ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် (34) Chapter (505) အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသူများ
*ယောက္ခမတဲ့လား*
ထိုအမျိုးသမီး၏ စကားကိုကြားပြီးနောက် ဖန့်ယင်း၏ ခန္ဓာကိုယ်လေး တုန်ယင်သွားရသည်။
*တကယ်ပဲကိုး*
*သူက တကယ်ကို ယဲ့ဖန်ရဲ့ အမေ ဖြစ်နေတာကိုး*
သို့သော် အကယ်၍ သူမက ယဲ့ဖန်၏ မွေးမိခင် အစစ်အမှန် ဖြစ်နေပါက အဘယ်ကြောင့် သူမရင်သွေးကို အူးလန်ဂြိုဟ်၌ စွန့်ပစ်ရက်သည့် နှလုံးသားမျိုး ရှိနေရသနည်း။
မိမိရင်သွေးက အမှိုက်ပုံထဲမှ အကြွင်းအကျန်များကို ထပ်ခါထပ်ခါ ကောက်ယူစားသောက်ရပြီး လမ်းမထက်၌ ဒုက္ခရောက်၍ အကြိမ်ကြိမ် သွေးအလိမ်းလိမ်း ဖြစ်နေခဲ့သည်ကို ဘယ်လိုလုပ် ကြည့်နေရက်သနည်း။
*ဒါက ...*
ဖန့်ယင်း ပဟေဠိဖြစ်နေသည်။ ထိုအမျိုးသမီးသည် ဖန့်ယင်း မေးလိုသည့် မေးခွန်းကို သိနေပုံရသည်။ သူမပါးထက်မှ မျက်ရည်များက အဆက်မပြတ် စီးကျလာပြီး သူမ၏ ဝမ်းနည်းပူဆွေး၍ ယူကြုံးမရဟန်က မြင်သူတကာအား ဝမ်းနည်းသွားစေသည်။
“ဒီကိစ္စက ယဲ့ဖန်ရဲ့ မူလနောက်ခံနဲ့ ပတ်သက်နေတယ်၊ ပြီးတော့ ဒီကိစ္စမှာ စကြဝဠာတစ်ခုလုံးရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်လည်း ပါဝင်နေတယ်”
“အဲ့ကောင်လေးက အံ့မခန်းအစွမ်းနဲ့ မွေးလာခဲ့တာ။ သူက မျိုးနွယ်စုရဲ့ ဘေးအန္တရာယ် ဒါမှမဟုတ် ကယ်တင်ရှင် ဖြစ်လာနိုင်တယ်”
ထိုအမျိုးသမီး၏ မျက်ဝန်း၌ ဝမ်းနည်းရိပ်များက အတောမသတ်နိုင်ချေ။
“အဲ့အချိန်တုန်းက ငါ သူ့ကို အူးလန်ဂြိုဟ်ပေါ်မှာ စွန့်ပစ်ခဲ့တယ်။ သူ လမ်းဘေးတွေရဲ့ သားကောင် ဖြစ်လာတာကိုလည်း ငါ ကြည့်နေခဲ့ပြီးတော့ ခြေသလုံးအိမ်တိုင်တွေ သတ်တာကို ခံရလုနီးပါး ဖြစ်ခဲ့တာကိုလည်း ငါ ကြည့်နေခဲ့တယ်။ သူ သေတွင်းထဲ ခဏခဏ ကျခဲ့ရတာကို ငါ စောင့်ကြည့် နေခဲ့တယ်၊ ပြီးတော့ သူက အမြဲ အသက်ရှင်နိုင်ခဲ့တယ်”