုလုပ် ဖြုန်းတီးပစ်နိုင်ရတာလဲ*
*တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေက သူတို့ဘာသူတို့ သပိတ်မှောက်လိမ့်မယ်လို့တောင် သူက ယုံကြည်နေသေးတယ်*
*မင်း လာနောက်နေတာလား*
*အဲ့ဒါက ငါ ယုံဖို့ခက်....*
*ဟမ်*
ကျန့်ချမ် မကျေမနပ် ညည်းညူနေစဉ် ရုတ်တရက် ထိတ်လန့်သွားသည်။ ဆီးနှင်းများက ရောင်းဝယ်ရေးဌာန၏ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့နေသည်ကို သူ မြင်လိုက်ရသည်။
ထို့နောက်။
ဝုန်း!
ကမ္ဘာတုန်လောက်သည့် ပေါက်ကွဲမှုနှင့်အတူ ရောင်းဝယ်ရေးခန်းမတစ်ခုလုံး လုံးဝပြိုကျသွား၏။ ရောင်းဝယ်ရေးဌာန၏ အနက်ရောင်သံမဏိဘောင်တောင်မှ အေးခဲသွားသည်။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ကျန့်ချမ် အလွန် သွေးပျက်နေသည်။
ပျက်စီးသွားပြီ။
တစ်ခဏအတွင်းမှာပင် ရောင်းဝယ်ရေးဌာနတစ်ခုလုံး ပျက်စီးသွားသည်။
“မဟုတ်ဘူး ... ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရမယ်။ ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာ”
ကျန့်ချမ် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။
သော့ထိန်းတဆာ ရောင်းဝယ်ရေးဌာနသည် စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း ဂြိုဟ်တစ်ဝိုက်တွင် အကြီးဆုံးနှင့် အတောင့်တင်းဆုံး ရောင်းဝယ်ရေးဌာန ဖြစ်သည်။ နတ်ဘုရား အရှင်သခင်အဆင့်တောင်မှ မဖျက်ဆီးနိုင်ချေ။
သို့သော် ယခုအခါတွင် ...
လေတိုးသံနှင့်အတူ ပျက်စီးမှုများသည် တစ်စစီဖြစ်သွားလေသည်။ ထို့နောက်တွင်မူ အနက်ရောင် မြူခိုးများက အပျက်အစီးများ ကြားထဲမှ ထွက်လာသဖြင့် ကျန့်ချမ် ကြက်သီး တဖြန်းဖြန်းထလာရသည်။
*အဲ့ဒါတွေက ... နတ်ဆိုးတွေပဲ*
“မစ္စတာယဲ့ ပြေးတော့”
ကျန့်ချမ် ကြောက်လန့်ကာ သေးထွက်ကျမတတ် ဖြစ်နေသည်။ နတ်ဆိုးစိတ်ဝိညာဉ် တစ်ခုချင်းစီသည် အလွန် ရက်စက်လှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုး စိတ်ဝိညာဉ်များ ဒါဇင်နှင့်ချီ၍ လွတ်မြောက်လာလေသည်။
*ဒါ ... ဒါ ကပ်ဘေးဖြစ်လာလိမ့်မယ်*
ကျန့်ချမ်သည် ချက်ချင်း သုတ်ခြေတင် ပြေးလေတော့သည်။ သို့သော် သူ ပြေးနေစဉ်တွင် ယဲ့ဖန်က ရပ်မြဲရပ်နေသည်ကို သူ သတိထားမိသွားသည်။
*ရူးနေပြီ*
*ရူးလိုက်တဲ့ကောင်*
ကျန့်ချမ် အံ့ဩသွားသည်။ နတ်ဘုရား အရှင်သခင်အဆင့်တွေတောင်မှ ထိုစိတ်ဝိညာဉ်များကြောင့် တစ်စစီ စုတ်ဖြဲခံရသဖြင့် နတ်ဘုရား ဆရာသခင်အဆင့်ဆို ပြောနေစရာပင် မလိုလောက်ပေ။
ယဲ့ဖန်က ကြောက်၍ ငြိမ်နေသည်ဟု ကျန့်ချမ် ထင်သွားသည်။ သို့သော် သူသည် ယဲ့ဖန်အား အော်ဟစ်၍ သတိဝင်အောင် လုပ်ရန် ပြင်နေချိန်တွင် နတ်ဆိုးစိတ်ဝိညာဉ်များက အနက်ရောင် အရိပ်များအဖြစ် အသွင်ပြောင်းသွားသည်။
ထို့နောက် သူတို့သည် ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ ရိုသေစွာ နှုတ်ဆက်လာသည်။
“နတ်ဆိုး ဟာတက သခင်ကြီးကို ဂါဝရပြုပါတယ်”
“နတ်ဆိုး စီရိုက သခင်ကြီးကို ဂါဝရပြုပါတယ်”
“နတ်ဆိုး ခူဆန်က သခင်ကြီးကို ဂါဝရပြုပါတယ်”
....
ကမ္ဘာတုန်လောက်သည့် နှုတ်ဆက်သံများကို ကြားပြီး ကျန့်ချမ် သွေးပျက်သွားသည်။
ထိတ်လန့်ဖွယ်ကောင်းလှ၏။
ဒါဇင်နှင့်ချီသော ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးများက ဒူးတစ်ဘက်ထောက်၍ သူတို့သခင်ကြီးကို နှုတ်ဆက်နေသည်။ မည်မျှ ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။
ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးစိတ်ဝိညာဉ်များ၏ စိတ်လှုပ်ရှားနေသော မျက်နှာများကို ကြည့်ပြီး မိမိ မိသားစုဝင်ကို မှတ်မိသွားသော ကလေးငယ်များနှင့် တူသည်ဟု ကျန့်ချမ် ခံစားလိုက်မိသည်။
သူတို့၏ စိတ်လှုပ်ရှား ပျော်မြူးနေသော မျက်နှာများက မယုံနိုင်စရာ ကောင်းလှသည်။
“သ...သခင်ကြီးတဲ့လား”
ကျန့်ချမ် ယဲ့ဖန်အား မယုံသင်္ကာ မျက်လုံးများဖြင့် ကြည့်နေမိသည်။ သူက နတ်ဆိုး စိတ်ဝိညာဉ်များစွာ၏ သခင်ကြီး ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
ကျန့်ချမ် ထိတ်လန့်နေစဉ် ယဲ့ဖန်က လက်ကိုခါ၍ အမိန့်ပေးလာသည်။
“အိမ်ပြန်ကြမယ်”
*အိမ်ပြန်မှာလား*
ထိုမျှ ရိုးစင်းသော စကားကို ကြားပြီးနောက် ဒါဇင်နှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များ၏ မျက်လုံးများ နီရဲကာ စိုစွတ်လာသည်။
ထို့နောက်တွင်မူ သူတို့၏ မျက်လုံးအိမ်၌ မျက်ရည်များဖြင့် ပြည့်လျှံလာ၏။ ယခုကဲ့သို့ အချိန်အခါမျိုးအား သူတို့ စောင့်မျှော်နေခဲ့ရသည်မှာ ကြာလှပြီ ဖြစ်သည်။
“ဟုတ်ကဲ့ပါ သခင်ကြီး”
ဒါဇင်နှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များက ချက်ချင်း အနက်ရောင်ချီမျှင်စုများအဖြစ် အသွင်ပြောင်းကာ ယဲ့ဖန်၏ လက်မောင်းထံသို့ လှစ်ခနဲ ပြေးဝင်သွားကြသည်။
ယဲ့ဖန်၏ လက်မောင်းသည် အသွေးအသားများဖြင့် ကြီးမားနေပြီ ဖြစ်သည်။ ဒါဇင်နှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များ သူ၏ အရေပြားထဲသို့ ဝင်ရောက်သွားပြီးနောက် သူတို့အားလုံးသည် အနက်ရောင် အစက်များအဖြစ် ပြောင်းလဲသွားကာ ဆိုးယုတ်၍ ကြောက်မက်ဖွယ်ကောင်းလှသော အနက်ရောင် ဦးခွံအဖြစ် အသွင်ပြောင်းသွားသည်။
ထို့နောက်တွင်မူ ယဲ့ဖန်က ကျန့်ချမ်နား လျှောက်လာပြီး
“သွားကြမယ်၊ နောက်တစ်ခုကို”
*နောက်တစ်ခုလား*
ကျန့်ချမ် ကြောက်လန့်ကာ တုန်ယင်သွားသည်။
*သူ ပြောချင်တာက ...*
ဖြစ်နိုင်ချေကို တွေးမိပြီးနောက် ကျန့်ချမ် ကြောက်လန့်ကာ တုန်ယင်သွားသည်။ သို့သော် ယဲ့ဖန်အား နောက်ထပ် စိတ်ဝိညာဉ် ရောင်းဝယ်ရေးဌာနသို့ ခေါ်သွားခြင်းက သူ၏ တစ်ခုတည်းသော ရွေးချယ်စရာသာ ဖြစ်သည်။
...
ယနေ့တွင်။
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်တစ်ခုလုံး ရူးသွပ်ဖွယ် ဖြစ်ရပ်များနှင့် ပြည့်နှက်နေ၏။
ဂြိုဟ်တစ်ခုလုံးသို့ ကြောက်မက်ဖွယ်ကောင်းသော ဟာရီကိန်းမုန်တိုင်း ဝင်သွားသကဲ့သို့ တိုက်ပွဲဝင် စိတ်ဝိညာဉ် ရောင်းဝယ်ရေးဌာနများ တစ်ခုပြီးတစ်ခု ပျက်ဆီးသွားကြသည်။
ထိုသို့သောအချိန်၌ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၏ အခန်းကျဉ်းလေး၏ ကြမ်းပြင်အလယ်၌ မန္တန်တစ်ခု ရှိနေသည်။ ရုတ်တရက် ထိုမန္တန်မှ အလင်းများ တောက်ပလာသည်။
ထို့နောက် ထိုနေရာသည် လှိုင်းလုံးများသဖွယ် တအိအိလှုပ်လာသည်။
ဝုန်းခနဲ အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ကျောက်တုံးတစ်တုံးကဲ့သို လူတစ်ယောက် ပြုတ်ကျလာသည်။
“ဝေါ့ ...”
ကြမ်းပြင်ပေါ် ပစ်ကျလာသည်နှင့် သူ ချက်ချင်း သွေးအန်မိသည်။
ထိုသူသည် သေဆုံးသွားသော သော့ထိန်း တဆာပင်။
“သေစမ်း၊ သေစမ်း၊ သေစမ်း”
သော့ထိန်း တဆာသည် အလွန် ကြောက်လန့်၍ မုန်းတီးနေသော မျက်လုံးများနှင့် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
“ငါ့အစ်ကို ပေးထာတဲ့ ကိုးသက်မန္တန်ကြောင့် ငါ အသက်ရှင်တယ်ဆိုရုံလေး ရှင်ခဲ့တာပဲ”
သော့ထိန်း တဆာ ကြောက်စိတ်မွှန်နေသေးသည်။ သူ ကပ်သီးလေး လွတ်မြောက်လာခြင်းပင်။
“မျိုးမစစ်ကောင်၊ မင်းက င့ါရောင်းဝယ်ရေးဌာနကို ဖျက်ဆီးပြီး ငါ့တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေကို ဓားပြတိုက်သွားတယ်။ မင်းနဲ့ငါ ဘယ်တော့မှ ကမ္ဘာမကျေဘူးကွ”
ထိုသို့ပြောဆိုပြီး သော့ထိန်း တဆာ အခန်းထဲမှ ထွက်လာသည်။
သူ့အစ်ကိုဖြစ်သူ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိအား သူ့အတွက် လက်စားချေပေးရန် သူ တောင်းဆိုချင်နေသည်။