ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် (33) Chapter (483) သတ်ဖြတ်ခြင်း နတ်ဘုရား ရောက်လာပြီ
သေသွားလေပြီ။ တစ်မိနစ်ပင် မကြာလိုက်သောအချိန်၌ ဂြိုဟ်သခင်တုခီနှင့်အတူ သိုင်းပညာရှင်များ အားလုံး သုတ်သင်ခံလိုက်ရလေသည်။
အထူးသဖြင့် မြင့်မြတ်သော နတ်ဧကရာဇ် စဦးအဆင့် သိုင်းပညာရှင် တုခီပင်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ် ပျောက်ကွယ်သွားလေပြီ။
ဤခြောက်ခြားဖွယ်မြင်ကွင်းက စားသောက်ဆိုင်ထဲမှ အခြားသူများအား လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေသည်။
လူတိုင်း နှလုံးပေါက်ကွဲမတတ် တုန်လှုပ်နေကြသည်။ သူတို့၏နဖူးမှနေ၍ ချွေးစေးများ တဒီးဒီး စီးကျနေသည်။
ရက်စက်လွန်းလှသည်။
ဤမျှရက်စက်သောလူစားမျိုး သူတို့ တစ်ခါမှ မမြင်ဖူးချေ။ အထူးသဖြင့် စားသောက်ဆိုင် ပိုင်ရှင်ပင်၊ ဤသို့ရက်စက်သော နတ်ဘုရား ဆရာသခင်အဆင့် ပုဂ္ဂိုလ်အား သူ ထွက်သွားခိုင်း မိသည်ကို တွေးမိပြီး သူ လိပ်ပြာလွင့်မတတ် ဖြစ်လာရသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ဘေးပတ်လည်မှ လူများ၏ ထိတ်လန့်နေဟန်ကို အရေးမစိုက်ဘဲ လက်ကိုခါလိုက်သည်။
ဝှစ်!
အနက်ရောင် သံလှောင်ချိုင့် ချက်ချင်း ကျိုးပျက်သွားသည်။ ထို့နောက် သူက ကလေးမလေးကို စိုက်ကြည့်၍ နွေးထွေးစွာ မေးလိုက်သည်။
“ကလေးမလေး မင်း ဖန့်ယင်းကို သိလား”
*ဖန့်ယင်းလား*
ကလေးမလေးသည် တစ်ခဏမျှ တောင့်တင်းသွားပြီးမှ ပျော်ရွှင်ဟန် ပြလာသည်။
“အမေလား၊ ရှင်က ကျွန်မအမေကို သိတာလားဟင်”
“အီးဟီး … ရှောင်ယာက အမေရဲ့ သွေးအဆီအနှစ်နှင့် ဖြစ်လာတာ၊ ဒါပေမဲ့ ရှောင်ယာ အမေ့ကို ရှာလို့မတွေ့ဘူး၊ အစ်ကိုအစ်မတွေကိုလည်း ရှာမတွေ့ဘူး”
“သူတို့ ဘယ်မှာလဲ၊ ရှောင်ယာ သူတို့ကို သတိရတယ်”
ကလေးမလေးသည် ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချ၍ အော်ငိုလေတော့သည်။ မျက်ရည်များက ကြမ်းခင်းပေါ် စီးကျလာသည်။ ရုတ်တရက် ခြောက်သွေ့သော ကြမ်းခင်းမှနေ၍ ပြင်းထန်သော အသက်ဓာတ်စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။
သစ်သားသည် အသက်ပြန်ဝင်၍ အဖူးပြန်ထွက်လာသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
ယဲ့ဖန်တစ်ယောက်တည်းသာလျင် စိတ်ရှုပ်မှုများ ပြေလျော့သွားပုံရသည်။ အရာအားလုံးက သူ ထင်ထားသည့်အတိုင်း ဖြစ်နေ၏။
ထို့နောက် သူက ကလေးမလေး၏ ခေါင်းကို ခပ်ဖွဖွ ပွတ်ပေးလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ရှောင်ယာ၊ ငါက မင်းအမေရဲ့ သူငယ်ချင်းပဲ။ ငါ မင်းကို သူ့ဆီခေါ်သွားမယ် ဟုတ်ပြီလား”
သူ့စကားကို ကြားသောအခါ ရှောင်ယာက ခေါင်းလေးမော့လာသည်။ သူမ၏ ချစ်စဖွယ် မျက်နှာလေး၌ မျက်ရည်များ ပေကျံနေပြီး အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို ကြည့်၍ ခေါင်းတဆတ်ဆတ် ညိတ်ပြလေသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်ကို မြင်သောအခါ ကလေးမလေး၏ ရင်ထဲ၌ ရင်းနှီးသော ခံစားချက်တစ်ခုကို ခံစားမိနေသည်။ သူ့အား သူမ မတွေ့ဖူးခင်ကတည်းက မြင်ဖူးနေသကဲ့သို့ ခံစားနေရသည်။
ထို့နောက် ယဲ့ဖန်က ရှောင်ယာကို ကောက်ချီလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို လှစ်ခနဲ လှုပ်ရှားလိုက်သည်။ သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ထိုအခါမှသာလျင် စားသောက်ဆိုင်ပိုင်ရှင်သည် ကြမ်းပြင်ပေါ် ပြိုလဲကျ၍ အသက်ကို မနည်းရှူနေရသည်။ သူ့ကျောပြင်၌ ချွေးများ ရွှဲနစ်နေသည်။ ယခုအချိန်၌ သူသည် ငရဲဂိတ်ဝမှ လွတ်မြောက်လာသကဲ့သို့ ခံစားနေရပြီး ငေးငိုင်နေသည်။
သူသည်သာမကချေ၊ ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး သူတို့၏ လက်ဝါး၌ ချွေးစေးများနှင့် ပြည့်နေပြီး ရင်တုန်နေသည်ကို သတိထားမိလာကြသည်။
….
ယဲ့ဖန် ထွက်သွားပြီး မကြာခင်မှာပင် စနေဂြိုဟ်၏ ကောင်းကင်ထက်၌ ပေါက်ကွဲသံ ချက်ချင်း ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ် စစ်သင်္ဘောများ ရုတ်တရက် ရောက်ချလာသည်။ ထိုစစ်သင်္ဘောတိုင်း၌ ဂြိုဟ်ပြာ၏ အလံများ ပါရှိလေသည်။
“အဲ့ဒါ တစ္ဆေဧကရီ လန်ရှင်းအာပဲ။ သူက ဂြိုဟ်ပြာရဲ့ အရှင်သခင်ပဲ”
“တစ္ဆေဧကရီ လန်ရှင်းအာမှာ အမျိုးသား အချစ်တော်တွေ အများကြီး ရှိတယ် ဒါပေမဲ့ ဂြိုဟ်သခင် တုခီ တစ်ယောက်တည်းကိုပဲ ချစ်တယ်လို့ ပြောကြတယ်။ ဒီတစ်ခေါက် ဂြိုဟ်သခင် တုခီ၏ စိတ်ဝိညာဉ် မီးအိမ် ငြိမ်းသွားတာကို သူ မြင်သွားတာပဲ ဖြစ်မယ်”
ထိုသို့သောအချိန်၌ စားသောက်ဆိုင်တစ်ခုလုံး၏ လေထုသည် တစ်ဖန်ပြန်၍ လေးလံ ထိုင်းမှိုင်းလာသည်။
ဂြိဟ်ပြာ၏ တစ္ဆေဧကရီ။ သူမသည် အနီးအနားရှိ ရာပေါင်းများစွာသော ဂြိုဟ်များစွာတို့ကို လွှမ်းမိုးထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။
သူမသည် နတ်ဧကရာဇ် နောက်ဆုံးအဆင့်ရှိသောသူ ဖြစ်သည်။ မဟာမိတ် စစ်တပ်မှ နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် ရှိသောသူသည် သူမနှင့်ယှဉ်လျင် ဒုတိယသာ ဖြစ်လေသည်။ သူမသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုသို့သောအချိန်၌ စစ်သင်္ဘောများသည် စနေဂြိုဟ်၏ လေထုထဲ၌ ရပ်နားလာပြီးနောက် သွေးဆာနေသော အမျိုးသမီးတစ်ယောက်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
“တုခီ ဘယ်မလဲ”
*ဟမ်*
ထိုစကားကြောင့် စားသောက်ဆိုင်ပိုင်ရှင်နှင့် ဧည့်သည်များအားလုံး သေမင်း ခေါင်းလောင်း တီးလာသလို ခံစားလိုက်ရသည်။
ထိုသို့သောအချိန်၌ စားသောက်ဆိုင်ပိုင်ရှင်သည် စိတ်ကိုတင်း၍ ပြတင်းပေါက်မှနေ၍ ပြန်အော်ပြောလိုက်သည်။
‘တစ္ဆေဧကရီခင်ဗျား၊ ဂြိုဟ်သခင် ကျဆုံးသွားပါပြီ”
တိတ်ဆိတ်သွားသည်။ ထိုစကားအဆုံး၌ ကြောက်ခမန်းလိလိ မရဏ အရိပ်အငွေ့ ပျံ့နှံ့လာသည်ကို လူတိုင်း ခံစားမိလာသည်။
ဝုန်း!
ကောင်းကင်ဘုံ စားသောက်ဆိုင်တစ်ခုလုံး ချက်ချင်း တုန်ခါသွားသည်။
“ဘယ်သူလဲ”
ထွက်ပေါ်လာသော စကားတစ်ခွန်းတည်းနှင့်တင် စားသောက်ဆိုင်ပိုင်ရှင်သည် ကြမ်းပြင်ပေါ် ပြိုလဲကျသွားလေသည်။ သူသည် ချက်ချင်း ဟန်ချက်ထိန်း၍ နဖူးမှချွေးကို သုတ်ကာ ထိတ်လန့်တကြား ပြန်ဖြေလိုက်သည်။
“အဲ့ဒါက အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ လူငယ်လေးတစ်ယောက်ပါ၊ သူက မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်အတွက် ရောက်လာပုံရပါတယ်။ ပြီးတော့ အခု သူက ကမ္ဘာဦး လေလံစံအိမ်ကို သွားနေပါတယ်”
ဝုန်း!
သို့သော် စားသောက်ပိုင်ရှင်၏ စကားအဆုံး၌ မျက်စိရှေ့ရှိ စစ်သင်္ဘောထံမှ နတ်ဘုရား အလင်းတော် အမြောက် ထွက်ပေါ်လာသည်။
ဝုန်း!
အမြောက်သံ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ဘုံ စားသောက်ဆိုင်တစ်ခုလုံး ပျက်ဆီးသွား လေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အပျက်အစီးများအဖြစ် လွင့်ပြယ်သွား လေသည်။ စားသောက်ဆိုင်ပိုင်ရှင် အပါအဝင် ဆိုင်ထဲရှိ စားသောက်နေသော သိုင်းပညာရှင်များ အားလုံး သုတ်သင်ခံလိုက်ရသည်။
ရက်စက်ကြမ်းကြုတ်လှပေသည်။
သိုင်းပညာရှင်များစွာကို သတ်ဖြတ်ပြီးနောက် စိတ်ထိခိုက်၍ မကျေမချမ်းပြောနေသော အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
“တုခီ၊ ငါ မင်းအတွက် လက်စားချေပေးတာကို စောင့်နေလိုက်ပါ”
သွေးဆာသော အသံတစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင်ထက်မှ စစ်သင်္ဘောများသည် ချက်ချင်း ထွက်ခွာသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အစအနပင် မတွေ့တော့ချေ။
…
တစ်ချိန်တည်းမှာပင် ကမ္ဘာဦးဂြိုဟ်၌ နာမည်ကြီး သိုင်းပညာရှင်တစ်ယောက်က တက်ကြွပျော်ရွှင်စွာနှင့် အိမ်ပြန်နေသည်။ လူများစွာတို့၏ လက်ထဲ၌ လှောင်အိမ်များ ပါရှိနေသည်။
လှောင်အိမ်ထဲ၌ ကလေးမလေးများစွာ ရှိနေကြသည်။
“ဟားဟားဟား … အစ်ကိုရှန့်၊ ဒီကောင်မလေးက လှပပြီးတော့ ဆွဲဆောင်မှုရှိတယ်။ သူက အစ်ကိုရှန့်အတွက် စိတ်ဆန္ဒ ပြေပျောက်စေမှာပဲ”
“ညီနောင်ချမ်ရဲ့ ကောင်မလေးကလည်း ကောင်းပါတယ်၊ ကိုယ်လုံးကိုယ်ပေါက် သေးသွယ် ကျစ်လျစ်လှပတယ်။ ကျစ်ကျစ် … ဒီလောက် လှတဲ့မိန်းကလေးက သန္ဓေသားလောင်းအဆင့်ပဲ ရှိသေးတယ်”
သိုင်းပညာရှင်နှစ်ယောက်က အချင်းချင်း ချီးမွမ်းခန်းဖွင့်နေကြသည်။ သူတို့မျက်နှာထက်မှ ပျော်ရွှင်မှုက ဖုံးဖိမရချေ။
“အိုး … ကျုပ်တော့ အဲ့ဒီ မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင်ကို တကယ် မြင်ဖူးချင်တယ်”
“သူ့သွေးတစ်စက်ကနေ ဖြစ်လာတဲ့ ကလေးမတွေက ဒီလောက် လှနေတာ၊ သူသာဆို ဘယ်လောက်တောင် လှနေလိုက်မလဲ”
သူတို့နှစ်ယောက်သည် အချင်းချင်း စကားစမြည်ပြော၍ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းများပါသော လှောင်အိမ်များကို သယ်၍ သူတို့၏ ကိုယ်ပိုင် စစ်သင်္ဘောထံ ပြန်သွားရန် မစောင့်နိုင်ကြတော့ချေ။
ဘေးပတ်လည်မှ သိုင်းပညာရှင်များစွာတို့သည် သူတို့အား အလွန်အမင်း အားကျနေကြသည်။ ဂြိုဟ်တို့၏ အရှင်သခင်များသာ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်း များကို ဝယ်ယူနိုင်သည့် ဥစ္စာဓာနကို ပိုင်ဆိုင်ကြလေသည်။
သာမန်သိုင်းပညာရှင်များအတွက် ထိုမွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်း များသည် အလွန် ဈေးကြီးလှသည်။
ထိုစဉ် သိုင်းပညာရှင်ပေါင်းများစွာတို့ ဂြိုဟ်သခင်များအား လေးစားအားကျနေကြစဉ်တွင် ကောင်းကင်ထက်မှ အနက်ရောင် တိမ်လိပ်များ ဆင်းသက်လာသည်ကို တွေ့လိုက်ရလေသည်။
တကယ်တမ်းတွင် ထိုအရာများသည် တိမ်လိပ်များ မဟုတ်ဘဲ ပုရွက်ဆိတ်များသာ ဖြစ်လေသည်။ ထိုပုရွက်ဆိတ်များသည် အလွန် ကြောက်လန့်ဖွယ်ကောင်းလှသည်။
ထိုပုရွက်ဆိတ်များသည် ဂြိုဟ်သခင်များထံသို့ ချက်ချင်း ပြေးဝင်သွားသည် အစွယ်များကို လှစ်ဟ၍ အရူးအမူး ကိုက်ဖြတ်လေတော့သည်။
“အား ….”
ထိုသို့သောအချိန်၌ ကမ္ဘာဦးဂြိုဟ်ပေါ်၌ ဂြိုဟ်သခင်များ၏ အော်သံများနှင့် ပြည့်နှက်လာသည်။ သူတို့၏ ခန္ဓာကိုယ်များ အစားခံရ၍ ကျိုးပဲ့လာသည်။ အတွင်းကလီစာများပါမကျန် အစားခံ လိုက်ရသည်။
များပြားသော ပုရွက်ဆိတ်များက မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသူတို့အား စားသောက် လိုက်သဖြင့် သွေးအိုင်များသာ ကျန်ရစ်ခဲ့လေသည်။
စစ်သင်္ဘောများတောင်မှ စုတ်ပြတ်သက်၍ ဗြုတ်စဗျင်းတောင်း ဖြစ်သွားသည်။
ထိတ်လန့်ဖွယ်ကောင်းလှပါဘိ။
ဘေးရှိ သိုင်းပညာရှင်များအားလုံး သွေးပျက်မတတ် ကြောက်လန့်လာကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းများကို ဝယ်ယူခဲ့သော ဂြိုဟ်သခင်များအားလုံး သေဆုံးသွားလေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သို့သော် ထိုမျှနှင့် မပြီးသေးချေ။
ဂျွတ်! ဂျွတ်!
ကိုက်ဖြတ်သံများ ဆက်လက်ထွက်ပေါ်နေပြီး မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းများကို ချုပ်နှောင်ထားသည့် လှောင်အိမ်များပါ ဝါးစားခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တကျက်ကျက် အသံထွက်ပေါ်နေသော ပုရွက်ဆိတ်အုံကြီးသည် နာမည်ကြီး မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် သန္ဓေသားလောင်းနှင့်အတူ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ မြေကြီးပေါ်၌ ရဲရဲနီသော သွေးကွက်များသာ ကျန်ရစ်ခဲ့တော့သည်။
![](https://img.wattpad.com/cover/259612097-288-k232604.jpg)