" တစ်နေ့နေ့ တစ်ချိန်ချိန် မှာတော့ သူမ တောင်းဆိုစရာမလိုပဲနဲ့တောင် အရိပ်တကြည့်နဲ့ အလိုက်တသိ လိုတာဖြည့်ဆည်းပေးမယ့်သူဟာ မိမိဖြစ်ကြောင်း
ပြောခွင့်ရချင်ပါသည် "*************
ကျောင်းလျှောက်ပြီးနောက်ပိုင်းတော့ အရာအားလုံးက ပုံမှန်ဖြစ်သွားခဲ့သည် အစတည်းက တစ်ယောက်တည်း နေရတာ ကြိုက်နှစ်သက်သူဖြစ်တာကြောင့် ဘယ်မိသားစုဝင်နဲ့မှ စိတ်ရော ကိုယ်ပါနှစ်ပြီး အရောဝင်စရာမလိုတော့တာ သက်တောင့်သက်သာ ရှိလှသည်။ ဒီမျက်နှာတွေ နေ့တိုင်းတွေ့နေရသော်လည်း စိတ်ချင်းမနီးတဲ့ အခါကျတော့ ပါးစပ်ကနေ စကားလုံးတွေ အလွယ်တကူထွက်မလာနိုင်တော့။
ကွန်ပျူတာ ပညာရပ်ကိုလည်း နိုင်ငံခြားမှာ သင်ယူချင်တာမို့ ပညာသင်ဆု ရအောင် လျှောက်ဖို့ ဆုံးဖြတ်ထားသည်။
နိုင်ငံခြားမှာ ကျောင်းသွားမတက်ခင် ဒီပညာရပ်နှင့် ရင်းနှီးကျွမ်းဝင်ချင်သော်လည်း Private University တွေကဖွင့်သည့် Computer သင်တန်းတွေက စျေးအလွန်ကြီး၏။
တစ်ရက် သတင်းစာထဲမှာ Winner Computer Group က ဖွင့်မည့် IT Diploma သင်တန်းတစ်ခုက စျေးနှုန်းအတော်အသင့်မို့လို့ အဖေ့ကိုပြကြည့်တော့ ထားပေးမည်ပြော၏။ သင်တန်းကာလက ၁ နှစ် သင်တန်းကြေးက ၁သိန်း၂သောင်း ဗိုလ်တစ်ထောင်တက္ကသိုလ် နှင့် တွဲဖွင့်သည့်အတွက် စျေးသက်သာခြင်းဖြစ်သည်။ ဗိုလ်တစ်ထောင်တက္ကသိုလ်မှာပဲ KMDက ဖွင့်တဲ့ သင်တန်းကတော့ သင်တန်းကြေး တစ်သိန်းသာ။
ပိုက်ဆံ တစ်သိန်း ၂သောင်းဆိုတာ အခုခေတ် အနေနဲ့ ဘာမှ မရှိပေမယ့် ၂၀၁၂ တုန်းကတော့ တော်တော် တန်ဖိုးရှိသည်။ သင်တန်း ၂ခုက ၂သောင်းပဲကွာပေမယ့် ၂သောင်းလည်း ၂သောင်းဆိုသလိုပင် ဘာလို့ဆို အဖေက လွန်ခဲ့တဲ့နှစ်အနည်းငယ် ကတည်းက ပင်စင်ယူလိုက်တော့ သူ့မှာ ပင်စင်လစာပဲရှိတော့၏။
အဖေက ယွန်းကို KMD က ဟာကိုတက်စေချင်သော်လည်း ဘာမှတော့ မပြော။ သင်တန်း နှစ်ခုကို နှိုင်းယှဥ်ကြည့်တော့ Winner က ဖွင့်သည့်ဟာက သင်ရိုးစုံတာမို့ Winner ကိုပဲ ရွေးလိုက်သည်။
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်