အခန်း(၁၈) အထင်လွဲမှားမှုအကြီးစား။
"အရမ်းကောင်းတဲ့ဆက်ဆံရေးတော့မဟုတ်ဘူး။"ပင်ပန်းနွမ်းနယ်နေသောကျန်းရွှင်းယီမှာ မျက်လုံးလှိမ့်လိုက်မိသည်။ သူစကားပြောရန်ပြင်လိုက်သည်နှင့်တစ်ပြိုင်နက် ယွင်ရှဲ့က သူ့လက်ကိုဆွဲလိုက်တာကိုအရှိန်မြင့်လိုက်ပြီး လမ်းကြားထဲကိုဆက်ပြေးနေလေသည်။ ကျန်းရွှင်းယီ၏မှတ်ဉာဏ်က အရမ်းကောင်းတာကြောင့် သူကူကယ်ရာမဲ့စွာတောင့်တင်းသွားရသည်။
"ဒီလမ်းက...ခုနကငါတို့လာခဲ့တဲ့..လမ်းကြားမဟုတ်လား?"
ယွင်ရှဲ့ကနောက်ပင်လှည့်မကြည့်ပေ။
"အမှန်ပဲ၊ မဟုတ်ဘူး။ ဘာလဲ၊ မင်းကနှစ်ခါပြန်သွားချင်လို့လား?"
နောက်ထပ်မိုးကြိုးတစ်ချက်ပစ်ချလာသည်နှင့် ကျန်းရွှင်းယီလှောင်ရယ်ရယ်လိုက်မိပြီး သူ့ဒေါသမှာချက်ချင်းဆိုသလိုပျောက်ကွယ်သွားလေသည်။ သို့ပေမဲ့ ဤအခိုက်အတန့်တွင် သူနှင့်ယွင်ရှဲ့ခြေဖဝါးများကတစ်ပြိုင်နက်တည်းချော်သွားကြသည်။ အကာအကွယ်မဲ့သွားပြီး နှစ်ယောက်သားမှာ နေရာမှာတင်ယိမ်းယိုင်သွားကြတော့သည်။ မိုးချုန်းသံနှင့်လျှပ်စီးလျှပ်သံအကြားတွင် ကျန်းရွှင်းယီအချိန်မဆိုင်းပဲနှင့် လက်ဆန့်၍ ယွင်ရှဲ့ကိုတွန်းထုတ်လိုက်သည်။ သို့ပေမဲ့ ယွင်ရှဲ့ကဒါအတွက်ပြင်ဆင်ထားတာကြာပြီဖြစ်သည်။ သူသည်သူ့ကိုယ်သူကိုကျန်းရွှင်းယီထံပစ်ဝင်လိုက်ပြီး သူ့ကိုသူ့လက်မောင်းထဲတွင်ကာကွယ်ထားလိုက်သည်။
ထိတ်လန့်သွားရကာ ယွင်ရှဲ့၏ရင်ဘတ်ကို သူ့တံတောင်ဆစ်နှင့်ထိုးရန် ကျန်းရွှင်းယီအလျင်စလိုကြိုးစားလိုက်သည်။
"ဖယ်စမ်းပါ၊ မင်းငါ့အတွက်ကာပေးဖို့မလိုဘူး။"
ဤကဲ့သို့သေခြင်းနှင့်ရှင်ခြင်းအခိုက်အတန့်တွင် ယွင်ရှဲ့ပြုံးလိုက်မိသည်။ သူ၏အသက်ရှုသံငွေ့ငွေ့လေးဟာ ကျန်းရွှင်းယီ၏နားရွက်ဖျားလေးကိုဖြတ်တိုက်သွားပြီး ရုတ်တရက်မဖော်ပြနိုင်လောက်သောနူးညံ့မှုကိုပြသနေသည်။
"အားရွှင်း၊ တကယ်တော့ ကိုယ်ကအမြဲတမ်း..."
ကျန်းရွှင်းယီ: "ဟင်? မိုးကြိုးဘယ်ရောက်သွားပြီလဲ။"
ယွင်ရှဲ့၏စကားလုံးများမှာ လည်မျိုမှာတင်တစ်ဆို့သွားရသည်။ စကား၏ကျန်တစ်ဝက်က သူ့အစာအိမ်ထဲကိုပြန်ဝင်သွားသလိုပင် သူခံစားလိုက်ရသည်။ ဤစိတ်ပျက်မှုကိုမြိုသိပ်ထားလိုက်ပြီး သူနောက်ဆုံးတွင်တုံ့ပြန်လိုက်သည်။
ထိုမိုးကြိုး၏အရှိန်ကိုထည့်သွင်းစဥ်းစားလိုက်မည်ဆိုပါက သူနှင့်ကျန်းရွှင်းယီ တစ်ယောက်ကိုတစ်ယောက်တွန်းဖယ်တိုးဝှေ့နေချိန်မှာတင် သူတို့မိုးကြိုးပစ်ခံရပြီးသေတာကြာလောက်ပြီဖြစ်၏။ သို့သော်လည်း သူတို့ပတ်ဝန်းကျင်ကတော့လုံးဝကိုငြိမ်သက်လျက်ရှိ၏။ ထိုမိုးချုန်းသံနှင့် လျှပ်စီးသံကိုပင်မကြားရတော့ချေ။
သူတို့ပတ်ဝန်းကျင်ကိုကြည့်ရှုပြီးသောအခါတွင် ချက်ချင်းကိုအံ့သြသွားမိသည်: တိမ်မည်းများနှင့်လျှပ်စီးကြောင်းပျောက်ကွယ်သွားရုံသာမက သူတို့ဒီကိုရောက်ဖို့ဖြတ်သန်းလာခဲ့သော လမ်းကျဥ်းလေးပင်မရှိတော့ပေ။ သူတို့အထက်၌မူ ကြည်လင်နေသောအပြာရင့်ရောင်မိုးကောင်းကင်သာလျှင်ရှိပြီး တိမ်တိုက်၏အရိပ်ကိုပင်မတွေ့ရချေ။ ဟိုးအမြင့်ဆုံးအထက်တွင် တောက်ပသောလနှစ်စင်းရှိကာ တစ်စင်းကအပြည့်ဖြစ်ပြီး နောက်တစ်စင်းကလခြမ်းကွေးလေးပါပေ၊ ၎င်းတို့၏ဝေးကွာလှသောအလင်းရောင်က တစ်စင်းကိုတစ်စင်းအလင်းပေးလျက်ရှိသည်။
သူနှင့်ကျန်းရွှင်းယီကား တကယ်တမ်းတွင် အလွန်တရာကျယ်ပြောလှသောပင်လယ်သမုဒ္ဒရာ၏အထက်မှာ လဲလျောင်းနေကြခြင်းပင်။ သူ့မျက်လုံးတစ်စုံကိုအားစိုက်၍ကြည့်လိုက်လျှင်ပင် ရေ၏အဆုံးကိုမမြင်ရသည်အထိ အရမ်းကိုအဆုံးမဲ့လှသည်။ သူတို့ရေမနစ်သေးသကဲ့သို့ ရေကသူတို့၏အဝတ်အစားကိုပင်မစိုစွတ်ပေ။ သို့သော်လည်း ပင်လယ်မျက်နှာပြင်ကတော့မငြိမ်သက်သေးပေ--- လှိုင်းလုံးတိုင်းဟာလည်း တစ်ချက်တစ်ချက်တက်လာတိုင်းမှာ အရင်ကထက်ပြင်းထန်သောအဟုန်နှင့်ရွေ့လျားလျက်ရှိပြီး သူတို့အရှေ့မှာတင် တစ်ခုနှင့်တစ်ခုထပ်ကာ အောက်ဖက်ကိုလွှမ်းခြုံလိုက်၏။ ယွင်ရှဲ့နှင့်ကျန်းရွှင်းယီကဲ့သို့ ကိုယ်ဖော့သိုင်းကျွမ်းကျင်သူများပင် မြဲမြံစွာရပ်ဖို့ရန်ခက်ခဲလှသည်။
ဤဗလာနတ္ထိတွင်းနက်ထဲတွင် အကန့်အသတ်မဲ့ပင်လယ်နှင့် အကန့်အသတ်မရှိသောကောင်းကင်သာလျှင်ရှိ၏။ ခွန်အားကြီးသောသူများပင်ကူကယ်ရာမဲ့စွာဖြင့် ကြောက်ရွံ့ရိုသေမှုနှင့်လေးစားမှုကိုခံစားမိသည်မှာ သူတို့ကဗလာသက်သက်ဖြစ်လာပြီး ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကြားက အထီးကျန်နေသောဝိညာဥ်လေးတစ်ခုဖြစ်နေသည့်အလား၊ သူတို့ဘယ်နေရာကလာပြီး ဘယ်ကိုသွားရမှာလဲဆိုတာကို နားလည်နိုင်စွမ်းမရှိ...
ယွင်ရှဲ့ခေါင်းငုံ့၍ ကျန်းရွှင်းယီနှင့်မျက်လုံးချင်းဆုံလိုက်သည်။ ဖြစ်တောင့်ဖြစ်ခဲလေးနက်မှုနှင့်အတူ သူသက်ပြင်းချလိုက်မိသည်။
"ဒီနေ့မှာ ငါသိလိုက်ရတာက 'ကျူပင်တွေနှင့်ဆင်တူကာ အဆုံးမရှိသောကျယ်ပြောလှသည့်တွင်းနက်ကြီးထဲကိုစီးဆင်းနေ၏'* ဆိုတဲ့စာပိုဒ်ထဲကစာသားတွေကို ခံစားမိလိုက်ရပြီဆိုတာပဲ။"
[*စုရှီရဲ့ ကာရန်ညီစကားပြေဖြစ်တဲ့ 'အနီရောင်ချောက်ကမ်းပါးပေါ်က တမ်းချင်း'ထဲက အပိုင်းလေးတစ်ခုပါ။ "လှေငယ်လေးတစ်စင်းက ကျယ်ပြောလှတဲ့ မြစ်တစ်လျှောက်မှာ ပေါလောပေါ်နေပါတယ်"လို့ ဖော်ပြရာမှာ သုံးတယ်လို့ E tranက ပြောတယ်ရော် XD... ]
ကျန်းရွှင်းယီအမူအရာမဲ့စွာဖြင့် သူ့နောက်ကျောကိုပုတ်ပေးလိုက်သည်။
"ဂိုဏ်းဆရာယွင်က ပွတ်သီးပွတ်သပ်လုပ်ပြီး နွေးနွေးထွေးထွေးနဲ့ ဒီလိုဖိချလိုက်တော့မလို့လား။
ဒီညီငယ်လေးရဲ့အလောင်းကို အရင်လိုက်ပို့ပေးချင်နေပြီလား။"
ယွင်ရှဲ့: "......."
သူကဖြည်းဖြည်းချင်းမတ်တပ်ရပ်ကာခေါင်းခါလိုက်သည်။
"ကမ္ဘာကြီးပေါ်မှာ မင်းလိုမျိုးထုံအတဲ့သစ်တုံးနဲ့ ငါဘယ်လိုဖြစ်ပြီးတော့ ဒီလောက်နှစ်တွေအကြာကြီးသူငယ်ချင်းဖြစ်လာရတာပါလိမ့်?"
ကျန်းရွှင်းယီပြက်ရယ်ပြုကာ မတ်တပ်ထရပ်လိုက်သည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ သူကအေးဆေးစွာဖြင့် အရှေ့ကိုလျှောက်သွားပြီး သူ့ဘာသာသူရွေရွတ်လိုက်သည်။
"စိတ်ကူးယဥ်နေရာ?"
ယွင်ရှဲ့ဟာလည်းပဲပင်လယ်ရေမျက်နှာပြင်ပေါ်မှာရပ်နေခြင်းပင်၊ သူခန္တာကိုယ်မှာလှိုင်းများနှင့်အတူ မြင့်တက်လိုက်၊ အောက်ကျလိုက်ဖြစ်နေတော့သည်။ သူခေါင်းခါလိုက်မိသည်။
"မင်းနဲ့ငါ့ကို ဒီလိုပုံရိပ်ယောင်ထဲကျသွားအောင်လုပ်နိုင်တဲ့အဆင့် ဘယ်သူ့မှာရှိနေနိုင်လဲ။ အဲ့ဒါအပြင် မှတ်ထားရမယ့်အရေးကြီးဆုံးအရာက---"
သူကကျန်းရွှင်းယီ၏ခန္ဓာကိုယ်ကိုတစ်ချက်စိုက်ကြည့်လိုက်၏။
"ဒီလိုစိတ်ကူးယဥ်နေရာမှာဆိုရင် အနံ့အရသာကင်းမဲ့နေရမှာလေ။ ဒါပေမယ့်အားရွှင်းရ၊ ကိုယ်မင်းရဲ့ကိုယ်သင်းနံ့လေးကိုအနံ့ခံလို့ရနေတယ်ရော်~!"
ကျန်းရွှင်းယီအေးစက်စက်ပြုံးကာ သူ့လက်ကိုဝှေ့ယမ်း၍ လေထဲကိုရိုက်ချလိုက်သည်။ လေထဲမှမီးနဂါးတစ်ကောင်ရုတ်တရက်ထွက်လာပြီး ယွင်ရှဲ့ထံတဟုန်ထိုးပြေးလာတော့သည်။
ယွင်ရှဲ့ကသိမ်မွေ့စွာဖြင့်ဘေးကိုရှောင်တိမ်းလိုက်သည်။ သို့ပေမယ့် မီးနဂါး၏အလင်းရောင်အောက်တွင် ပင်လယ်လှိုင်းလုံးတွေကအတော်လေးထူးဆန်းပြီး ချောက်ချားစရာကောင်းနေသည်ကို သူသတိထားမိလိုက်သည်။ စိတ်ရှုပ်ထွေးစွာဖြင့် သူမြန်မြန်ပြောလိုက်မိသည်။
"ခဏနေအုံး၊ အားရွှင်း၊ ဒီလှိုင်းလုံးတွေကိုအလင်းရောင်ထပ်ပေးပါအုံး။"
သူ့ကြည့်ရတာနောက်နေပုံမပေါ်ကြောင်း ကျန်းရွှင်းယီမြင်လိုက်ရသည်။ ထို့ကြောင့် ယွင်ရှဲ့၏စကားနောက်ကိုလိုက်၍ သူ့လက်ကိုဆန့်ကာ သူ့လက်ဖဝါးကိုအပေါ်မြှောက်လိုက်သည်။ မီးတောက်လေးကသူ၏ကျောက်စိမ်းတစ်မျှဖြူသောလက်ဖဝါးမှ ချက်ချင်းပေါ်ထွက်လာကာ လေထဲကိုဖြည်းဖြည်းချင်းလွင့်မျောသွားသည်။ မီးတောက်ကတဖြည်းဖြည်းချင်းကြီးမားလာကာ သူတို့၏ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ တောက်ပစွာရွှန်းလဲ့နေရော့သည်။
ဤတစ်ကြိမ်တွင် သူတို့နှစ်ယောက်လုံးကအမှန်တရားကိုမြင်လိုက်ရပေသည်။ လှိုင်းလုံးတိုင်းကအထက်ကိုတက်လာသောအခါ ခြိမ်းခြောက်သည့်ပုံစံ(သွားဖြဲပြကာ ဓားကိုဝှေ့ယမ်းနေသောဟန်အမူအရာ)လုပ်နေသည့် ကြီးမားသောလူမျက်နှာပုံစံကိုဖော်ဆောင်လျက်ရှိကာ ပင်လယ်ထဲကိုပြန်လည်ကျရောက်သွား၏။ လူမျက်နှာတစ်ခုချင်းစီတွင် ပျော်ရွှင်မှု (သို့) ဒေါသဖြစ်နေရာမှ ဝမ်းနည်းမှု (သို့) နာကျင်နေပုံ အစရှိသည့်မတူညီကွဲပြားသော မျက်နှာအမူအရာများရှိနေသော်လည်း မျက်နှာတစ်ခုစီတိုင်းမှာ အလွန်အကျူးချဲ့ကားထား၏။
ကျန်းရွှင်းယီစိတ်အလိုမကျစွာဆိုမိသည်။
"ရှင်းမော့ဂူ!"
ယွင်ရှဲ့: "အဲ့ဒါဘာကြီးလဲ။"
ကျန်းရွှင်းယီ၏မျက်လုံးမှာ ပြောင်းလဲနေသောမျက်နှာတွေပေါ်တွင်မလွဲမသေရှိနေပြီး သူ့ပါးစပ်ကရှင်းပြသည်။
"ရှင်းမော့ဂူက လင်းယင်တောင်ပေါ်မှာရှိတဲ့တားမြစ်ထားတဲ့နေရာပဲ။ ပြောကြတာကတော့ ဒီဂူထဲကိုဝင်ပြီးသွားလို့ရှိရင် တစ်ယောက်ရဲ့နှလုံးသားအတွင်းပိုင်းမှာရှိတဲ့ စိတ်ခံစားချက်*တွေက အတော်လေးကိုပြင်းထန်လာတယ်ဆိုပဲ။ လူတွေကိုသူတို့ကန့်သတ်ထားတာတွေကိုဖောက်ဖျက်စေပြီး သူတို့ရဲ့လိုအင်ဆန္ဒအတိုင်းပြုမူစေတယ်။ ငါအဲ့ဒီ့ကိုတစ်ခါမှ မရောက်ဖူးဘူး။ ဒါပေမယ့် ဂူထဲမှာဘာရှိသလဲဆိုတာကို အကြမ်းဖျင်းရေးဆွဲထားတဲ့ပန်းချီပုံတချို့ကိုငါတွေ့ဖူးတယ်။ ဒီလူမျက်နှာတွေက ဂူနံရံပေါ်မှာရေးဆွဲထားတဲ့ပန်းချီပုံတွေနဲ့ တစ်ပုံစံတည်းပဲ။"
[*စိတ်ခံစားချက်၄ရပ်: စိတ်ချမ်းမြေ့မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု]
ယခုဘာတွေဖြစ်နေသလဲဆိုတာကို သူအတော်အသင့်နားလည်သွားရသည်။ ဤအကန့်အသတ်မဲ့ပင်လယ်သမုဒ္ဒရာက ဒဏ္ဍာရီအရ မိစ္ဆာဘုရင်ရွှမ်လီ၏ကိုယ်ခန္ဓာပုန်းကွယ်နေသည့်နေရာဖြစ်သော ရှင်းမော့ဂူဖြစ်ပုံပင်။
ဒါကိုကြားလိုက်ရရင်း ယွင်ရှဲ့မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါပေမယ့် ဒီလှိုင်းလုံးကငါတို့ဆီကပုန်းနေတယ်လို့ ငါဘာလို့ခံစားနေရတာပါလိမ့်? စစ်ဆေးကြည့်ရအောင်။"
သူပြောရင်းဖြင့် သူက ရေစီးကြောင်းလားရာအတိုင်း အရှေ့ကိုလျှောက်သွားလိုက်ရာ ပင်လယ်ရေလှိုင်းတွေကအမှန်တကယ်ကိုပင် အနောက်ဆုတ်သွားသည်။ ၎င်းတို့က ယွင်ရှဲ့၏ခြေဖဝါးကိုတဖျတ်ဖျတ်ရိုက်နေဆဲဖြစ်ပေမယ့် သူ့ကိုယ်ပေါ်ကိုတော့ရေတစ်စက်မျှမစင်လာပေ။
သူ့အနောက်တွင် ကျန်းရွှင်းယီကသူ့ဓားကိုဆွဲထုတ်ကာ အေးစက်စက်ပြောလိုက်သည်။
"အဓိပ္ပါယ်မရှိတဲ့ဟာတွေ။ အဲ့အရာကငါတို့ကိုကြောက်ရမယ်မှန်းသိနေမှတော့ ဒီနေရာမှာပေါ်လာပြီး ငါတို့ကိုခြိမ်းခြောက်ဖို့ကြိုးစားမနေသင့်ဘူး။"
သူပြောလိုက်ရင်းဖြင့် သူကလေထဲကိုပျံလွှားကာ ယွင်ရှဲ့၏အရှေ့ကိုခုန်လိုက်သည်။ သူသည်မဲ့ဟွားဓားကိုသူ့ဆီကိုခေါ်ရန် သူ့လက်ကိုမြှောက်လိုက်ရာ ဓားသွားကတောက်ပသောအလင်းရောင်ဖြင့် ရုတ်တရက်ပေါ်ထွက်လာသည်။ ကျန်းရွှင်းယီကဓားရိုးကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ သူတို့ရှေ့ကကြီးမားသည့်လှိုင်းလုံးဆီကို တည့်တည့်မတ်မတ်ခုတ်ထစ်လိုက်၏!
ဓားစွမ်းအင်ကလျှံကျလာကာ မိုးကြိုးအလင်းတန်းပမာ တောင်ကိုကွဲအက်သွားစေပြီး လျှပ်စီးကြောင်းကမျက်စိကျိန်းစေနိုင်ပေသည်။ တောင်များကိုငိုယိုစေကာ ပင်လယ်ကိုအော်စေနိုင်လောက်အောင်လုံလောက်သည်အထိ ခွန်အားကြီးလှပြီး ဓားသွားကဟိုးအဆုံးသတ်အထိရောက်သွားကာ ဤကြောက်ခမန်းလိလိဖြစ်သောဧရာမဒီရေကို တကယ်ပဲနှစ်ခြမ်းကွဲအောင်ခွဲပစ်လိုက်လေသည်။
ယွင်ရှဲ့ကူကယ်ရာမဲ့စွာဖြင့် ဤပင့်သက်ရှိုက်ဖွယ်ရာပြီးပြည့်စုံသောကျွမ်းကျင်မှုကြီးကို ဂုဏ်ပြုလက်ခုပ်သြဘာသံပေးလိုက်မိသည်။
ဝုန်းခနဲမြည်ဟည်းသံနှင့်အတူ ပင်လယ်ရေကကျန်းရွှင်းယီ၏ရိုက်ချက်တလျှောက်ကွဲထွက်သွားသည်။ ရေခဲနှင့်နှင်းခဲများဖြင့်ဖုံးလွှမ်းထားသောမြင့်မားသည့် လမ်းကြောင်းတစ်ခုပေါ်လာလေသည်။ ထိုလမ်းကြောင်း၏အလယ်ဗဟို၌မူ အနက်ရောင်သစ်သားခေါင်းတလားတစ်ခုရှိနေ၏။
ထိုခေါင်းတလားကိုယွင်ရှဲ့မြင်လိုက်ရသည့်တစ်ခဏတွင်၊ သူ့နှလုံးသားကမရှင်းပြနိုင်လောက်အောင် သူ့ရင်ဘတ်ထဲတွင်တဒိန်းဒိန်းခုန်လာပေသည်။ သူ့ခေါင်းကမူးဝေမှုမှချာချာလည်လာပြီး သူ့စိတ်ကိုအလျင်စလိုထိန်းချုပ်ရတော့သည်။
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...