Chapter - 14

9.4K 1.7K 141
                                    

အရင်တုန်းက Xiao Ke က သူ့ကိုယ်သူ အတော်သောက်နိုင်တယ် ထင်ခဲ့တာ။ ဒါပေမယ့် Zhou Zui နဲ့ ယှဉ်လိုက်တော့မှ သူရှုံးတယ်ဆိုတာ ဝန်ခံလိုက်ရတယ်။ Zhou Zui က Xiao Ke အစား သူ့အရက်တွေ အကုန်သောက်ပေးခဲ့တယ်။ ဘာမှလုပ်စရာမရှိတာနဲ့ သူလည်း အစားစားရင်းနဲ့ သူတို့စကားပြောတာတွေထိုင်နားထောင်နေလိုက်တယ်။ ပတ်ဝန်းကျင်က အရမ်းကို သက်တောင့်သက်သာရှိနေတယ်။ ဒီလောက် အေးအေးဆေးဆေးရှိတာမျိုး သူတခါမှ မခံစားခဲ့ရဖူးဘူး။ အရင်တုန်းကဆို သူက သူများအစား သောက်မပေးရရင်ကို ကံကောင်းနေပြီလို့ ပြောလို့ရတယ်။

သူတို့ အခန်းတွေဆီပြန်ကြတော့ ညဉ့်အတော်နက်နေပြီ။ သူနဲ့ Zhou Zui နဲ့ အပေါ်ထပ်ကို တူတူတက်ခဲ့ကြတယ်။ Zhou Zui က သူ့နောက်နားကနေ မေးလာတယ်။

"မင်း အဆင်ပြေရဲ့လား?"

Xiao Ke က ခေါင်းရမ်းပြီး သူ့ကို ကြည့်လိုက်တယ်။

"ငါ အဆင်ပြေပါတယ်"

Zhou Zui က ခေါင်းငြိမ့်လိုက်ပြီး "အင်း" လို့ အသံပြုတယ်။ Xiao Ke က သူ့အခန်းထဲ မဝင်ခင်

"Goodnight, ဆရာ Zhou" လို့ နှုတ်ဆက်လိုက်တယ်။

Zhou Zui က သူခေါ်တဲ့ နာမည်ကြောင့် ပြုံးတယ်။ သူပြုံးတာက တကယ်ကို သာသာလေးပဲ။ သူ့နှုတ်ခမ်းအစွန်းတွေ အပေါ်တက်သွားတာမို့သာ ပြုံးလိုက်မှန်း သိရတာ။

"Goodnight။ စောစောအိပ်တော့"

တောင်ပေါ်မှာ ရေရဖို့က မလွယ်ဘူး။ မျက်နှာသစ်ဖို့နဲ့ သွားတိုက်ဖို့တော့ ရေအလုံအလောက်ရှိပေမယ့် ရေချိုးဖို့ကတော့ မတတ်နိုင်‌တဲ့စည်းစိမ်ပဲ။ ဒါကြောင့် Xiao Ke က မအိပ်ခင်မှာ သန့်ရှင်းရေးနည်းနည်းပဲ လုပ်လိုက်တယ်။ သူက မြန်မြန်အိပ်ပျော်သွားမှာပဲလို့ ထင်ခဲ့ပေမယ့် ခဏကြာတဲ့ထိ နိုးကြားနေတုန်းပဲ။ ဒီညမှာ သူတို့ စကားတွေ အများကြီး ပြောခဲ့ကြတယ်။ အခု သူ့ခေါင်းက အချက်အလက်တွေအများကြီးနဲ့ ရှုပ်ထွေးနေပြီ။ သူက အတိတ်က Lin An နဲ့ Zhou Zui တို့အကြောင်း တွေးနေမိတယ်။

သူ အိပ်ပျော်မသွားခင် နောက်ဆုံးတွေးမိတာက သူပန်းဆိုင်ကို ပန်းတွေဆက်ပို့ဖို့ ပြောရမယ်ဆိုတာပဲ။ သူက Zhou Zui က ပန်းစည်းမှာ ပတ်ထားတဲ့ ဖဲပြားကို ဖြတ်လိုက်ပြီး ပန်းတွေကို ရေပုံးထဲထည့်နေတဲ့ ပုံစံကို အရမ်းသဘောကျတယ်။

Tattoo [Completed]Donde viven las historias. Descúbrelo ahora