[၁၂] သစ္စာဖောက်ခြင်း

8K 1.1K 32
                                    

အခန်း(၁၂) သစ္စာဖောက်ခြင်း။

"စကားများမနေနဲ့၊ ဆင်းသွားလိုက်တော့!"

ယွင်ရှဲ့လေချွန်လိုက်ရာ မင်ဟဲ့ဓားကဓားအိမ်ထဲမှထွက်လာပြီး ကြီးမားသောစွမ်းအင်လှိုင်းတို့ကိုကို ချက်ချင်းထုတ်လွှတ်တော့သည်။ သူက ရက်စက်ကြမ်းကြုတ်စွာထိုးနှက်လာပြီး သူ၏လျင်မြန်သောတိုက်ကွက်များအောက်တွင် ပတ်ပတ်လည်ရှိဂိုဏ်းသားများကို နောက်ပြန်ဆုတ်ရန်တွန်းအားပေးလျက်ရှိသည်။ ယွင်ရှဲ့သည်၎င်းကိုအခွင့်အရေးယူ၍ လူနှစ်ယောက်ကိုလွင့်စင်သွားအောင်လုပ်လိုက်သည်။ ခြေဖျားထိပ်ဖြင့်မြေပြင်ပေါ်သို့ခပ်ဖွဖွဆင်းသက်လိုက်ရင်း အရှေ့တိုးကာ ကျန်းရွှင်းယီနှင့်ကျောချင်းကပ်လျက်ရပ်လိုက်သည်။

ကျန်းရွှင်းယီကအနောက်ဆုတ်လိုက်သဖြင့် သူ့ကျောပြင်ကယွင်ရှဲ့၏ကျောပြင်နှင့်ဖိကပ်သွားရာ ယွင်ရှဲ့ရုတ်တရက်တုန်ယင်သွားသည်ဟု သူခံစားမိလိုက်သည်။ အံ့သြ၊ ပူပင်စွာဖြင့် ကျန်းရွှင်းယီတီးတိုးမေးလိုက်မိသည်။
"မင်းဒဏ်ရာရထားတာလား?"

ယွင်ရှဲ့ကချောင်းခြောက်တစ်ချက်ဆိုးကာပြုံးလိုက်သည်။
"မဖြစ်နိုင်တာ။ မင်းရဲ့ဂိုဏ်းကအသုံးမဝင်တဲ့အမှိုက်တွေက ငါ့ကိုထိခိုက်အောင်ဘယ်လိုလုပ်နိုင်မှာလဲ။"

ကျန်းရွှင်းယီတိုးတိုးလေးထပ်ပြောလိုက်သည်။
"ကောင်းတယ်။ ငါပြောတာနားထောင်: ခဏနေရင် ဟောခန်းမအလယ်ကအဲ့ဒီ့ရွှေရောင်ရုပ်ပွားတော်ကို အတူတူတိုက်ချကြမယ်။ အဲ့ဒီ့အောက်မှာ တောင်အနောက်ဖက်ကိုရောက်နိုင်တဲ့လမ်းကြောင်းရှိတယ်။ ငါတို့ဒီကောင်တွေကို အကုန်မဖယ်ထုတ်နိုင်ပေမယ့်လို့ အနည်းဆုံးတော့အသက်ရှူဖို့အချိန်ခဏရလိမ့်မယ်။ အဲ့ဒါက ငါတို့အခုလက်ရှိဖြစ်နေတဲ့ လွယ်ကူတဲ့ပစ်မှတ်လိုနေနေတာထက်စာရင်ပိုကောင်းတယ်။"

ယွင်ရှဲ့အံ့သြသွားရသည်။
"အဲ့ဒါက မင်းရဲ့ဘိုဘေးရုပ်ထုမဟုတ်လား။"

ကျန်းရွှင်းယီကရေခဲတမျှအေးစက်လျက်ရှိသည်။
"အဲ့တော့ဘာဖြစ်လဲ။ သူက သေပြီးသွားပြီလေ။ တကယ်လို့ ကျောက်တုံးအပဲ့က အနာဂတ်မျိုးဆက်သစ်တွေကို မကာကွယ်နိုင်ဘူးဆိုရင်၊ ဒီအတိုင်းထားထားရင်လည်း ဘာမှအသုံးဝင်မှာမဟုတ်ဘူး။"

ယွင်ရှဲ့အော်ရယ်မိလိုက်ကာ တောက်ပစွာပြောလိုက်သည်။
"အားရွှင်း~အို၊ အားရွှင်း၊ ဖြတ်သန်းလာရတဲ့နေ့ရက်တွေတိုင်းမှာ ကိုယ်မင်းကို ပို ပိုပြီး သဘောကျလာပြီရော်!"

ကျန်းရွှင်းယီစိတ်တိုစွာပြန်ပြောလိုက်သည်။
"မင်းပါးစပ်ပိတ်ထားနိုင်မလား?!"

ယွင်ရှဲ့သည် ဂိုဏ်းသားနှစ်ယောက်၏တိုက်ခိုက်ချက်များကိုပိတ်ဆို့လိုက်၏။ သူရုတ်တရက်နောက်ပြန်လှည့်ကာ ကျန်းရွှင်းယီ၏မျက်နှာကိုဖျစ်ညှစ်လိုက်ပြီး ထို့နောက်လျင်မြန်စွာခုန်၍ ခန်းမအလယ်ရှိရုပ်ထု၏အနောက်တွင်ပုန်းလိုက်သည်။

ယွင်ရှဲ့ကား သမိုင်းတွင်စွာဖြင့် သူ၏စိတ်အပြောင်းအလဲအရပြုမူတတ်ပေသည်။ ထို့ကြောင့် အကြီးအကဲကျင်းဟိုင်မှာ သူဤအချိန်တွင် ရူးမိုက်စွာပြုမူနေတာကိုမြင်လိုက်ရ၍ ပျော်ရွှင်နေမိသည်။ သူသည်ကျန်းရွှင်းယီကိုတိုက်ခိုက်ရန် အလျင်စလိုဖြစ်နေမိ၏။

ကျန်းရွှင်းယီကကျင်းဟိုင်၏ကြာပွတ်ကိုရှောင်ရန် ဘေးကိုကွေးလိုက်သည်။ သူ့စိတ်ကယွင်ရှဲ့ကိုဒေါသထွက်နေသည့်နှယ် သူအနောက်ကိုပျံသန်းသွားကာ သူ့အနီးရှိလူတိုင်းကိုလျစ်လျူရှု၍ ယွင်ရှဲ့ထံသို့လက်ဝါးဖြင့်ရိုက်ချလိုက်သည်။

ယွင်ရှဲ့ကရှောင်တိမ်းလိုက်ရာ ကျန်းရွှင်းယီ၏လက်ဝါးကရုပ်ထုကိုရိုက်ခတ်မိသွားသည်။ ယွင်ရှဲ့သည်ပြီးပြည့်စုံသောနေရာအနေအထားကိုရွေးချယ်၍ ကျန်းရွှင်းယီနှင့်တူညီသော လက်ဝါးအားကိုသုံးလိုက်သည်။ ကျယ်လောင်သောအက်ကွဲသံနှင့်အတူ သက်ရှိနှင့်တူသည့် ဘိုးဘွားဘီဘင်ရုပ်ထုကြီး၏ကိုယ်ထည်တစ်ခုလုံးမှာ ချက်ချင်းပင်အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသည်။

အကြီးအကဲကျင်းဟိုင်က လုံးဝကိုပျာယာခတ်သွားပြီး ဒေါသလည်းပိုထွက်လာသည်။ သူအရှေ့ကိုသွားရန်ပြင်လိုက်သည်နှင့်တစ်ပြိုင်နက် လူနှစ်ယောက်မှာ ခြေရာတောင်မကျန်ပျောက်ကွယ်သွားကြောင်း သူသတိထားမိလိုက်သည်။

သူသည်နာကျည်းချက်နှင့်ဒေါသတို့ဖြင့်ပေါက်ကွဲမိကာ အနီးရှိမှောက်နေသည့်ထိုင်ခုံကို အစိတ်စိတ်အမွှာမွှာဖြစ်သည်အထိ ကန်ကျောက်မိတော့သည်။ ရုတ်တရက်ချင်းပင်၊ အမျိုးသမီးတစ်ယောက်၏အသံက သူ့အနောက်မှထွက်လာသည်။
"ဘာဖြစ်လို့လဲ၊ ရှစ်ရှုန်း? အစ်ကိုရဲ့စိတ်အခြေအနေက ဒီလောက်တောင်ဆိုးရွားနေတာလား။"

အကြီးအကဲကျင်းဟိုင်မှာ အသစ်ရောက်လာသူကိုလှည့်ကြည့်လိုက်ရာ သူ့မျက်နှာထားကပို၍ပင်အကျည်းတန်သွားရသည်။ အသံနိမ့်နိမ့်ဖြင့် သူအပြစ်တင်လိုက်သည်။
"ဇီဟွေ့၊ အဲ့ဒီ့တိရစ္ဆာန်ကောင်လေးကျန်းရွှင်းယီရဲ့နောက်ခံက ဂိုဏ်းချုပ်ရှစ်ရှုန်းဖြစ်နေတာကို ငါသိရှိပြီးတာတောင်မှ ငါမင်းရဲ့စကားကိုအရင်နားထောင်ခဲ့တယ်။ ငါအပြင်ကိုတောင်သတင်းမပေးရဲခဲ့တော့ အခုသူ့ကိုကူညီလိုက်သလိုဖြစ်သွားတယ်။ ဒါပေမဲ့ အခုဘာဖြစ်သွားလဲမင်းမြင်ရဲ့လား။ ငါတို့တွေမြွေပွေးခါးပိုက်ပိုက်မိတာပဲ။ အခွင့်ကောင်းကိုငါတို့လွတ်သွားခဲ့ပြီကွ!"

.....

ကျန်းရွှင်းယီနှင့်ယွင်ရှဲ့သည် အချိန်တော်တော်ကြာကြာ ဥမင်လှိုဏ်ခေါင်းတစ်လျှောက်ပြေးလာခဲ့ကြ၏။ တောင်အနောက်ဘက်ကိုရောက်ပြီးနောက်မှသာလျှင် တောင်တန်းဂူတစ်ခုကိုရှာဖွေကာ ထိုင်၍အနားယူရဲတော့သည်။

ကျန်းရွှင်းယီသူ၏ကိုယ်ပိုင်ဓားမဲ့ဟွားကို မြေကြီးပေါ်ပစ်ချလိုက်သည်။ သူသည်ကျောက်တုံးနံရံကိုကျောမှီကာထိုင်ချ၍ စကားတစ်ခွန်းမဆို။

ယွင်ရှဲ့ကသူ့ကိုခြေချောင်းလေးဖြင့်ခပ်ဖွဖွကန်လာပြီး  ဘွင်းဘွင်းရှင်းရှင်းပြောသည်။
"တစ်ယောက်ယောက်က မင်းကိုအကြွေးပေးစရာရှိသလိုမျိုး အမြဲကြည့်နေတာကို မင်းရပ်လို့ရမလား။ ကိုကိုရဲ့ဘဝကမင်းကိုကယ်ဖို့အပေါ် မူတည်နေသလိုမျိုး ဟောဒီကကိုကိုက ဒီကိုအပြေးလေးလှမ်းလာခဲ့ရတာ။ အနည်းဆုံးတော့ကိုကို့ကိုပြုံးပြသင့်ပါတယ်နော်~"

သူဒါကိုပြောအပြီးတွင် မမျှော်လင့်ထားစွာဖြင့် ကျန်းရွှင်းယီကသူ့ကိုထမရိုက်လာပေ။ ထိုအစား သူ့မျက်နှာကဖြူဖျော့၍ သူ့နှုတ်ခမ်းမှသွေးစီးကြောင်းတစ်ကြောင်း တဖြည်းဖြည်းစိမ့်ထွက်ကျလာသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now