Chapter 420

1K 90 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

Book 29 Chapter (420)

စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်၏ စိတ်ဝိညာဉ်ပြိုင်ကွင်း၌
ယနေ့တွင် အရှေ့၊အနောက်၊ တောင်နှင့်မြောက်အရပ်ရှိ အင်အားအကြီးဆုံး တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အားလုံး ဤနေရာ၌ စုဝေးရောက်ရှိနေကြသည်။
ကြီးမားသော စိတ်ဝိညာဉ် ပြိုင်ကွင်းတစ်ခုထဲ၌ လူများစွာတို့ဖြင့် ကျပ်ညက်လို့နေ၏။ တိုက်ပွဲဝင် စိတ်ဝိညာဉ်များ သည်လည်း ရာနှင့်ချီ၍ ရှိနေကြသည်။
နတ်ဆိုးစိတ်ဝိညာဉ်တစ်ခုချင်းစီ၏ ခန္ဓာကိုယ်အား စိတ်ဝိညာဉ် ပျက်သုဉ်းခြင်း သံများဖြင့် ပြုလုပ်ထားသော သံခြေချင်းများ ခပ်နှောင်ထားသည်။
ချွင်! ချွင်! ချွင်! ချွင်!
ပြိုင်ကွင်းအား လေးနေရာခွဲထားသည်။
ပထမနေရာကား စိတ်ဝိညာဉ်တို့၏ ဘုရင် ဘက်ခါ။
ဒုတိယတစ်နေရာအား တောင်ပိုင်း တိုက်ပွဲဝင် စိတ်ဝိညာဉ်တို့၏ ဘုရင်ဖြစ်သူ၊ မိစ္ဆာတို့၏အရှင်။
အနောက်ပိုင်း စိတ်ဝိညာဉ်တို့၏ ဘုရင် မဟူရာသစ်နက်။
အရှေ့ပိုင်းဘုရင် ကြံကြီး။
ထိုကြီးမြတ်သော နတ်ဆိုးလေးကောင်သည် ယခုနှစ်၏ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်အရပ်တို့မှ တိုက်ပွဲဝင် စိတ်ဝိညာဉ် ကြယ်ပွင့်များ ဖြစ်ကြသည်။
သူတို့လေးယောက်လုံး၏အနောက်၌ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအကောင် နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် လိုက်ပါလာကြသည်။
ယနေ့တွင် သူတို့သည် ဤဗဟိုတိုက်ပွဲကွင်းပြင်၌ တိုက်ခိုက်ကြလိမ့်မည်။ ထိုသည်သာမက‌သေး ဗဟိုတိုက်ပွဲ ကွင်းပြင်၏ ပတ်လည်၌ များစွာသော စိတ်ဝိညာဉ် ဆရာသခင်များ ထိုင်နေကြပြီး သူတို့အားလုံးသည် ပွဲကြည့်ပရိသတ်များ ဖြစ်ကြသည်။
အထူးသဖြင့် ထိပ်ဆုံးပလ္လင်၌ နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိဖြစ်သူ ရိုဒါက ငြိမ်သက်စွာ ထိုင်နေ၏။ သူသည် နှုတ်ခမ်းကိုတွန့်၍ ရက်စက်ကြမ်းကြုတ်သော အပြုံးမျိုး ပြုံးနေသည်။
“လူကြီးမင်းအပေါင်းတို့”
ရိုဒါ၏အသံ ထွက်ပေါ်လာသည်နှင့် စိတ်ဝိညာဉ်ပြိုင်ကွင်း၏ ဆူညံပွက်လောရိုက်နေသောအသံများ ရုတ်တရက် တိတ်ကျသွားသည်။
လူတိုင်းက ခန့်ညားသော သူ့မျက်နှာအား အကြိမ်ပေါင်းများစွာ လှမ်းကြည့်မိကြသည်။
“ဒီနေ့က စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်ရဲ့ ဘုရင်တစ်ပါး မွေးဖွားလာတဲ့နေ့ပဲ”
ရိုဒါ၏ မျက်လုံးများက အောက်ဘက်ရှိ ရာနှင့်ချီသော နတ်ဆိုးများအား လှမ်းကြည့်လာသည်။
“နတ်ဆိုးစိတ်ဝိညာဉ်က နတ်ဘုရား စိတ်ဝိညာဉ်ထက် ပိုပြီးသန်မာတာကို လူတိုင်း သိကြမှာပါ၊ နှစ်တိုင်းနီးပါး နတ်ဆိုးစိတ်ဝိညာဉ်က ဘုရင်ဖြစ်ခဲ့တယ်”
“ဒါပေမဲ့ ဒီနှစ်မှာတော့ ကျုပ်တို့ စိတ်ဝိညာဉ်တွေရဲ့ ဘုရင်ကို မလိုချင်ဘူး၊ ဘုရင်တို့ရဲ့ ဘုရင်ကိုပဲ လိုချင်တယ်”
*ဘုရင်တို့ရဲ့ဘုရင်တဲ့လား*
ထိုစကားများကို ကြားပြီးနောက် စိတ်ဝိညာဉ် ဆရာသခင်များအားလုံး ဇဝေဇဝါဖြစ်သွားကြသည်။
“ဒီရာနဲ့ချီတဲ့ နတ်ဆိုးစိတ်ဝိညာဉ်တွေကို လူတိုင်း မြင်ကြမှာပါ၊ ဒီနေ့ သူတို့တွေက သွေးသံတရဲရဲနဲ့ သတ်ဖြတ်ကြပြီးတဲ့နောက်မှာတော့ အနိုင်ရသူသာ ရှင်ကျန်ပြီး ရှုံးနိမ့်သူက သေရမှာပါ။ ပြိုင်ကွင်းလေးခုထဲက တစ်ခုပဲ အသက်ရှင် ကျန်ရစ်နိုင်မယ်၊ ကျန်ပြိုင်ကွင်းသုံးခုလုံး ဖျက်ဆီးခံရမယ်”
“ဟူးရေး”
ရိုဒ၏စကား ဆုံးသွားသည်နှင့် စိတ်ဝိညာဉ်ပြိုင်ကွင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
ယခင်ပြိုင်ပွဲများသည် သေခြင်းရှင်ခြင်းပြိုင်ပွဲနှင့် သိပ်မတူချေ၊ အနိုင်ရသူနှင့် ရှုံးနိမ့်သူသာ ရှိခဲ့သည်။
ယခုခါတွင်တော့ ရိုဒါက သေခြင်းရှင်ခြင်း တိုက်ပွဲကို ပြင်ဆင်ထားသည်။
ထို့နောက်တွင်မူ ရိုဒါ၏မျက်နှာက ပိုပို၍ တွေဝေလာသည်။
“ဒါတွေက သေရမှာကိုမကြောက်တဲ့ နတ်ဆိုးစိတ်ဝိညာဉ်တွေပဲ၊ သူတို့တွေ တိုက်ခိုက်ကြမယ်၊ အသက်ရှင် ကျန်မယ့်ပြိုင်ကွင်းက တစ်ခုပဲရှိရမယ်၊ စစ်ပွဲသာမရှိဘူးဆိုရင် နတ်ဆိုးအားလုံး သေသွားကြရမယ်”
ထိုသို့ပြောပြီးနောက် ရိုဒါက လက်ဝှေ့ယမ်းပြလိုက်သည်။
ဝုန်း!
ရုတ်တရက် ပြိုင်ကွင်းတစ်ခုလုံးရှိ နတ်ဆိုးစိတ်ဝိညာဉ်အားလုံး၏ လက်ထိတ်သံနှင့် ခြေချင်းသံများ ဆူညံစွာ ထွက်ပေါ်လာ၏။
အဖြူရောင် မီးခိုးငွေ့များ မျောလွင့်လာပြီးနောက် နတ်ဆိုးစိတ်ဝိညာဉ်များအားလုံး သေသည်ထက် ပိုဆိုးသည့် မီးလောင်တိုက်သွင်းခြင်းကို ခံစားရလေတော့သည်။
နာကျင်ခြင်း။
အဓိက နတ်ဆိုးလေးကောင်သာမက အနီးအနားရှိ ရာနှင့်ချီသော နတ်ဆိုးများအားလုံး တုန်ယင်ကာ ဖြူဖတ်ဖြူရော် ဖြစ်နေကြသည်။
သူတို့၏ မျက်ဝန်းတွင်း၌ ဒေါသစိတ်နှင့် အရှက်ခွဲခံရခြင်းတို့နှင့် ထင်ဟပ်ပြည့်နှက်နေ၏။
ထို့အတူ နတ်ဆိုးစိတ်ဝိညာဉ်များ နာကျင်နေသည့် မြင်ကွင်းကိုကြည့်ပြီး ဘေးပတ်လည်ရှိ စိတ်ဝိညာဉ် ဆရာသခင်များ သွေးဆူလာကြသည်။
“သတ်…သတ်…သတ်”
ဟစ်ကြွေးသံများ ထွက်ပေါ်လာ၏။ စိတ်ဝိညာဉ်ဆရာသခင်တိုင်း၏ မျက်လုံး၌ အလွန်အမင်း ရက်စက် ကြမ်းကြုတ်လိုစိတ်များ ပေါ်လွင်နေသည်။
“ဘက်ခါ ငါတို့ မြောက်ပိုင်း တိုက်ခိုက်ရေးနယ်မြေကိုယ်စား ကျန်တဲ့နတ်ဆိုးခေါင်းဆောင် သုံးကောင်ကို သတ်ပစ်လိုက်စမ်းပါ၊ သူတို့အားလုံးကို သတ်ပစ်လိုက်”
“ဟဟဟ … မဟူရာသစ်နက်၊ မင်းက ငါတို့ အနောက်ပိုင်း‌ဒေသရဲ့ တိုက်ခိုက်ရေးဘုရင်ပဲ၊ ငါတို့ကို အရှက်ရအောင် မလုပ်နဲ့ကွ”
“ကြံကြီး ဒါ မင်းအပေါ် မူတည်နေပြီ၊ သူတို့က မင်းရဲ့တစ်နယ်တည်းသားတွေ မဟုတ်တော့ဘူး၊ ရန်သူတွေပဲ။ သူတို့အားလုံးကို သတ်ပစ်လိုက်”
“….”
ယခုအချိန်၌ ဩဘာပေးသံများဖြင့် ဆူညံလို့နေ၏။
စိတ်ဝိညာဉ် ဆရာသခင်များအားလုံး မတ်တပ်ထရပ်ကာ အောက်ဘက်ရှိ နတ်ဆိုးများအား ဒေါကြီးမောကြီးနှင့် အော်ပြောနေကြသည်။
သူတို့မျက်လုံးထဲတွင် တိုက်ပွဲဝင် စိတ်ဝိညာဉ်များသည် တိုက်ခိုက်ကြသည့် သတ္တဝါအဆင့်သာ ရှိကြသည်။
နတ်ဆိုးစိတ်ဝိညာဉ် တစ်ခုချင်းစီသည် သူတို့မျက်လုံးထဲတွင် ကစားစရာအရာများသာ ဖြစ်လေသည်။
ထိုစကားများက ပြိုင်ကွင်းထဲရှိ နတ်ဆိုးများအား အလွန်ဒေါသထွက်စေ၏။
နတ်ဆိုးတိုင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ထိုစိတ်ဝိညာဉ်ဆရာသခင်အားလုံးကို သတ်ဖြတ်ရန် မစောင့်နိုင်ကြတော့ချေ။
ဤမြင်ကွင်းကိုကြည့်ပြီး နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါ၏ မျက်နှာ၌ စိတ်လှုပ်ရှားနေဟန်များနှင့် ပြည့်နှက်လာသည်။
သူက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“ဘုရင်တို့ရဲ့ဘုရင်၊ သေခြင်းရှင်ခြင်း တိုက်ပွဲကြီး စကြတော့”
“ဟေး”
ထိုအမိန့်သံ ပဲ့တင်ထပ်သွားပြီးနောက် ပြိုင်ကွင်းတစ်ခုလုံး ပွက်ပွက်ညံသွားသည်။
ရူးမတတ် အော်ဟစ်သံများနှင့် ထိုစိတ်ဝိညာဉ် ဆရာသခင်များ၏ မျက်နှာကို ကြည့်ပြီး ပြိုင်ကွင်းထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်များက ပိုပို၍ ငြိမ်သက်လာကြသည်။
ဝမ်းနည်းခြင်း။
နတ်ဆိုးစိတ်ဝိညာဉ်တိုင်း၏ ရင်ထဲ၌ ဝမ်းနည်းစိတ်များနှင့် ပြည့်နှက်လို့လာသည်။ သူတို့သည် ထိပ်တန်း နတ်ဆိုးများ ဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင်တော့ ပြိုင်ကွင်းထဲရှိ သားရဲများအဖြစ်သို့ အဆင့်နှိမ့်ခံနေရသည်။
လူတို့၏ အပျင်းပြေကစားစရာများ၊ ဆူဆဲခံရသူများ ဖြစ်လာခဲ့ရသည်။
ဤသို့ အရှက်ခွဲခံရခြင်းသည် သူတို့တစ်ယောက်ခြင်းစီ၏ ရင်ထဲမှ သတ်ဖြတ်လိုစိတ်အား အလွန်အမင်း နှိုးဆွပေးသလိုပင်။
“ညီအစ်ကိုတို့”
နတ်ဆိုးအိုကြီး ဘက်ခါ၏ မျက်ဝန်းတွင်း၌ မျက်ရည်များနှင့် ပြည့်နှက်လို့နေ၏။ သူသည် သူ၏ အတူနေခဲ့ဖူးသော ညီအစ်ကိုများ တစ်ယောက်ပြီးတစ်ယောက် သေသွားခဲ့ကြသည်ကို သူ ဝမ်းနည်းစွာ ကြည့်နေခဲ့ရသည်။
“ငါ ... အိမ်ကိုလွမ်းတယ်”
မိသားစု!
ထိုစကားလုံးကို ကြားသည်နှင့် ကျန်နတ်ဆိုးခေါင်းဆောင် သုံးယောက် အပါအဝင် ရာနှင့်ချီသော နတ်ဆိုးများ အားလုံး တုန်ယင်သွားကြသည်။
တစ်ယောက်ပြီးတစ်ယောက် မျက်ရည်များ စီးကျလာသည်။
သူတို့၏အိမ်သည် ပျက်ဆီးသွားလေပြီ။
သူတို့လူများ သေဆုံးသွားကြသည်။
မဟူရာ သစ်နက်နတ်ဆိုးက မျက်လုံးကိုမှိတ်၍ မျက်ရည်ကို စီးကျစေလိုက်ပြီး သူ့ရင်ထဲ၌ အတောမသတ်နိုင်သော ဝမ်းနည်းမှုများ စိုးမိုးလို့နေသည်။
“ငါ့သခင်ကြီးရဲ့ သင်ပြမှုတွေကို ငါလွမ်းတယ်၊ ငါ့ညီအစ်ကိုရဲ့ ရယ်သံကို ငါ လွမ်းတယ်၊ ငါ နတ်ဆိုးဂြိုဟ်ကြီးရဲ့ တောင်တန်းနဲ့ နတ်ဆိုးဂြိုဟ်ကြီးရဲ့ ရေမြေကို လွမ်းတယ်”
ဤသည်ကို ကြားပြီး နတ်ဆိုးတိုင်း ငိုကြွေးကြသည်။
သူတို့ ပင်ပန်းနေကြသည်။ သူတို့ အိမ်ပြန်လိုကြ၏။
“သခင်ကြီးက ပြောဖူးတယ်၊ ငါတို့က မိသားစုဝင်တွေတဲ့၊ ငါတို့ အတူရှင်သန်ပြီး အတူသေဆုံးကြမယ်”
ကြောက်မက်ဖွယ်ကောင်း‌သော မျက်နှာထားရှိသည့် ကြံကြီးက ပြောလာသည်။
“ညီအစ်ကိုတို့ အိမ်ပြန်ကြမယ်”
ထိုသို့ပြောပြီးနောက် နတ်ဆိုးလေးကောင်က တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာ စိုက်ကြည့် နေကြပြီး သူတို့၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့် ပေါ်ထွက်လာ၏။
လက်သီးချင်း တိုက်လိုက်ကြပြီးနောက် နောက်လှည့်ကာ ပွဲကြည့်စင်ရှိရာသို့ တဖြည်းဖြည်း ပြန်လျှောက် လာကြသည်။
သူတို့နောက်၌ ရာနှင့်ချီသော နတ်ဆိုးများက နီးကပ်စွာ လိုက်ပါလာကြသည်။
အန္တရာယ်ပေးနိုင်သော နတ်ဆိုး အငွေ့အသက်များပါတကား။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်၍ အချင်းချင်း ပြန်မသတ်ကြချေ။
နတ်ဘုရားများကိုသာ ယဇ်ပူဇော်၍ အင်မော်တယ်များကိုသာ သတ်ဖြတ်ကြသည်။
ဝုန်း!
နတ်ဆိုးခေါင်းဆောင် လေးယောက်နှင့် ရာနှင့်ချီသော နတ်ဆိုးများက မတိုက်ခိုက်ဘဲ ပွဲကြည့်စင်ဘက်သို့ ပြန်လျှောက်လာသည်ကိုမြင်ပြီး စိတ်ဝိညာဉ် ဆရာသခင်များ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
“ချီးတဲ့မှ၊ မင်းတို့ ဘာစောက်ချိုးချိုးနေတာလဲ”
“ပြန်သွားကြ၊ ပြန်ချကြလေ၊ ဘုရင်တို့ရဲ့ဘုရင်အတွက် ချကြလေ၊ ခွေးမသားတွေရ”
“ရူးနေပြီလား၊ မင်းတို့ သေချင်နေကြတာလား”
“…”
ထိုသို့သောအချိန်၌ ပွဲကြည့်စင်များမှ ဒေါသတကြီး ဆူပူကြိမ်းမောင်းသံနှင့် ဆဲရေးတိုင်းထွာသံများ ထွက်ပေါ်လာ၏။
ထိုအချိန်တွင် နတ်ဆိုးများအားလုံး ငြိမ်နေကြသည်။ သူတို့သည် ဒီအတိုင်း ပွဲကြည့်စင်များထံသို့ ပြန်လှည့်လာနေကြသည်။
နတ်ဆိုးစိတ်ဝိညာဉ်များ၏ ခြေသံများက စိတ်ဝိညာဉ် ဆရာသခင်များအားလုံး ခေါင်းမွေးထောင်သလို ခံစားလာရသည်။
ဆန့်ကျင်ခြင်း။
အားလုံး ပုန်ကန်နေကြလေသည်။ ဤမြင်ကွင်းက နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါအား ပို၍ သုန်မှုန်သွားစေသည်။
“ကောင်းတယ်၊ သိပ်တော်တဲ့ နတ်ဆိုးခေါင်းဆောင်တွေ၊ မင်းတို့က သေတွင်းတူးနေမှတော့ ငါက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ထိုသို့ပြောပြီး ရိုဒါက အချက်ပြလိုက်သည်။
ရုတ်တရက် နတ်ဆိုးများ၏ လက်ထိတ်နှင့် ခြေချင်းများမှ လျှပ်စီးကြောင်းများ ဆက်တိုက်ထွက်ပေါ်လာသည်။
အဖြူရောင် မီးခိုးငွေ့များ တလိပ်လိပ်ထလာပြီး နတ်ဆိုးစိတ်ဝိညာဉ်တိုင်း အရှိုးရာများနှင့် ဖုံးလွှမ်းသွားသည်။ သို့သော် သူတို့က ထိုဒဏ်ရာများကို လျစ်လျူရှုထားကြသည်။
ကျိုးကြေနေသော လက်များနှင့် ဆက်၍ရွေ့လျားနေကြသည်။ ခြေထောက်များ ကျိုးနေသော်လည်း ရှေ့သို့ ဆက်လှမ်းနေကြသည်။
သူတို့ သတ်ချင်နေကြသည်။ ကမ္ဘာပေါ်က နတ်ဘုရားတိုင်းကို သတ်ချင်နေကြသည်။
“သေကြစမ်း”
ကြမ်းတမ်းစွာ ကြုံးဝါးသံနှင့်အတူ နတ်ဆိုးစိတ်ဝိညာဉ်တိုင်းက ပွဲကြည့်စင်များထံသို့ ဦးတည်၍ ပြေးဝင်သွားကြသည်။
“အား …”
ထိုနတ်ဆိုးစိတ်ဝိညာဉ်များသည် အလွန်တရာကိုမှ ရက်စက်လွန်း၏။
သူတို့၏ခန္ဓာကိုယ်များ လောင်မြိုက်နေတာတောင်မှ သူတို့သည် ဥပေက္ခာပြု၍ ထိုစိတ်ဝိညာဉ်ဆရာသခင်များကို ဆက်၍သတ်ဖြတ်ကြသည်။
“အား”
ရှောင်ရန် အချိန်နှောင်းသွားသည့် စိတ်ဝိညာဉ် ဆရာသခင်တစ်ယောက်သည် နတ်ဆိုးအိုကြီး ဘက်ခါကြောင့် တစ်စစီ ဖြစ်သွားလေတော့သည်။
အဖြူရောင် မီးခိုးလုံးများ တလိပ်လိပ်ထနေပြီး မီးလောင်ဒဏ်များက သူ့အား တစ်ကိုယ်လုံး တုန်ယင် သွားစေသည်။ သို့သော် သူ၏မျက်လုံးထဲတွင်တော့ ရူးသွပ်မှုနှင့် သတ်ဖြတ်လိုစိတ်များဖြင့်သာ ပြည့်နှက်နေ၏။
ဝုန်း!
ထိုသို့သောအချိန်၌ ရာနှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များက ပွဲကြည့်စင်များ၌ သတ်ဖြတ်လို့နေကြသည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး စတင်လာလေတော့သည်။

ငရဲမှလာသောသူ (Chapter 401 to 600)Donde viven las historias. Descúbrelo ahora