[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း

5.6K 902 26
                                    

အခန်း(၁၇) လဆီသို့ခိုးရာလိုက်ပြေးခြင်း။

"အချစ်တွေထုတ်ပြလိုက်တာ...မိုးကြိုးပစ်ခံရတော့မလို့ပဲ။"


ကျန်းရွှင်းယီအေးဆေးစွာ​ဖြင့်သူ့လက်သူပြန်ရုတ်ကာ ယွင်ရှဲ့နှင့်မျက်လုံးဆုံသွားသည်။ ဝူထျန်းချီကအလျင်စလိုရှေ့တိုးလာသည်။
"မင်းတို့နှစ်ယောက်ကိုဒုက္ခပေးမိသလိုဖြစ်သွားတဲ့အတွက် ကျွန်တော်တကယ်ပဲရှက်ရွံမိပါတယ်ဗျာ။"

ယွင်ရှဲ့၏မျက်နှာထားကား ရှားပါးသောလေးနက်မှုကိုပြသလျက်ရှိသည်။
"မိစ္ဆာစွမ်းအင်ကစိမ့်ထွက်လာနေပြီ။ လုံလောက်တဲ့စွမ်းရည်မရှိတဲ့သူတွေကတော့ ခုနကကျွန်တော်တို့တွေ့ခဲ့သလိုမျိုး မတွေးရဲလောက်စရာအကျိုးဆက်တွေဖြစ်လာလိမ့်မယ်။ ကျွန်တော်ရင်အန်းကျောင်းတော်ရဲ့တံတိုင်းအတွင်းဖက်မှာ အကာအကွယ်စည်းချပေးထားတယ်။ ဂိုဏ်းသခင်ဝူ၊ ခင်ဗျားရဲ့တပည့်တွေကိုအပြင်ထွက်တာကန့်သတ်ထားပါ။"

ဝူထျန်းချီ၏နှဖူးပေါ်တွင်ချွေးစေးများထွက်လာပေသည်။ သူထပ်ခါထပ်ခါလက်ခံ၍ ထို့နောက်ပြောလိုက်သည်။
"စားသောက်ပွဲပြန်ကျင်းပဖို့ ကျွန်တော်လူပို့..."

ကျန်းရွှင်းယီမျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏အသန့်ကြိုက်ပြီးဇီဇာကြောင်မှုနှင့်ဆိုလျှင် ခုနကဤရွံစရာအလောင်းကောင်များကိုမြင်လိုက်ရအပြီးတွင် သူယခုတွင်အန်ချင်လာသယောင်။ သူခေါင်းခါလိုက်သည်။
"ကျွန်တော်မစားတော့ပါဘူး"

ယွင်ရှဲ့ကအခြေအနေကိုမြင်၍ အလျင်စလိုပြောလာသည်။
"ကျွန်တော်လည်းမစားတော့ပါဘူး"

သူတို့နှစ်ယောက်လုံးကကိုယ့်အခန်းကိုပြန်သွားကြကာ ကျန်းရွှင်းယီကရေအရင်ချိုးလိုက်သည်။ သူ့ဆံပင်ကိုခြောက်အောင်သုတ်ကာ အိပ်ယာဝင်ဖို့ပြင်လိုက်ချိန်တွင် ယွင်ရှဲ့ကပြတင်းပေါက်မှခုန်ဝင်လာလေသည်။

ကျန်းရွှင်းယီ:"မင်းဘာလာလုပ်ပြန်တာလဲ။"

ယွင်ရှဲ့ပြုံးလိုက်သည်။
"အားရွှင်း၊ မင်းခုနကဘာမှမစားထားဘူးလေ။ ---မင်းဗိုက်မဆာဘူးလား။ မြန်မြန်ထတော့၊ ကိုကိုကမင်းကိုညစျေးခေါ်သွားပေးမယ်။"

ကျန်းရွှင်းယီတကယ်တမ်းတွင်ဗိုက်မဆာပေမဲ့ ဒီကနေ့ညနေကဖြစ်ပျက်ခဲ့သည်များကိုသတိရသွားမိရင်း ဒီမှာနေဖို့ကတစ််မျိုးတစ်ဖုံထူးဆန်းနေသည်ဟုခံစားရသည်။ ဒါကိုတွေးတောအပြီးတွင် သူခေါင်းငြိမ့်၍ အပြင်ထွက်ရန်ယွင်ရှဲ့နောက်လိုက်သွားလိုက်သည်။

ညဖက်၌ယွဲ့လီမြို့တော်ကား အတော်လေးကိုသက်ဝင်လှုပ်ရှားလျက်ရှိကာ လမ်းဘေးဆိုင်ခန်းငယ်လေးများမှာလည်းအတန်းလိုက်အစီအရီနှင့်ပင်။ စျေးသည်တို့၏အော်ခေါ်သံနှင့် အစားအစာများ၏ရနံ့မှာ အတူတကွရောနှောနေကာ သက်ဝင်လှုပ်ရှားတက်ကြွနေသောရသကို ပေးစွမ်းလျက်ရှိသည်။ ဤမြင်ကွင်းကြောင့် ကျန်းရွှင်းယီ၏စိတ်အခြေအနေမှာတိုးတက်လာသည်။ သူသည်ယွင်ရှဲ့ကိုနောက်၍ အတော်အသင့်သန့်ရှင်းသည်ဟုယူဆ၍ရသော ဆိုင်ထဲတွင်ဝင်ထိုင်ကာ စားစရာအချို့မှာလိုက်သည်။

ကျန်းရွှင်းယီ၏မျက်ခုံးနှစ်ဖက်ကြားကအသားနုကို ယွင်ရှဲ့မြင်လိုက်ပြီး သူ၏နှုတ်ခမ်းတစ်စုံမှာ ကူကယ်ရာမဲ့စွာကော့တက်သွားပြီး အပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်။ သူသည်သန့်ရှင်းသောတူတစ်စုံကိုအရင်ရွေးကာ ကျန်းရွှင်းယီကိုလှမ်းပေးလိုက်ပြီး ထို့နောက်တွင် ကျန်းရွှင်းယီကြိုက်သောဟင်းခွက်အများစုကို တစ်ခြားဖက်ရွှေ့ပေးလိုက်သည်။

သူတို့ငယ်ငယ်လေးကတည်းက ယွင်ရှဲ့ကသူ့ကိုအလိုလိုက်တာကို ကျန်းရွှင်းယီကနေသားကျနေခဲ့သဖြင့် ဤစီစဥ်ပေးမှုနှင့်ပတ်သတ်၍ ဘာမှထူးဆန်းသည်ဟုမခံစားရပေ။ သူသည်သဘာဝကျကျပင်တူကိုကောက်ကိုင်၍ စစားလိုက်တော့၏။

သို့သော် ယနေ့တွင် သူတို့နှစ်ယောက်အေးချမ်းစွာစားသောက်ရမည့်ကံမပါပေ။ သူတို့နှစ်ဦးထိုင်ပြီး ၁၅မိနစ်အတွင်းတွင် ခြောက်ကပ်ကပ်နှင့်ရှတတအသံက ကျန်းရွှင်းယီဖက်မှရုတ်တရက်ထွက်ပေါ်လာသည်။ ထိုအသံသည် သက်ပြင်းခပ်ဖျော့ဖျော့ကိုဆောင်ကျဥ်းကာ သူ့နားထဲကိုလွင့်မျောလာသည်။
"မိစ္ဆာဘုရင်ရွှမ်လီ....နောက်ဆုံးတော့ပြန်လည်ရှင်သန်လာခဲ့ပြီ။"

ကျန်းရွှင်းယီအနောက်လှည့်ကြည့်လိုက်ရာ ထိုင်ခုံမှထလုမတတ်ထိတ်လန့်သွားရသည်။ သူကားစောစီးသောအသက်အရွယ်တွင် ထင်ရှားကျော်ကြားလာခဲ့ပြီး သူနှင့်လက်ရည်တူသောပြိုင်ဖက်များနှင့်တွေ့ကြုံသည်မှာ ကြုံတောင့်ကြုံခဲပင်။ အထူးသဖြင့် သူသတိထားမိခြင်းမရှိဘဲ သူ့အနောက်တွင်အသံတိတ်တဝဲဝဲလုပ်နိုင်သော တစ်ယောက်ယောက်ကို သူတစ်ခါမျှမတွေ့ကြုံခဲ့ဖူးပေ။ ယခုတွင် သူ့အနောက်ရှိအမျိုးသမီးမှာဖရိုဖရဲဖြစ်နေပြီး အရိုးပေါ်အရေတင်သာရှိသည်။ သူမ၏မျက်နှာကား သူမ၏ဦးခေါင်းခွံအထိဖုံးကာထားသော ဤအရေပြားတစ်လွှာသာရှိပုံပင်။ သူမ၏မျက်လုံးတစ်စုံသာလျှင် တောက်ပကာပြူးကျယ်လျက်ရှိပြီး သူ့ကိုအရူးအမူးဖြစ်နေသယောင် သူ့အပေါ်တွင်မြံမြံနေသည်မှာ သူမ၏ပုံစံကို ပို၍ပင်ကို့ရိုးကားယားဖြစ်သွားစေသည်။

ထိုမျက်လုံးများနှင့်စိုက်ကြည့်ခံလိုက်ရရာ သူ့တစ်ကိုယ်လုံးတောင့်တင်းသွားသည်ကို ကျန်းရွှင်းယီတစ်ခဏတာခံစားမိလိုက်သည်။ သူ့နှလုံးသားထဲတွင် ဖြေရှင်း၍မရနိုင်သောပဟေဠိများက ပိုမိုမြင့်တက်လာသဖြင့် သူတကယ်ကိုလှုပ်ရှားရန်မေ့လျော့သွားရသည်။

ယွင်ရှဲ့သူ့နောက်လိုက်ကြည့်လိုက်ရာ သူလည်းပဲထိတ်လန့်အံ့သြသွားရသည်။ သူသည်လျင်မြန်စွာဖြင့်ကျန်းရွှင်းယီ၏ပုခုံးကိုဆုပ်ကိုင်ကာ သူ့ဖက်ဆွဲလိုက်ပြီး ထိုအမျိုးသမီးကိုသတိရှိရှိကြည့်နေလိုက်သည်။

သို့သော် ထိုအမျိုးသမီးမှာ ယွင်ရှဲ့၏ရန်လိုသောအကြည့်ကိုနည်းနည်းလေးပင်အရေးမစိုက်ဘဲ ကျန်းရွှင်းယီကိုသာလျှင် တည့်တည့်မတ်မတ်စိုက်ကြည့်နေပေသည်။

ယွင်ရှဲ့၏လက်ကသူ့ပုခုံးပေါ်ကျရောက်လာသော် ကျန်းရွှင်းယီ၏နှလုံးသားမှာ သိသိသာသာကိုတည်ငြိမ်သွားသည်။ သူကသူ့စိတ်သူစုစည်းရန်အားထုတ်လိုက်သည်။
"ဒီစီနီယာရဲ့ခုနကစကားလုံးတွေနဲ့ဆက်စပ်ပြီးတော့ ကျွန်တော်အသေးစိတ်သိချင်တယ်။"

သူမ၏အားနည်းသောအသံထဲတွင် ဖုံးကွယ်ထားသောအကြောက်တရားနှင့်အတူ ထိုအမျိုးသမီးကဆက်ပြောလာသည်။
"ရွှမ်လီကခန္တာကိုယ်အသစ်ကိုအတင်းအဓမ္မယူထားပြီးတော့  သူကအခုလင်းယင်ဂိုဏ်းထဲကိုရောက်နေပြီး... နင်သူ့ကိုသတိထားရမယ်၊ သူကတကယ်ကြောက်စရာကောင်းတယ်။ တကယ်ကြောက်စရာကောင်းတယ်..."

"ဘယ်သူလဲ။"

ထိုအမျိုးသမီးရုတ်တရက်ပြုံးလိုက်သည်။ သူမ၏ရုပ်ရည်ကားမပြုံးလျှင်ပင်ကြောက်စရာကောင်းနေပေရာ ယခုဤအပြုံးနှင့်သူမဟာလူသားတစ်ဦးနှင့်ပင်မတူလေတော့။ ဒီမြင်ကွင်းကအရမ်းခြောက်ခြားစရာကောင်းသည်ဟု ယွင်ရှဲ့မြင်လိုက်ရ၍ မျက်နှာလွှဲလိုက်မိသည်။ သို့ပေမဲ့ ကျန်းရွှင်းယီ၏မျက်လုံးတစ်စုံမှာဝိုင်းစက်စွာဖြင့် အသက်ပင်မရှုဘဲ အဖြေကိုစောင့်နေမိသည်။

"ထာဝရရှင်သန်သူဆရာတိမင်!"

ဤစကားလုံးများကိုကြားလိုက်ရရင်း ကျန်းရွှင်းယီကလုံးဝကိုမိန်းမောသွားမိသည်။ သူက ဟွမ်ရန်ကိုသံသယရှိသည်၊ အဘိုးကြီးကျင်းဟိုင်ကိုသံသယဝင်မိသည်၊ သို့ပေမဲ့ သူ့ကိုအရမ်းချစ်ပြီး သေဆုံးသွားပြီဖြစ်သောသူ့ရှစ်စွင်းကိုမူ လုံးဝသံသယမရှိခဲ့ပေ။ ဘာ..ဘာတွေဖြစ်နေတာများလဲ။

ထိုအမျိုးသမီးက ကျန်းရွှင်းယီကို စိတ်ဖောက်ပြန်ပြီး မတည်ငြိမ်သောအကြည့်တစ်ချက်ပေးလာသည်။ ရုတ်တရက်ချင်းပင် ၊ သူမကလက်ခုပ်ထတီးကာ အော်ရယ်လာတော့သည်။

ယွင်ရှဲ့၏လက်တင်းကြပ်သွားပြီး ဟိန်းဟောက်လိုက်သည်။
"တိတ်စမ်း!"

လေးနက်သွားသောသူ့မျက်နှာထားနှင့် ယွင်ရှဲ့ကားအရမ်းကိုတည်ငြိမ်ခန့်ညားပုံပေါ်သည်။ ဤအမျိုးသမီးပင်ရှိန်သွားပေသည်။ သူမသည်သူမပါးစပ်သူမပိတ်၍ သူ့ကိုပြန်ကြည့်လာသည်။

ဤအကြည့်တစ်ချက်နှင့် သူမ၏မျက်နှာထားမှာရုတ်ခြည်းပြောင်းလဲသွားသည်။ သူမကယွင်ရှဲ့ကိုလက်ညိုးထိုးပြီး သူမ၏အသံကလည်းတုန်ယင်နေပေသည်။
"ဘယ်လို..နင်ကလဲ....ဟင့်အင်း၊ မဖြစ်နိုင်ဘူး!" သူမတစ်ကိုယ်လုံးပြင်းထန်စွာတုန်ရီနေသည်မှာ ယွင်ရှဲ့ကား ကမ္ဘာပေါ်တွင်ကြောက်စရာအကောင်းဆုံးမိစ္ဆာတစ်ကောင်ပမာ။
သူမသည်ယိမ်းယိုင်စွာဖြင့်ခြေနှစ်လှမ်းနောက်ဆုတ်သွားကာ တံခါးမှတဟုန်ထိုးပြေးထွက်သွားတော့၏။

သူမထွက်သွားတာကို ယွင်ရှဲ့ပါးစပ်အဟောင်းသားဖြင့်ကြည့်နေမိပြီး သူ့ကိုယ်သူပြောလိုက်သည်။
"ဘာလဲဟ။ တစ်ဝက်ပဲပြောပြီး ကောင်းခန်းရောက်မှရပ်သွားတာကတကယ်စိတ်ပျက်စရာကောင်းတာပဲ!"

ကျန်းရွှင်းယီသက်ပြင်းတစ်ချက်ချကာ သူ့ပုခုံးပေါ်တွင်ရှိနေဆဲဖြစ်သော ယွင်ရှဲ့၏လက်ကိုဘေးဖယ်လိုက်သည်။
"ငါခုနကနားကြားလွဲတာများလား။ အဲ့ဒီအမျိုးသမီးက ငါ့ရှစ်စွင်းအကြောင်းပြောသွားတာလား။"

ယွင်ရှဲ့ပြောလိုက်သည်။
"မင်းကြားတာမှန်တယ်။ ဒါပေမယ့် သူမပြောတာမှန်တယ်လို့မဆိုလိုဘူးလေ။ စုန်းမအဘွားကြီးရဲ့ရူးသွပ်တဲ့စကားတွေပါပဲ။ အလေးအနက်မယူဆလိုက်နဲ့။"

ကျန်းရွှင်းယီ၏နှုတ်ခမ်းထောင့်စွန်းမှာ ခပ်ဖျော့ဖျော့အပြုံးအဖြစ်အနည်းငယ်ကော့တက်သွားရင်း ယွင်ရှဲ့ကိုကြည့်လိုက်သည်။
"မင်းကျတော့အလေးအနက်မယူဆဘူးလား။ မင်းက'အလေးအနက်မယူဆ'ပေမဲ့ သူမကိုယ်ပေါ်မှာခြေရာခံအဆောင်ကိုထားလိုက်သေးတယ်နော်!"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now