Chapter 434

859 87 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 29 Chapter (434)

“ယဲ့ဖန် မတွေ့ရတာ ကြာပြီနော်”
ထိုစကားသံနှင့်အတူ အနက်ရောင်ဝတ်ရုံနှင့်လူ၏ မျက်နှာကို သိုင်းပညာရှင်တိုင်း မြင်တွေ့လိုက်ရသည်။
ရုပ်ဆိုးလှသည့် မျက်နှာပါတကား။
မျက်နှာတစ်ပြင်လုံးများမှ အရေပြားနှင့် သွေးများက အောက်သို့ တွဲကျနေပုံပေါ်ပြီး ကြောက်စရာ ကောင်းလှပေသည်။
ပြောရလျင် ဤလူ၌ လက်တစ်ဘက်နှင့် ခြေတစ်ဘက်သာ ရှိနေသည်။
ဒုက္ခိတတစ်ယောက် ဖြစ်နေသည်။ သို့သော် သူ့ကိုယ်ပေါ်က အငွေ့အသက်သည်ကား နတ်ဧကရာဇ် တစ်ပိုင်းအဆင့်၏ အငွေ့အသက် ဖြစ်နေ၏။
ဤမြင်ကွင်းက ဘေးပတ်လည်မှလူတိုင်းအား ဆူညံသွားစေသည်။
ပီခမ်းဘေးတွင် အနက်ရောင်ဝတ်ရုံနှင့်လူ ရှိကြောင်း လူအနည်းငယ်သာ သိကြလေသည်။
ယခုအကြိမ်သည် သူ၏ ပထမဆုံးအကြိမ် လူလုံးထွက်ပြခြင်း ဖြစ်သည်။ ထင်မှတ်မထားဘဲ သူသည် ဒုက္ခိတတစ်ယောက် ဖြစ်နေ၏။ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကင်းသည့် ဒုက္ခိတ တစ်ယောက် ဖြစ်နေသည်။
“မင်းကိုး”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်၊ ထို့နောက်တွင်မူ သူ့နှုတ်ခမ်းထောင့်က တွန့်ကွေးလာသည်။
“ဒီလိုကိုး၊ ဒါတွေအားလုံးက မင်းရဲ့လူတွေကိုး”
ထိုလူသည် ကောင်းကင်အလင်းသခင်ပင်။
ထိုသူ အသက်ရှင်နေသေးမည်ဟု ယဲ့ဖန် ထင်မထားမိပါ။ စကြဝဌာထဲရှိ ထိပ်တန်း ခန္ဓာကိုယ် ဆယ်ခုထဲမှ တစ်ခုဖြစ်သည့် မသေမျိုး ခန္ဓာကိုယ်သည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းကြောင်း ဝန်ခံရပေမည်။
မသေနိုင်သလို ဖျက်ဆီး၍လည်း မရနိုင်ချေ။ နက်ရှိုင်းစွာ မွမ်းမံနိုင်ပြီး သွေးတစ်စက်မှနေ၍ ပြန်လည် မွေးဖွားနိုင်သည်။
နတ်ဘုရား စိတ်ဝိညာဉ်က သေဆုံးသွားလျင်တောင်မှ သွေးတစ်စက်နှင့် အသားတစ်စတို့မှနေ၍ နတ်ဘုရား စိတ်ဝိညာဉ်အသစ်ကို ပြန်လည်မွေးဖွားနိုင်သည်။ အထူးသဖြင့် ထိုသူဘဝ၏ မှတ်ဉာဏ်နှင့် ခွန်အားများအားလုံးကို အပိုင်ရနိုင်၏။
ထိုသည်သာမကသေး ကောင်းကင်အလင်းသခင်သည် နတ်ဘုရားတို့ ကျဆုံးရာ နယ်မြေ၌ မွေးဖွားခဲ့ပြီး အလင်းသခင်၏ အမွေဆက်ခံသူလည်း ဖြစ်သည်။
ဤအမွေဆက်ဆံမှုက စကြဝဠာထဲသို့ ရောက်လာသောအခါ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော အတည်စွမ်းအင်များ ပေါ်ပေါက်လာပြီး အလင်းသခင်အား တစ်နေ့ပြီးတစ်နေ့ မြင့်တက်လာစေသည်။
“အင်း …”
ကောင်းကင် အလင်းသခင်၏ မျက်နှာ မလိုမုန်းတီးဟန်နှင့် သောကများ ပြည့်နှက်နေ၏။
“ယဲ့ဖန် မင်းက ငါ့ရဲ့ အလင်းသခင်ဘဝမှာ အသန်မာဆုံး ရန်သူဆိုတာကိုတော့ ငါ ဝန်ခံပါတယ်၊ ဒါပေမဲ့ အခုတော့ ဘာလုပ်ရမှာလဲ”
“ကမ္ဘာဂြိုဟ်ပေါ်မှာတုန်းက မင်း ငါ့ကို မသတ်နိုင်ခဲ့ဘူး။ ဒီဂြိုဟ်တွေဆီမှာတော့ ငါ မင်းကို သတ်ပစ်မယ်”
ထိုသို့ပြောပြီး ကောင်းကင်အလင်းသခင်က လှစ်ခနဲ ပြေးဝင်လာသည်။ လူတစ်ကိုယ်လုံးက သရဲတစ္ဆေကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
သူ ပြန်ပေါ်လာချိန်တွင် သူသည် ယဲ့ဖန်၏ အနောက်ဘက် မီတာ ရာနှင့်ချီသော နေရာသို့ ရောက်နေလေသည်။
နေရာ ကူးပြောင်းသွားသလိုပင်။ အံ့ဩဖွယ် ကောင်းလှပေ၏။
ဝုန်း!
ထိုစဉ် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် နှစ်ယောက်က ရှေ့နှောက် ညှပ်၍ တိုက်လာသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက လူတိုင်းကို ကြက်သီးမွေးညင်း ထသွားစေသည်။
“ခွေးမသား”
ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသလို ဂရေးကလန်သားများ အားလုံး မျက်နှာ ဖြူစုတ်နေကြသည်။
*ဘယ်လိုလုပ်ကြမလဲ*
လူတိုင်း၏ နဖူး၌ ချွေးများ စို့နင့်လာသည်။
စိုးရိမ်နေကြသည်။ ဆာရိုဂြိုဟ်နယ်မြေမှ လူများအားလုံး ယဲ့ဖန်အတွက် စိုးရိမ်နေကြသည်။
ထိုသို့သောအချိန်၌ ကြေးစား သတ်ဖြတ်သူအဖွဲ့များက အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ ထိုသူတို့အားလုံးက လက်နက်များကို မြှောက်၍ အားပေး ဟစ်အော်နေကြသည်။
“သတ်”
“သတ်”
“သတ်”
ထိုအသံက အလွန် ကျယ်လောင်လှသည်။ ဤမြင်ကွင်းကိုမြင်ပြီး နဂါးငွေ့တန်း ဧကရာဇ် ပီခမ်းက သူ့နှုတ်ခမ်းထောင့်မှ သွေးကို လျှာဖြင့်သပ်၍ ပြောလိုက်သည်။
“ယဲ့ဖန် မင်းတော့ ပွဲသိမ်းပြီ။ မင်းက နဂါးငွေ့တန်း အင်ပါယာကို တစ်ယောက်တည်း ဆန့်ကျင်ချင်နေတယ်၊ အဲ့ဒါက ကိုယ့်သေတွင်း ကိုယ်တူးသလိုပဲကွ”
“မင်းကို ပြောလိုက်ဦးမယ်၊ မင်းတင်မကသေးဘူး ဒီနေ့ ဂရေးမိသားစုပါ အမြစ်ဖြတ် ချေမှုန်းခံရမယ်၊ ပြီးတော့ ဆာရိုဂြိုဟ်နယ်မြေတစ်ခုလုံး မင်းအတွက် သေရတော့မှာကွ၊ ဟားဟားဟား …”
ဧကရာဇ်ပီခမ်းက ရူးသွပ်စွာ ရယ်မောနေသည်။ သူ အလွန် ပျော်နေလေသည်။
သူသည် ရန်သူ၏ သေရမလို ဖြစ်နေသော အမူအရာကို ကြည့်ရသည်ကို သဘောကျသည်။ ထိုခံစားချက်က သူ့အား သက်တောင့်သက်သာ ရှိသလို ခံစားရစေသည်။
သို့သော် ယဲ့ဖန်၏ အမူအရာက တည်ငြိမ်နေသည်မို့ သူ စိတ်ပျက်သွားလေသည်။
ယဲ့ဖန်က သူ့အား အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့သာ ကြည့်နေလေသည်။
“အချိန်ကျတော့မှာပဲ”
ယဲ့ဖန်က တစ်ကိုယ်တည်း ပြောဆိုနေ၏။ ထိုစကားကို ကြားပြီး ပီခမ်းနှင့် ကောင်းကင်အလင်းသခင်တို့ အံ့ဩသွားကြသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း ပီခမ်းသည် နိမိတ်မကောင်းသလို ခံစားမိနေသည်။
“မင်း ဘာပြောချင်တာလဲ”
“ဘာမှမဟုတ်ပါဘူး”
ယဲ့ဖန်၏ မျက်နှာသည် လှောင်ပြောင်သရော်ဟန် ပေါ်နေသည်။
“မင်းရဲ့ နောက်ဆုံးသော ပျော်စရာ အချိန်လေး ရောက်လာတော့မှာကို ထိုင်တွက်နေရုံလေးပါ”
*ဘာ*
လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေကြသည်။
ယဲ့ဖန်သည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် နှစ်ယောက်၏ ဝိုင်းထားခြင်းကို ခံထားရသည်။ ဂရေးကလန်သားများသည်လည်း ထောင်နှင့်ချီသော သတ်ဖြတ်သူများ၏ ဝိုင်းထားခြင်းကို ခံထားရသည်။
ဆာရိုဂြိုဟ်နယ်မြေတွင်းမှ မရေတွက်နိုင်သော ဂြိုဟ်ပေါင်းများစွာတို့သည် နဂါးငွေ့တန်း အင်ပါယာကြောင့် သတ်ဖြတ်ခံလိုက်ရသည်။
*ဒီလူက ပီခမ်းရဲ့ နောက်ဆုံးသော အချိန်လေးကို ရေတွက်နေတာတဲ့လား*
*သူ ရူးများသွားပြီလား*
ထိုစဉ် ဧကရာဇ်ပီခမ်းက အေးစက်စက် လှောင်ပြောင်လိုက်ပြီး ခနဲ့လိုက်ချင်သည်။
သို့သော် ထိုသို့သောအချိန်၌၊
ဝီ!
ထွက်ပြေးလာသော စစ်သင်္ဘောတစ်စီးက ခပ်လှမ်းလှမ်းမှ ပျံသန်းလာပြီး မျက်စိတစ်မှိတ် အတွင်း အရှေ့သို့ ရောက်လာသည်။
*ဒါက … *
ထိုထွက်ပြေးလာသော သင်္ဘောသည် နဂါးငွေ့တန်း အင်ပါယာမှ ကြေးစားစစ်တပ်၏ စစ်သင်္ဘော ဖြစ်လေသည်။
သွေးနှင့်ရေချိုးရသည်ကို သဘောကျသည့် သတ်ဖြတ်သူတစ်ယောက်သည် လမ်းဘေးခွေး တစ်ကောင်ကဲ့သို့ စစ်သင်္ဘောထဲမှ ထွက်ပြေးလာသည်။
သူသည် ရုတ်တရက် ဧကရာဇ် ပီခမ်းရှေ့၌ ဒူးထောက်လာ၏။
“အရေးပေါ်သတင်းပါ၊ ပထမကြေးစား စစ်တပ်က သတ်ဖြတ်သူတွေနဲ့ စစ်တပ်ကြီးတစ်ခုလုံး သုတ်သင်ခံလိုက်ရပါပြီ”
*ဘာ*
ထိုစကားက ဧကရာဇ် ပီခမ်းနှင့် ထောင်ချီသော သတ်ဖြတ်သူများအား မျက်နှာပျက် သွားစေသည်။
*ပထမ ကြေးစားစစ်တပ်လား*
*အဲ့ဒါက လူသုံးထောင်ကျော် ပါတဲ့ ကြောက်စရာကောင်းတဲ့ စစ်တပ်လေ*
ထို နတ်ဆိုး ကြေးစားစစ်တပ်၌ မရေတွက်နိုင်သော နတ်ဘုရား ဂိုဏ်းချုပ်အဆင့်၊ နတ်ဘုရား သေနာပတိအဆင့်များ ပါရှိသည်။
သို့သော် ယခုအခါတွင် ဘယ်လိုလုပ် …
ယခုအချိန်၌ ပီခမ်းသည် ရူးမတတ် ဖြစ်နေပြီး သူ့မျက်လုံးများက မီးဝင်းဝင်း တောက်နေသည်။
သူ မှင်တက်နေပြီးနောက် ထိုသတ်ဖြတ်သူအား ရှုံ့မဲ့နေသော မျက်နှာနှင့် မေးလိုက်သည်။
“ဘာဖြစ်ခဲ့သလဲ ငါ့ကို ပြောစမ်း။ ပထမ ကြေးစားစစ်တပ်က ဘယ်လိုလုပ် ဖျက်ဆီးခံ လိုက်ရတာလဲ”
ပီခမ်း ကိုယ့်နားကိုယ်မယုံနိုင် ဖြစ်နေသည်။ ထိုစစ်တပ်သည် အင်ပါယာက နှစ်ပေါင်းများစွာ လေ့ကျင့် ပျိုးထောင်ခဲ့သည့် ထိပ်တန်း ကြေးစား စစ်တပ် ဖြစ်သည်။
*အဲ့စစ်တပ်က ပြိုင်ဘက်ကင်းတာကို*
*ဘယ်လိုလုပ် ဒီဆာရိုဂြိုဟ်နယ်မြေ သေးသေးလေးထဲမှာ သုတ်သင်ခံလိုက်ရတာလဲ*
“နတ်ဆိုး၊ ကျွန်တော်တို့ … နတ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ”
ထိုသတ်ဖြတ်သူသည် အလွန် ကြောက်လန့်နေပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုနှင့် ကြုံခဲ့ရသကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်အေးစက်နေ၏။
*နတ်ဆိုးတဲ့လား*
သူ၏စကားက လူတိုင်းကို နောက်တွန့်သွားစေသည်။
သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
ဝီ! ဝီ! ဝီ!
ရုတ်တရက် လေကို ထိုးခွင်းလာသည့် အသံများ ထွက်ပေါ်လာသည်။
ထွက်ပြေးလာသော စစ်သင်္ဘောများသည် ဥက္ကာပျံများသဖွယ် ဤနေရာသို့ ရောက်ရှိ လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်သင်္ဘော ဆယ်စင်းမက ရောက်ရှိလာ၏။
တစ်ကိုယ်လုံး သွေးများနှင့် ဒဏ်ရာဒဏ်ချက် ဗလပွ ဖြစ်နေသော သတ်ဖြတ်သူတစ်ယောက်က အသည်းအသန် ပြေးထွက်လာပြီး ဒူးထောက်လာသည်။
“ဧကရာဇ် မကောင်းတော့ပါဘူး၊ ဒုတိယ ကြေးစားစစ်တပ် တစ်ခုလုံး မရှိတော့ပါဘူး”
“တတိယစစ်တပ်က အကြီးအကျယ် ထိခိုက်၊ သေကျေခဲ့ပါတယ်”
“စတုတ္ထစစ်တပ်က ချုံခိုတိုက်ခိုက်ခံရပါတယ်၊ ဘာတိုက်ပွဲမှ အနိုင်မယူနိုင်ခဲ့ပါဘူး”
“...”
ထိတ်လန့်တကြား အသံများ ထွက်ပေါ်လာသည်။ စကားတိုင်းက ဧကရာဇ်ပီခမ်း၏ ဦးခေါင်းထဲ၌ ဗုံးပေါက်သလို ခံစားရစေသည်။
*သေကုန်ပြီ*
*အားလုံး သေကုန်ပြီ*
သူ၏ နဂါးငွေ့တန်း စစ်တပ်၊ ကြေးစားစစ်တပ်အားလုံး၊ ထောင်သောင်းချီသော သတ်ဖြတ်သူများ အားလုံး သတ်ဖြတ်ခံလိုက်ရသည်။
*ဒါက …*
ပီခမ်းသာမက သူ့ဘေးမှ ကောင်းကင်အလင်းသခင်သည်လည်း မျက်ခုံးတလှုပ်လှုပ် ဖြစ်နေပြီး သူ့မျက်နှာတစ်ခုလုံး မယုံသင်္ကာဟန်နှင့် ထိတ်လန့်နေဟန်များဖြင့် ပြည့်နှက်နေ၏။
ထောင်နှင့်ချီသော သတ်ဖြတ်သူများအားလုံး ရေခဲကန်ထဲ ပစ်ချခံလိုက်ရသကဲ့သို့ အေးစက် သွားကြလေသည်။
“မင်းကိုး”
ထိုစဉ် ဧကရာဇ် ပီခမ်းက ယဲ့ဖန်အား မကျေမနပ် ကြည့်လာသည်။
“ဒါတွေအားလုံးက မင်းလက်ချက်ကိုး”
ပီခမ်း မယုံကြည်နိုင်သေးပါ။ သေးနုပ်သော ကမ္ဘာမြေသားတစ်ယောက်က မည်သို့သော နည်းလမ်းများ သုံး၍ ထောင်သောင်းချီသော သတ်ဖြတ်သူ ကြေးစားစစ်တပ်အား သတ်ဖြတ်ခဲ့ သနည်း။
ကျန်လူတိုင်း၏ အကြည့်များက ယဲ့ဖန်ထံ ကျရောက်လာပြီး အားလုံးက သရဲသဘက်ကို မြင်တွေ့ရသကဲ့သို့ ကြည့်နေကြသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန် ရယ်မောလာသည်။ ထိုရယ်မောသံက ခြောက်ခြားဖွယ် ကောင်းလှပေ၏။
“ဒါနဲ့တင် ပြီးပြီလို့ မင်း ထင်နေလား”
ယဲ့ဖန်က ခေါင်းခါ၍ ခပ်လှမ်းလှမ်းရှိ ကောင်းကင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
“ကြည့်လိုက်လေ၊ အဲ့ဒါ ဘာလဲလို့”
*ဟမ်*
ထိုစကားက လူတိုင်းကို မှင်တက်သွားစေသည်။ ထို့နောက် ပီခမ်းနှင့် အခြားသူများအားလုံး ဘေးသို့ လှည့်ကြည့်လာကြသည်။
သို့သော် ထိုသို့ လှမ်းကြည့်ပြီးနောက် လူတိုင်း ခေါင်းမွေးထောင်လာကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
သွေးပျက်ဖွယ်ကောင်းသော စစ်သင်္ဘောများက တိမ်စိုင်တိမ်တိုက်များကို ဖြတ်၍ လျင်မြန်စွာ ရောက်ရှိလာလေသည်။
စစ်သင်္ဘောတိုင်း၌ နတ်ဆိုးများနှင့် ပြည့်နှက်နေ၏၊ လူပေါင်း တစ်သောင်းနီးပါး ရှိလေသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ကား ရှေ့ဆုံးမှ စစ်သသင်္ဘောလေးစီး ဖြစ်လေသည်။
ထိုစစ်သင်္ဘောထဲ၌ ကြောက်မက်ဖွယ်ကောင်းသော လူလေးယောက် ပါလာသည်။
တစ်ယောက်ချင်းစီက နတ်ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်နေပါလား။

ငရဲမှလာသောသူ (Chapter 401 to 600)Où les histoires vivent. Découvrez maintenant