[၁၁] ကျောက်စိမ်းညီနောင်

9K 1.2K 9
                                    

အခန်း(၁၁) ကျောက်စိမ်းညီနောင်

"ဒီတိမ်ကိုဖြိုခွင်းလိုက်ရင် မှန်သလား၊ မှားသလား။"

ဤရှင်းလင်းသောညတွင် ပတ်ဝန်းကျင်တစ်ခွင်မှာ လုံးဝဥသုံတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ တစ်ခုတည်းသောကြားနိုင်သည့်အသံကား ညဘက်ကျက်စားသည့်ငှက်များ၏ အခါအားလျော်စွာတွန်မြည်သံပင်။

ရုတ်တရက်ချင်းပင်၊ အခန်းတံခါးမှာဆောင့်ခနဲဖွင့်ခံလိုက်ရသည်။ အေးခဲဖွယ်ရာညလေညှင်းမှာ အထဲကိုဝင်ရောက်တိုက်ခတ်လာပြီး လူတိုင်း၏ကျောရိုးကိုတုန်ယင်စေလောက်သည်အထိ အေးစိမ့်လျက်ရှိသည်။ ကျန်းရွှင်းယီခေါင်းမော့လိုက်သည်။ သူ့မျက်လုံးများမှာနီစွေးနေဆဲဖြစ်ပေမယ့် သူ့မျက်ရည်များကတော့ခြောက်သွေ့သွားတာကြာလေပြီ။

သူနောက်လှည့်မကြည့်ဘဲမတ်တပ်ထရပ်လိုက်သည်။ သူအေးစက်စွာဖြင့် မထူးခြားမခြားနားပြောလိုက်သည်။
"မင်းတို့အားလုံး...နောက်ဆုံးတော့ရောက်လာကြပြီပဲ။"

တံခါးအပြင်ဘက်တွင် လင်းယင်ဂိုဏ်း၏တပည့်ဂိုဏ်သားများမှာ ဓားကိုယ်စီကိုင်ဆောင်လျက်သားဖြင့် မတ်တပ်ရပ်နေကြသည်။ သူတို့ကိုဦးဆောင်လာတာကတော့ သွေးအေးကာ တည်ငြိမ်သောမျက်နှာနှင့် လူအိုနှစ်ယောက်ပင်ဖြစ်၏။ တစ်ယောက်ကအမည်းရောင်ဝတ်ဆင်ထားပြီး နောက်တစ်ယောက်မှာ အဖြူရောင်ဝတ်ဆင်ထားသည်။ ၎င်းနှစ်ယောက်ကား ကျော်ကြားသော "လင်းယင်ဂိုဏ်း၏အကြီးအကဲနှစ်ဦး"ဖြစ်ကာ ကျင်းယွမ်နှင့်ကျန်းဟိုင်ဟုအမည်ရပြီး သူတို့၏အဆင့်အတန်းမှာ ဂိုဏ်းချုပ်ထာဝရရှင်သန်သူဆရာတိမင်ပြီးလျှင် ဒုတိယနေရာတွင်ရှိသည်။

ကျန်းရွှင်းယီ၏စိတ်အခြေအနေမှာ နဂိုကတည်းကဆိုးရွားနေခြင်းပင်။ ယခုအနောက်ကိုလှည့်ကြည့်လိုက်ရာ ဤလူအိုနှစ်ယောက်ကိုမြင်လိုက်ရတော့ ကျန်းရွှင်းယီ၏အကြည့်စူးစူးများမှာ ပို၍ပင်စူးရှလာသည်။ Systemထံမှရရှိလာသည့်ဇာတ်ညွှန်းများမှာ ယွင်ရှဲ့၏အနီးတစ်ဝိုက်ရှိ အဓိကဖြစ်ရပ်အနည်းကျဥ်းသာဖြစ်ပြီး အသေးစိတ်အချက်အလက်နှင့် အရံဇာတ်ကောင်တို့၏အကြောင်းအရာများစွာကို ချန်လှပ်ထားခဲ့သည်။ သူကအပြင်လူတစ်ယောက်အနေနှင့် ဤစာအုပ်ထဲကိုဝင်ရောက်လာပြီးနောက်ပိုင်းတွသ် ဇာတ်ကြောင်းက သူ၏ကိုယ်ပိုင်အားထုတ်ကြိုးပမ်းမှုနှင့် သူ့ဦးတည်ချက်များအရ မကြာမကြာတိုးတက်လာသည်။ သို့ပေမယ့် ဒီလူအိုနှစ်ယောက်ကမကောင်းဘူးဆိုတာ သူသိနှင့်တာကြာပြီပင်။ ဤလူအိုနှစ်ယောက်က ယနေ့ဖြစ်ရပ်ကိုပြုလုပ်ခဲ့တာဖြစ်ရမည်။

အိပ်ယာပေါ်တွင်လဲလျောင်းနေဆဲဖြစ်သည့်ဆရာတိမင်ကို ကျန်းရွှင်းယီတစ်ချက်စိုက်ကြည့်၍ ရေရွတ်မိသည်။
"အထက်ကောင်းကင်ဘုံရဲ့အလိုတော်အရ၊ ဒီလူနှစ်ယောက်ကိုသတ်ခြင်းအားဖြင့် ငါ့ဒေါသကိုမဖြေသိမ့်နိုင်ဘူးဆိုရင် ငါထမ်းစင်ပေါ်တင်ခံရရင်တောင်မှ ငါထွက်သွားနိုင်မှာမဟုတ်ဘူး။"

ကျန်းရွှင်းယီ၏ရန်လိုပြီး အာဏာဖီဆန်တတ်သောအသွင်အပြင်ကို ကျန်းယွမ်အမြဲသဘောမကျခဲ့ပေ။ ဤအခိုက်၊ ကျန်းရွှင်းယီကသူ့ကိုယ်သူတိုင်တည်ပြောဆိုနေသည်ကို မြင်လိုက်ရရင်း ကျန်းယွမ်ပို၍ပင်စိတ်မရှည်ဖြစ်လာရသည်။ သူရှေ့တိုးကာ အော်ပြောလိုက်သည်။
"ကျန်းရွှင်းယီ၊ မင်းကနှလုံးသားမဲ့ပြီး အရှက်မရှိတဲ့ဂိုဏ်းသားပဲ၊ မင်းတကယ်ပဲမင်းရဲ့ဆရာသခင်ကိုသတ်ရဲတယ်ပေါ့လေ!"

သူစကားလုံးများထွက်ကျလာသည်နှင့် ကျန်းရွှင်းယီ၏ပုံရိပ်မှာ လူတိုင်း၏အမြင်အာရုံထဲမှရုတ်တရက်ပျောက်ကွယ်သွားသည်။
ထိတ်လန့်နေသည့်ကျန်းဟိုင်က လျင်မြန်စွာအမိန့်ပေးလိုက်သည်။
"မြန်မြန်လိုက်ဖမ်း! သူ့ကိုဝေးဝေးမပြေးစေနဲ့!"

သို့သော်လည်း မျက်စိတစ်မှိတ်အတွင်း၌ ကျန်းရွှင်းယီ၏ပုံရိပ်က ကျင်းယွမ်၏အနောက်တွင်ပြန်ပေါ်လာသည်။ ကျယ်လောင်သောဂလောင်ခနဲမြည်သံနှင့်အတူ မျက်မှောက်ရှိလူတိုင်းက အကန့်အသတ်မဲ့ကြည်လင်ပြီး အေးစက်သောဓားသွားကိုမြင်လိုက်ကြရသည်။ အကြီးအကဲကျင်းယွမ်က စကားလုံးမဲ့စွာဖြင့်မြေပြင်ပေါ်လဲကျသွားပြီး သူ့နှလုံးမှသွေးများပန်းထွက်လာသည်။

ရာစုနှစ်များစွာထင်ရှားကျော်ကြားခဲ့သည့် ဤခွန်အားကြီးသောအကြီးအကဲမှာ ပြန်တိုက်ခိုက်ရန်အစွမ်းအစအနည်းကျဥ်းပင်မရှိဘဲ ဓားချက်တစ်ချက်ဖြင့်အသတ်ခံလိုက်ရပေသည်!

ကျန်းရွှင်းယီသည်ငယ်စဥ်ကတည်းက ဉာဏ်ကြီးရှင်ဟုအခေါ်ခံခဲ့ရ၏။ သူ့စွမ်းရည်များအပြည့်အဝတိုးတက်လာတည်းက ရှုံးနိမ့်ခြင်းမရှိဟုပြော၍ရသည်။ သို့ပေမယ့် သူ၏သွေးအေးပြီး မာနကြီးသောပင်ကိုယ်စရိုက်နှင့် သူ့အနားကပ်ရန်မလွယ်ကူပေ။ ရလဒ်အနေဖြင့် လက်ရှိလူအများစုဟာ သူတိုက်ခိုက်တာကိုအရင်ကမမြင်ဖူးကြသဖြင့် ကောလဟာလသတင်းများဟာအလွန်ချဲ့ကားပြောဆိုနေသည်ဟု အားလုံးယုံကြည်ခဲ့မိကြသည်။ ဒါကိုယနေ့မြင်လိုက်ရရင်း ဤလူ၏ကြောက်မက်ဖွယ်ရာခွန်အားကို သူတို့နောက်ဆုံးတွင်သိရှိသွားကြပြီး ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်အံ့အားသင့်လျက် တိတ်တိတ်လေးနောက်ဆုတ်မိလိုက်ကြသည်။

ကျန်းရွှင်းယီ၏အောင်မြင်သောဓားထိုးချက်အပြီးတွင်၊ သူကခြေဖျားလေးဖြင့် အနောက်ဆုတ်လိုက်သည်။ ခုနကသူ၏တိုက်ခိုက်မှုက ကျင်းယွမ်ဘာမှပြင်ဆင်ထားခြင်းမရှိတာကို အခွင့်ကောင်းယူခဲ့ခြင်းဖြစ်ကာ ကံကောင်းမှုတချို့လည်းပါဝင်နေသည်ကို သူ့နှလုံးသားထဲတွင်သိနေသည်။ ယခုတွင်အခြားလူတွေအကုန်လုံးက သေချာပေါက်ကို သတိကြီးကြီးထားနေကြပြီး နောက်ထပ်တိုက်ခိုက်ရန် လွယ်ကူတော့မည်မဟုတ်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now