[၈] ကြောက်မက်ဖွယ်ရာအတိတ်။

9.3K 1.4K 13
                                    

အခန်း(၈) ကြောက်မက်ဖွယ်ရာအတိတ်။

"'ကောင်းကင်ယံထက်ကတိမ်လွှာများ'ဝတ္ထုထဲမှာ အပုပ်ကောင်တွေလိုမျိုးသက်ရှိတွေရှိနေသေးတယ်ဆိုတာဖြစ်နိုင်ပါရဲ့လား။"

အတိတ်မှာတုန်းက ကျန်းရွှင်းယီဟာ အစားချေးများသူတစ်ယောက်ဖြစ်သည်။ တစ်လုတ်လောက်လွတ်သွားရင်တောင်မှ ယွင်ရှဲ့ကသူ့ကိုအဆက်မပြတ်လိုက်လံချော့မော့တောင်းပန်ရသည်။ ယခုတွင် သူက'အခွံ'ပြောင်းသွားတော့ ယွင်ရှဲ့၏ဆက်ဆံပုံကလည်းနေ့နှင့်ညပမာကွဲပြားသွားသည်။ သူသည် တူကိုချ၍ လွတ်လပ်စွာထိုင်လိုက်ပေမယ့် ယွင်ရှဲ့ကမျက်လုံးပင်လှန်မကြည့်လာ။ ယွင်ရှဲ့ကထမင်းဖြူကိုဖြည်းဖြည်းချင်းဇွန်းအပြည့်ခပ်လိုက်သည်။ ---ယွင်ရှဲ့ဟာလည်း သူ့ရှေ့ရှိဟင်းခွက်ကိုထိပင်မထိပေ။

ကျန်းရွှင်းယီ၏နှလုံးသားထဲတွင် ထူးဆန်းမှုနှင့်စိတ်မချမ်းမြေ့မှုကိုခံစားလိုက်ရသည်။ ဒါကစိတ်ဓာတ်ကျတာကြောင့်လား၊ ခါးသီးသောခံစားချက်တွေကြောင့်လားဆိုတာတော့ မသေချာ။ သူက ကူကယ်ရာမဲ့စွာဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။
"သူကသေပြီးနေပြီပဲ။ ဒီလိုလုပ်တာကရောဘာအသုံးဝင်မှာမို့လို့လဲ"

သူမစဥ်းစားဘဲလွှတ်ခနဲပြောထွက်သွားသည်။ ချက်ချင်းပင်သူ့လျှာကိုကျိန်ဆဲလိုက်မိသည်။ သို့သော်လည်းယွင်ရှဲ့ကပြန်မဖြေ။ သူက ကျန်းရွှင်းယီ၏စကားကို မကြားလိုက်သည့်နှယ် ထမင်းဖြူကိုဆက်ခပ်နေတုန်းဖြစ်သည်။ ဒါပေမယ့် သူ့ပါးစပ်ထဲကိုဘာအစားအစာမှမထည့်သေးပေ။ တစ်ခဏမျှကြာသော် သူကဇွန်းကိုအောက်ချလိုက်သည်။

လူနှစ်ယောက်သည် စကားတစ်ခွန်းမဆိုဘဲ တစ်ခါမှမထိရသေးသည့်ဟင်းခွက်တွေရှိသောစားပွဲ၏ တစ်ဖက်တစ်ချက်စီတွင်ထိုင်နေကြသည်။ လေထုကလည်းတိတ်ဆိတ်ပြီး ထူးဆန်းလျက်ရှိသည်။ ထိုအစား စားသောက်ဆိုင်၏အနီးနားရှိစားပွဲမှလာသည့် ရှင်းလင်းပြတ်သားသောအသံတွေကို ကြားနေရသည်။

ဆူညံသောစကားပြောသံတို့အကြား၌ ကြမ်းတမ်းပြီးမသာယာသောအသံကအကျယ်ဆုံးပင်။
"မင်းတို့ကောင်တွေအားလုံးမှားနေတယ်။ ယန်ရှန်းဂိုဏ်းဆရာယွင်က ကျန်းရွှင်းယီကိုသတ်ခဲ့တယ်ဆိုပေမယ့် မိစ္ဆာတွေကိုသတ်ဖြတ်တဲ့ ကြီးမြတ်ပြီး​ဖြောင့်မတ်တဲ့တရားမျှတမှုအတွက် သူဒါကိုလုပ်ဖို့မလိုပါဘူး။"

ကျန်းရွှင်းယီ၏မျက်ခုံးတစ်ဖက်မသိမသာပင့်တက်သွားရကာ  သူ့မျက်နှာမှာလည်းအပြုံးတစ်စွန်းတစပေါ်လာသည်။

ယွင်ရှဲ့ပင်ကူကယ်ရာမဲ့စွာဖြင့် ထိုစားပွဲကို တစ်ချက်စောင်းကြည့်လိုက်မိသည်။

ထိုစားပွဲရှိလူတွေကမြင့်မားပုံရသည်။ သူတို့သည် တစ်ဖက်ရှိသူတို့နှစ်ယောက်ကို သတိထားမိပုံမရဘဲ စိတ်လှုပ်ရှားစွာစကားလက်ဆုံကျနေကြသည်။ ဆယ်ကျော်သက်ကောင်လေးကဘောက်ဆတ်ဆတ်ပြောသည်။
"မင်း ငါတို့ကိုဒီအတင်းအဖျင်းစကားတွေလာမပြောနဲ့လေ။ ကောင်းပြီ။ ဒါပေမယ့် မင်းဘာပဲလုပ်လုပ်၊ ဒါကိုအပြင်မှာသွားမပြောနဲ့။ ဂိုဏ်းဆရာယွင်မှာ မရေတွက်နိုင်လောက်တဲ့ပရိသတ်တွေအများကြီးရှိတယ်ဟ။ တကယ်လို့ ဒီစကားကို တစ်ယောက်ယောက်ကြားသွားရင် မင်းကတော့ချောင်းရိုက်ခံရတော့မယ်။"

ဆယ်ကျော်သက်ကောင်လေးကရပ်သွားသည်။ သူ့ကြည့်ရတာသိချင်နေပုံပေါ်ပြီး ကျန်းရွှင်းယီ၏နှလုံးသားထဲတွင် သိချင်နေသည့်မေးခွန်းနှင့် ထပ်တူညီသောမေးခွန်းကိုမေးလာသည်။
"အဲ့ဒါအပြင် ကျွန်တော်ကြားမိတာက ဂိုဏ်းဆရာယွင်နဲ့ ကျန်းရွှင်းယီကနှစ်တွေအကြာကြီး ညီအစ်ကိုကောင်းတွေဖြစ်ခဲ့ကြပြီးတော့ တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ခင်တွယ်မှုကလည်း နက်ရှိုင်းတယ်ဆို။ တကယ်လို့ ယွင်ရှဲ့က မှန်ကန်တဲ့ကိုယ်ကျင့်သိက္ခာအတွက် သူ့ကိုသတ်ခဲ့တာမဟုတ်လို့ရှိရင် သူကဒါကိုဘာလို့လုပ်ခဲ့သေးတာလဲ?"

လူထွားကြီးကကြမ်းတမ်းစွာတခစ်ခစ်ရယ်သည်။ အသံကတော့လုံးဝကိုကြမ်းတမ်းလွန်းသည်။ စားပွဲရှိအခြားလူတွေက သူ့ကိုမဖိခင်အထိ သူကပြောဖို့ငြင်းဆန်နေတုန်းပင်။ နောက်တော့ သူကပဟေဋ္ဌိဆန်စွာဆက်ပြောသည်။
"ညီအစ်ကိုတွေ? ဟီးဟီး၊ မင်းတို့တကယ်ဘာမှမသိဘူးပဲ။ ဂိုဏ်းဆရာယွင်က ကျန်းရွှင်းယီကို ဘယ်လိုဆက်ဆံလဲဆိုတာ မင်းတို့မြင်ဖူးရဲ့လား?! အဲ့ဒီ့နှစ်ယောက် တကယ့်ညီအစ်ကိုတွေနဲ့တူတယ်လို့ မင်းခံစားရတာလား?"

အနည်းငယ်တည်ငြိမ်သောအသံကဆိုသည်။
"စိတ်ဝိညာဥ်စင်မြင့်ရဲ့ကျောက်စိမ်းလိုလူနှစ်ယောက်ရဲ့ ဂုဏ်သတင်းတွေက အရမ်းကိုထင်ရှားကျော်ကြားတယ်။ သူတို့နှစ်ယောက်ကခွဲလို့မရနိုင်လုနီးပါးပဲ။ လူတိုင်းဒါကိုသက်သေပြနိုင်တယ်။ ငါထင်တာကိုပြောရမယ်ဆိုရင်တော့ အဲ့ဒီ့ကျန်းရွှင်းယီကအရမ်းကို သွေးအေးပြီး အထက်စီးဆန်တယ်။ ပြီးတော့ အရမ်းလည်းမောက်မာတယ်။ သူက လူတွေသူ့အနားကပ်တာကိုကြိုက်ပုံမရဘူး။ ဒါပေမယ့် ယွင်ရှဲ့သူ့ကိုဘယ်လိုဆက်ဆံတယ်ဆိုတာ မင်းတို့အားလုံးသိပါတယ်....အဝေးကနေကြည့်ရင်တောင်မှ ယွင်ရှဲ့ရဲ့အကြည့်တွေထဲက ချစ်ခြင်းမေတ္တာတွေနဲ့ဂရုစိုက်မှုကို မြင်နိုင်တယ်လေ.."

ထိုလူကစကားကိုဒီအထိရောက်အောင်ပြောလိုက်တဲ့အချိန်တွင် ကျန်းရွှင်းယီကတော့ရွံရှာမုန်းတီးမှုကြောင့် ခိုက်ခိုက်တုန်လာပြီဖြစ်သည်။ သူနှင့်ယွင်ရှဲ့က ငယ်ငယ်လေးကတည်းက အတူတူရှိခဲ့ကြတာ။ သူကဘယ်တုန်းကမှ ဒါနှင့်ပတ်သတ်၍ ဘာမှမှားသည်ဟုမခံစားရပေ။ ဒါပေမယ့် ဒီလူ့ပါးစပ်ကစိတ်ပျက်စရာကောင်းသောစကားများကိုပြောနေသည်။ သူငြင်းခုံပြီးတော့ဆဲချင်ပေမယ့် သူသေချာစဥ်းစားကြည့်လိုက်သော တိကျသောသက်သေကိုသူမယူလာခဲ့မိပေ။ ထိုလူက သူပြောနေသည့်စကားအတွင်းရှိထူးဆန်းမှုကိုသဘောပေါက်သွားသည့်နှယ် စကားတစ်ဝက်မှာတင်ပြောနေတာကိုရပ်လိုက်သည်။

ကြမ်းတမ်းသောဘဲသံနှင့်လူထွားကြီးကထိုအစားပြုံးလိုက်သည်။ သူကအသံကိုနိမ့်လိုက်သည်။
"တစ်ခုခုမှားနေတယ်လို့ မင်းခံစားရလား၊ မခံစားရဘူးလား? သူတို့က ညီအစ်ကိုကောင်းတွေလို့ပဲပြောကြပါစို့။ ဂိုဏ်းဆရာယွင်က တခြားလူတစ်ယောက်ကိုကောင်းကောင်းဆက်ဆံတာကို မင်းတို့မြင်ဖူးလို့လား?! ကျန်းရွှင်းယီက သွေးအေးပြီးတော့ မောက်မာတယ်လို့ မင်းပြောခဲ့တယ်နော်။ ဒါပေမယ့် ဂိုဏ်းဆရာယွင်ကလည်းသူ့ကိုယ်သူဂုဏ်ယူပြီးတော့ ကောင်းကင်ဘုံရဲ့သားအဖြစ်ခံယူထားတယ်။ ဘာလဲ။ သူရောမာနမကြီးဘူးလို့မင်းထင်နေတာလား။ သူ့မှာ လူတွေကိုစိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ စိတ်သဘောထားရှိတယ်။ သူကကျိုးကြောင်းချင့်ချိန်တတ်ပြီးတော့ လူတိုင်းကိုအရေးစိုက််တယ်လို့ မင်းထင်နေတာလား?"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now