ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် ၃၀ Chapter (447) သူ … သူက နတ်ဆိုးပဲ
*တာအိုလက်တွဲဖော် ဖြစ်ပေးရမယ်၊ အောင်မြင်မှုကို အတူတူ မျှဝေချင်မယ်*
တတိယမင်းသား၏ စကားအဆုံး၌ ဘေးပတ်လည်မှ လူတိုင်း၏ မျက်နှာထားက သုန်မှုန်လာသည်။
နတ်မိမယ် နာတာရှာတောင်မှ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်သွားသည်။
သူမသည် ဟေးဟန်ထိုက်ကို သုံးနှစ်လုံးလုံး နေ့ရောညပါ မြှူဆွယ်ခဲ့ရသော်လည်း သူက သူမကို တစ်ခါမှ ကတိမပေးခဲ့ချေ။
သို့သော် ဟေးဟန်ထိုက်သည် လင်းလန်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးချင်ဖြစ်သော်လည်း လင်းလန်အား တာအိုလက်တွဲဖော် ဖြစ်ပေးရန် တောင်းဆိုနေသည်။
ဒါက ...
ထိုခဏ၌ နာတာရှာ၏ နှလုံးထဲ၌ မနာလိုဝန်တိုစိတ်က မြင့်တက်လာသည်။ လင်းလန်၏မျက်လုံးကို ကြည့်နေသော သူမအကြည့်၌ မကျေမချမ်းဖြစ်ဟန်နှင့် မနာလိုဟန်များဖြင့် ပြည့်နှက်နေသည်။
သူမသည်သာမက သန်မာသော နဂါးငွေ့တန်း အင်ပါယာသားများသည်လည်း အလွန်အမင်း သုန်မှုန်နေကြသည်။
အားလုံးက ဟေးဟန်ထိုက်အား လူသေတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“စိတ်မကောင်းပါဘူး”
လင်းလန်၏ လှပသော မျက်နှာလေးသည် မသာမယာ ဖြစ်နေပြီး ဟေးဟန်ထိုက်အား အေးစက်သော အကြည့်များဖြင့် ပြန်ကြည့်လိုက်သည်။
“ကျွန်မမှာ တာအို လက်တွဲဖော် ရှိတယ်”
*ဘာ*
ထိုစကားကြောင့် ဟေးဟန်ထိုက် အလွန် မျက်နှာပျက်သွားလေသည်။
*ငါ့ကို ငြင်းတယ်တဲ့လား*
သူသည် တစ်ခါမှ အခြားသူများထံမှ ငြင်းပယ်ခြင်း မခံရဖူးချေ။ ယခုအခါတွင်တော့ ပထမဆုံးအကြိမ်အဖြစ် သူ ငြင်းပယ်ခံလာရသည်။
ဤသည်က ဟေးဟန်ထိုက်၏ လင်းလန်ကို အပိုင်ရလိုစိတ်အား ပို၍တိုးလာစေသည်။
“ဧကရီ၊ မင်း သေချာစဉ်းစားလိမ့်မယ်လို့ ငါ ထင်ပါတယ်။ ငါက ကျားနက်အင်ပါယာရဲ့ တတိယမြောက် မင်းသား ဖြစ်သလို ပထမဆုံး ဆက်ခံသူပဲ”
“အချိန်ကျလာရင် ငါက ကျားနက်အင်ပါယာကို ပြန်သွားပြီးတော့ ဂြိုဟ်ပေါင်းတစ်သိန်းကို စိုးမိုးရမှာ”
“မင်းသာ ဆန္ဒရှိတယ်ဆိုရင် မင်းရဲ့ တာအိုလက်တွဲဖော်ကို စွန့်ပစ်ပြီးတော့ ငါနဲ့အတူ ကျားနက် အင်ပါယာကို လိုက်ခဲ့လို့ရတယ်”
“မင်းသာ တစ်ခွန်းပြောလိုက်ရင် ငါ ဒီကိစ္စကို လျှို့ဝှက်ဆောင်ရွက်ပြီးတော့ မင်းရဲ့ နဂါးငွေ့တန်း အင်ပါယာကို ကျားနက် အင်ပါယာလက်အောက်က နံပါတ်တစ် အင်ပါယာ ဖြစ်အောင် လုပ်ပေးမယ်။ ဂြိုဟ်အားလုံးရဲ့ ကြည်ညိုလေးစားခြင်းကို ခံရပြီးတော့ အောင်မြင်မှုကို အတူမျှဝေမယ်”
“ဘယ်လိုလဲ”
ထိုသို့ပြောနေချိန်၌ ဟေးဟန်ထိုက်၏ နှုတ်ခမ်းထက်၌ ယုံကြည်မှုရှိသော အပြုံးမျိုး ဖြစ်တည်နေသည်။ သူ၏ အတွေ့အကြုံအရ မြင့်မြတ်သော နတ်မိမယ်တောင်မှ သူ၏ မင်းသားဟူသော နောက်ခံကို အသုံးပြု၍ ဖြားယောင်းလိုက်ပါက သေချာပေါက် နာခံလာလေသည်။
ဤလှည့်ကွက်ကို သူ အမြဲ အသုံးပြုခဲ့သည်။ ထိုစဉ် ...
“မဖြစ်နိုင်ဘူး”
*ဘာ*
လင်းလန်၏ အလွန်အမင်း အေးစက်လှသော မျက်နှာထားကိုကြည့်ပြီး ဟေးဟန်ထိုက် အလွန် မျက်နှာပျက်သွားသည်။
သူ့မျက်နှာထက်၌ နှိပ်ကွပ်လိုဟန် အရိပ်အယောင်များ ပေါ်ပေါက်လာသလို မျက်မှောင်ကြုတ်လာပြီး အကြည့်များကလည်း အေးစက်လာသည်။
“ဧကရီ၊ မင်း ငါ့ကို ငြင်းပယ်လိုက်တာ ကျားနက်အင်ပါယာရဲ့ တော်ဝင်မိသားစု မျက်နှာကို ဖျက်လိုဖျက်ဆီး လုပ်လိုက်တာပဲဆိုတာကို မင်း သိတယ်မလား”
“အဲ့ဒါအပြင်ကိုမှ မင်းရဲ့ တာအိုလက်တွဲဖော်က ဘာမဟုတ်တဲ့ သေးငယ်တဲ့ နဂါးငွေ့တန်း ပုရွက်ဆိတ်လေးပဲ”
“ငါက တော်ဝင် မင်းသားတစ်ပါး၊ သူက ပုရွက်ဆိတ်သာသာကောင်ပဲ၊ သူက ငါနဲ့ ဘယ်လိုတောင် ယှဉ်ဝံ့မှာလဲ”
*ပုရွက်ဆိတ်လိုကောင်*
တတိယမင်းသား ဟေးဟန်ထိုက်၏ စကားအဆုံး၌ ခြံဝန်းတစ်ခုလုံး၏ အပူချိန်သည် ရုတ်ချည်းဆိုသလို သုညမှတ်သို့ ကျဆင်းသွားလေသည်။
ဘေးပတ်လည်မှ နတ်ဆိုးတိုင်း၌ သတ်ဖြတ်လိုသော အရိပ်အယောင်များနှင့် ပြည့်နှက်လာသည်။
ထိုစဉ် လင်းလန်က ပြုံးလာသည်။ သူမ၏ အပြုံးသည် လောကထဲ၌ ပွင့်လန်းလာသော ပန်းလေးတစ်ပွင့်လိုပင်။
“သူက ရှင်နဲ့ ယှဉ်လို့မရဘူး”
လင်းလန်၏ စကားကြောင့် ဟေးဟန်ထိုက် မှင်တက်သွားပြီးနောက် သူ့မျက်နှာ၌ ကျေနပ်သွားသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ လင်းလန်၏ စကားကို သူ အကျေနပ်ကြီး ကျေနပ်နေပုံရသည်။
သို့သော် လင်းလန် ထပ်ပြောလိုက်သော စကားကြောင့် ဟေးဟန်ထိုက် ရုတ်တရက် မျက်နှာ မည်းမှောင်သွားသည်။
“ဘာလို့လဲဆိုတော့ ရှင်က သူ့ဖိနပ်လောက်နဲ့တောင် မယှဉ်နိုင်လို့ပဲ”
*ဘာ*
လင်းလန်၏ စကားကြောင့် ဟေးဟန်ထိုက်၊ နာတာရှာနဲ့ အခြားသူများ မျက်နှာများ သုန်မှုန်လာသည်။
*ရဲတင်းလိုက်တာ*
အဆင့်တစ် အင်ပါယာ၏ ဧကရီက အဆင့်သုံး အင်ပါယာ၏ မင်းသားတစ်ပါးကို ထိုသို့ပြောရဲလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
“သေစမ်း၊ နင်ကများ တတိယမင်းသားကို စော်ကားဝံ့တယ်ပေါ့လေ”
နတ်မိမယ် နာတာရှာသည် စိတ်ထဲ၌ ကျိတ်ပျော်နေသော်လည်း အပေါ်ယံတွင်မူ ဟေးဟန်ထိုက်အတွက် မကျေမချမ်း ဖြစ်ပုံပေါ်နေသည်။
သူမသည် လင်းလန်၏ လှပသော မျက်နှာကိုကြည့်ရင်း စိတ်ထဲ၌ မနာလိုဖြစ်နေသည်။
“နင် ပါးရိုက်ခံရသင့်တယ်”
ထိုသို့ပြောပြီး နတ်မိမယ် နာတာရှာက လက်ကိုမြှောက်လိုက်ပြီး လင်းလန်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
နာတာရှာသည်လည်း နတ်ဧကရာဇ်အဆင့် ဖြစ်သောကြောင့် သူမခွန်အားက လင်းလန်နှင့် ယှဉ်၍ရနေသည်။
ဤလက်ဝါးချက်၌ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပါဝင်နေသည်။ လေခွင်းသံနှင့်အတူ လက်ဝါးချက်က လင်းလန်၏ပါးထက်သို့ ကျရောက်လာသည်။
ဖြောင်း!
ပါးရိုက်သံက ကျယ်လောင် ပြင်းထန်လှပြီး ရင်တုန်ဖွယ်ကောင်းလှသည်။ သို့သော် မျက်စိရှေ့မှ မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။
လင်းလန်သည် ယခင်အတိုင်း ထိခိုက်ဒဏ်ရာမရှိဘဲ ရပ်မြဲတိုင်း ရပ်နေ၏။ ထိုအစား နာတာရှာသည် ပါးရိုက်ခံလိုက်ရပြီး ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားလေသည်။
ဘုန်း!
နာတာရှာသည် ပြန်ပြုတ်ကျလာပြီးနောက် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လေသည်။ ထိုသည်သာမသေးချေ။
သူမပါးသည် ရဲရဲနီနေပြီး လက်ဝါးရာက ထင်းနေ၏။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဟေးဟန်ထိုက်နှင့် ကျားနက်အင်ပါယာမှ သိုင်းပညာရှင်များအားလုံး မှင်တက်သွားကြသည်။
မြင့်မြတ်သော နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို လွင့်ထွက်သွားအောင် ရိုက်နှက်နိုင်သည့် အလွန် သန်မာသော တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
“ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း”
ဟေးဟန်ထိုက်သည် အလွန်အမင်း သုန်မှုန်နေပြီး ဘေးဘီကို ဝေ့ကြည့်လေသည်။ သူသည်သာမက နတ်ဧကရာဇ်အဆင့် လေးယောက်၊ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ရှစ်ယောက်နှင့် နတ်ဘုရား ဂိုဏ်းချုပ်အဆင့် ဆယ့်လေးယောက်တို့က ဟေးဟန်ထိုက်ကို ကာကွယ်ရန် အသင့်ပြင်ထားကြသည်။
ထိုသို့သောအချိန်၌ အရိုးခိုက်မတတ် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ငါ့ကျေးကျွန်တွေကို ဖမ်းဆီးပြီးတော့ လူသတ်ပွဲ ကျင်းပါတယ်”
“ငါ့ရတနာ ဖြစ်တဲ့ နတ်ဆိုးဓားကို သိမ်းယူသွားတယ်”
“ငါ့မိန်းမကို လုယူပြီး တာအိုလက်တွဲဖော် လုပ်ချင်တယ်”
“ကိုယ့်သေတွင်းကိုယ်တူးနေတဲ့ကောင်နဲ့ သေချင်နေတဲ့ နိုင်ငံပါလား”
*ဘာ*
ထိုအသံသည် အလွန်မာန်ပါ၍ အားကြီးလှသဖြင့် ဟေးဟန်ထိုက်နှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။
*ကျေးကျွန်*
*ရတနာ*
*မိန်းမ*
*ဒီလူက ဘယ်သူလဲ*
လူတိုင်း မယုံသင်္ကာ ဖြစ်နေချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်က တံခါးဝကို ဖြတ်၍ လျှောက်လှမ်းလာသည်။
သူ့ခန္ဓာကိုယ်က ပိန်ပါးသော်လည်း နတ်ဆိုး အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။ သူ၏ပုံစံက ငရဲမှ နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေပြီး လူတိုင်းကို တုန်ယင်သွားစေသည်။
အနက်ရောင်ဝတ်စုံနှင့်လူငယ်၏ ချီဓာတ်ကို အာရုံခံမိပြီးနောက် ဟေးဟန်ထိုက်နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။
“နတ်ဆိုးစွမ်းအင်၊ မင်း … မင်းက နတ်ဆိုးပဲ”
နတ်ဘုရားမျိုးနွယ် နဂါးငွေ့တန်း၌ နတ်ဆိုးမျိုးနွယ် ရှိနေလိမ့်မည်ဟု ဟေးဟန်ထိုက် ထင်မှတ်မထားမိချေ။
ထို့အပြင် ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက လင်းလန်ထံသို့ လှမ်းသွားပြီး သူမအား ရင်ခွင်ထဲထည့်၍ ပွေ့ဖက်လိုက်သည်ကို ဟေးဟန်ထိုက် တွေ့လိုက်ရသည်။
ယဲ့ဖန်က ဟေးဟန်ထိုက်ကို စိုက်ကြည့်၍ ပြန်ပြောလိုက်သည်။
“မင်း မှန်တယ်၊ ငါက နတ်ဆိုးပဲ၊ ပြီးတော့ သူ့ယောက်ျား”
ဝုန်း!
ထိုစကားက ဟေးဟန်ထိုက်နှင့် အခြားသူများကို တွေဝေ၍ ရေထဲ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားသွားရစေသည်။
*ဧကရီရဲ့ တာအိုလက်တွဲဖော်က နတ်ဆိုးတစ်ကောင် ဖြစ်နေတယ်*
ဤသည်မှာ သုတ်သင်ခံရမည့် ပြစ်မှုပင်။
“ဧကရီ၊ ဒါက တာအို လက်တွဲဖော်လား၊ မင်းက နတ်ဘုရား ပြီးတော့ သူက … နတ်ဆိုးတစ်ကောင်ဆိုတာ မင်း သိရဲ့လား။ နတ်ဘုရားနဲ့ နတ်ဆိုးတွေက ဆန့်ကျင်ဘက်တွေလေ။ မင်း …”
ဟေးဟန်ထိုက်က လင်းလန်ကို မာန်မဲလေသည်။ သူ ထိတ်လန့်၍နေသည်။
*နတ်ဆိုးတဲ့လား*
သူ့စကားကြောင့် နဂါးငွေ့တန်း သိုင်းပညာရှင်များ ပြုံးလာကြသည်။
နဂါးငွေ့တန်း သိုင်းပညာရှင်များထံမှ နတ်ဆိုးစွမ်းအင်များ ပျံ့လွင့်လာသည်။
ဆယ်ယောက်၊ အယောက်ငါးဆယ်၊ တစ်ရာ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးငွေ့တန်း အင်ပါယာ၏ သန်မာသော အဖွဲ့များကြား၌ နတ်ဆိုးစွမ်းအင်များက မိုးထိမတတ် ထွက်ပေါ်လာ၏။
ဒုန်း!
ဤမြင်ကွင်းကြောင့် ဟေးဟန်ထိုက်၊ နာတာရှာနှင့် ကျားနက်အင်ပါယာမှ သိုင်းပညာရှင်များအားလုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
*နတ်ဆိုးတွေ*
*အားလုံးက နတ်ဆိုးတွေပဲ*
နဂါးငွေ့တန်း အင်ပါယာကို နတ်ဆိုးမျိုးနွယ်က စိုးမိုးနေလိမ့်မည်ဟု သူတို့ ဘယ်သောအခါကမှ မျှော်လင့်မထားမိချေ။
“ချီးတဲ့မှ၊ သူတို့ကို သတ်ပစ်ကွာ”
ဟေးဟန်ထိုက်သည် သူ့အနောက်မှ ကျားနက်အင်ပါယာ၏ သိုင်းပညာရှင်များကို ဒေါသတကြီး အမိန့်ပေးလိုက်သည်။
သူ့စကားကို ကြားပြီးသည်နှင့် နတ်ဧကရာဇ်အဆင့် လေးယောက်၊ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ရှစ်ယောက်နှင့် နတ်ဘုရား ဂိုဏ်းချုပ်အဆင့် အယောက်သုံးဆယ်ကျော်တို့က ယဲ့ဖန်နှင့် အခြားသူများအား သတ်ဖြတ်ရန် ရှေ့သို့ ပြေးတက်လာကြသည်။
ဒုန်း! ဒုန်း! ဒုန်း!
ထိုသို့သောအချိန်၌ ဟင်းလင်းပြင် အက်ကွဲလာပြီး ဥပဒေသများ လွတ်ကင်းလာသည်။ ပြင်းထန်သော အင်အားများက ကမ္ဘာတစ်ခုလုံးကို ပေါက်ကွဲစေနိုင်သည်။
ထိုသို့သောအချိန်၌ ဝီခနဲ မြည်သံများ ထွက်ပေါ်လာလေသည်။
ဝီ! ဝီ! ဝီ!
အနက်ရောင် ပုရွက်ဆိတ်များက တိမ်စိုင်တိမ်မည်းများကဲ့သို့ ကောင်းကင်ထက်သို့ ပျံသန်းလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အင်အားကြီးသော ကျားနက်အင်ပါယာမှ သိုင်းပညာရှင်များကို ပတ်ရံသွားသည်။
နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းက ဟေးဟန်ထိုက်နှင့် နာတာရှာတို့ကို သေမတတ် ကြောက်လန့်သွားစေသည်။