[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။

2.6K 504 11
                                    

အခန်း(၄၀) ဘယ်သောအခါမှကျောခိုင်းမသွားဘူး။

ဖုန်ချိုး ဒီလိုအရာမျိုးကိုပြောနေတာကို ကြားလိုက်ရတော့ ကျန်းရွှင်းယီ၏နှလုံးသားထဲတွင် နာကျင်မှုနှင့်ဝမ်းနည်းမှုလှိုင်းတို့က မြင့်တက်လာသည်။ ဒါက သူ့ရဲ့ကိုယ်ပိုင်ခံစားချက်အစစ်အမှန်လား၊ ဒါမှမဟုတ် 'ကျန်းရွှင်းယီက ဖုန်ချိုးကိုနှစ်သက်သည်'ဆိုသည့် ဇာတ်ကြောင်းတည်ဆောက်ပုံကြောင့်လားဆိုတာကိုတော့ သူတောင်မပြောနိုင်ပါချေ။ သူ့ဦးခေါင်းထဲကို သွေးများဆောင့်တက်လာကာ သူ့မျက်စိရှေ့တွင် ကမ္ဘာကြီးက လျင်မြန်စွာလည်ပတ်နေလေပြီး ဖုန်ချိုး၏စကားတွေက သူ့စိတ်ထဲတွင် ဆက်တိုက်ပဲ့တင်သံထပ်နေပါ၏ "ပျက်စီးသွားပြီ။ အရာအားလုံးပျက်စီးသွားခဲ့ပြီ!"

ဤတဒဂ်တွင် မူလကိုယ်၏စိတ်ခံစားချက်တွေဟာ သူ့ကိုလွှမ်းခြုံသွားပြီးတော့ ကျန်းရွှင်းယီအား လက်တွေ့အစစ်အမှန်မြင်ကွင်းကို ခဏတာဆုံးရှုံးသွားစေသည်။ ဖုန်ချိုး၏ပါးစပ်ထဲကထွက်လာသည့်စကားလုံးတိုင်းဟာ ကျိန်းသေပေါက်အမှန်တရားတွေလို့ ထင်မိလုနီးပါးပင်။ သူမစွပ်စွဲနေသည့်တရားခံလက်သည်ဟာ တကယ်ပဲ သူကိုယ်တိုင်ဟု မြင်မိလုနီးပါးပါပင်။

အချိန်အတော်ကြာပြီးသည့်နောက်တွင်၊ တိတ်ဆိတ်မှုကို အရင်ဆုံးဖြိုခွင်းလိုက်သူကတော့ ယွင်ရှဲ့ပင်။ သူက အသက်ပြင်းပြင်းရှုလိုက်ကာ သူ့အနောက်ရှိ ဖုန်ချိုး၏လက်မောင်းကို ဖြေးဖြေးချင်းလွှတ်ချလိုက်ရင်း ထိုအပြုအမူကိုအသုံးချပြီးတော့ သူ့ရင်ထဲက စိုးရိန်ပူပန်မှုတွေကို ဖုံးကွယ်လိုက်သည်။ သူ့နှလုံးသားထဲမှာ အကြောက်တရားကြီးကြီးမားမားရှိနေတာကို သူကိုယ်တိုင်သာသိသည်။ သူ့အကြောက်တရားကို ကျန်းရွှင်းယီက သံသယအဖြစ်နှင့် အဓိပ္ပါယ်ကောက်လွဲသွားမှာစိုးတာကြောင့် သူ့မျက်နှာကို မထူးခြား၊မခြားနား၊ သာမန်ကာလျှံကာပုံစံအနေနှင့် ထိန်းသိမ်းထားကာ တုံ့ဆိုင်းခြင်းတစ်အောင်စတောင်မရှိပါပဲနှင့်ပြောလိုက်၏။
"ချိုးရှစ်ကျဲ၊ အစ်မစိတ်ရှုပ်ထွေးနေတာနေမှာပါ။ အားရွှင်းက ကျိန်းသေပေါက် အဲ့လိုအရာမျိုးကို ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ အစ်မသေချာပေါက်မှားယွင်းစွပ်စွဲနေတာပဲ။ ပြီးတော့ အစ်မဘယ်လိုခံစားနေရမလဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ဒီလိုစကားလုံးတွေကိုတော့ ပေါ့ပေါ့တန်တန်လျှောက်မပြောသင့်ဘူးလေ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now