Episode 38 - တောင်အာရှဆီမှ နှလုံးခုန်သံ

50 7 1
                                    

"လက်ကိုင်ဖို့တောင် မဝံ့ရဲ့ခဲ့သော ကိုယ်က ဘယ်ကဘယ်လို ဖက်မိသွားသည် မသိ ဒီလူသားကို အရမ်းလိုအပ်နေခဲ့တာ။"

==================

ရှင်လျက်နဲ့ သေဆုံးနေခြင်း အဓိပ္ပာယ်ကို ပိုပိုနားလည်လာသည်။ နှာသီးဝကို ပွတ်တိုက်ကျီစယ်နေသော လေငွေ့နွေးနွေးတွေက ဝင်လေထွက်လေ အစား သက်ပြင်းတို့ကိုသာ ခဏခဏ ဖန်တီးပေးနေ၏။ စက္ကန့်မလပ်သော အတွေးတွေက ထိုအမျိုးသမီး အကြောင်းကို စဥ်းစားဖို့ကြောင့်ကြစိုက်နေစရာမလိုအောင် စဥ်ဆက်မပြတ် နေရာယူရင်း လှမ်းကြည့်ရာ အရပ်တိုင်းမှာ သူမရဲ့ အပြုံးတွေကို မြင်နေရပြန်သည်။ ဆောင်းဝင်လို့လား မသိ ခဏလေးမှေးလိုက်ရင်တောင် သူ့အကြောင်းတွေ အိပ်မက် ခဏ ခဏ မက်သည် ။ ပြေးရင်းလွှားရင်း ပင်ပန်းနွမ်းနယ်စွာ နိုးထရတဲ့နေ့တွေလည်း များနေပြီမို့ ယွန်းတော်တော် ပင်ပန်းနေပြီ နိုင်ငံတွေခြားနေပေမယ့် အချိန်မရွေး ဖုန်းဆက်ပြီး ရင်ဖွင့်လို့ ရမယ် သူငယ်ချင်းမလေး "သီရိ" ရှိနေလို့သာတော်တော့သည်။

**************

လေယာဥ်တောင် ဘယ်လိုစိုက်လာမှန်း မသိ စိတ်ကအမြန်ရောက်ချင်နေတာမို့ Taxi သမားကို Dollar ပေးပြီး ကားပေါ်က အမြန်ဆင်းလာခဲ့သည်။ လေဆိပ်မှာ သူတို့ငွေလဲဖို့ကိုတောင် မစောင့်နိုင်တော့ ။ ခေါ်မည် မခေါ်မည် မသေချာတာမို့ ကျောပိုးအိတ် တစ်လုံးသာ လွယ်လျက် သူမဆီအရောက်လှမ်းခဲ့ခြင်းဖြစ်သည်။ တောင်ပတ်လည်ဝိုင်းနေတဲ့ နိုင်ငံမို့ ကျောင်းရှိရာကို ကားလမ်းမကနေ တော်တော်လေး ဆင်းသွားရသည်။ ကားလမ်းတစ်ဖက်မှာ မြင်နေရသော အသံလွှင့်ရုံနဲ့ အရာတော်တော်များများ အရင်လို မပြောင်းမလဲ တည်ရှိနေဆဲ ချစ်ရတဲ့သူလည်း ဒီတိုင်းလေးပဲဆို ကောင်းလိမ့်မည်။

ကျောင်းအဝရောက်တော့ ခြေအစုံကိုရပ်ပြီး ငေးကြည့်နေမိသည် ထုံးစံအတိုင်း ကလေးတွေနဲ့ ရယ်မောပျော်ရွှင်နေသော သူမ ။ ကျောင်းတံခါးကတော့ ပိတ်မထားပါ။ ယွန်းကိူမြင်တော့ အရယ်ရပ်ပြီး ချက်ချင်းတည်သွားသည့် မျက်နှာ တစ်ဖက်ကို ကျောပေးပြီး အပေါ်ထပ်သို့ တက်သွားလေသည်။ ပတ်ဝန်းကျင် က လေထုက ပိုအေးလာသလိုထင်ရသည် ပြီးတော့ အထီးကျန်မှုတွေနဲ့ ဝမ်းနည်းမှုတွေပါ ရောစွက်နေလေရဲ့။ မျက်လုံးမှာ ဝေ့တက်လာသော မျက်ရည်စတွေကို လက်နဲ့သုတ်ရတဲ့ အခြေအနေမရောက်ခင် မျက်တောင်တို့ကို ခတ်ရင်း ထိန်းထားလိုက်သည်။ ပြေးလွှားဆော့ကစား နေသော ကလေးတွေကို ရှောင်ကွင်းပြီး ယွန်းသူ့နောက်ကို လိုက်ခဲ့မိသည်။ အပေါ်ထပ်ရောက်တော့ အခန်းထဲမှာ သူမ ရှိမနေ မီးဖိုခန်းဘက် ထွက်သွားတယ်ထင်ပါရဲ့ ။ သူမနောက်ကို လိုက်ဖို့ စိတ်မကူးတော့ပဲ ယွန်းတို့နှစ်ယောက်ရဲ့ အမှတ်တရ တစ်ခုခုများရှိလိုရှိလား အခန်းထဲကို လှည့်ပတ်ကြည့်မိသည်။ စာအုပ်တွေ အပြည့်ထည့်ထားတဲ့ မှန်ဗီရိုရဲ့ လက်ကိုင်သော့ချိတ်လေးမှာ ယွန်းပေးခဲ့တဲ့ Emoji ကို အခုထိ ချိတ်ဆွဲထားတုန်း။ ဗီရိုကိုဖွင့်ပြီး စာအုပ်တွေကို ကြည့်မိသည် သူမလိုပဲ သန့်ရှင်းသပ်ရပ်နေသည် ဖုန်တစ်စက်မရှိ မြန်မာဆရာတော်ကြီးတွေရဲ့ စာအုပ်တွေကိုတွေ့တော့ ယဲ့ယဲ့လေးပြုံးမိသေးသည်
စာတစ်မျက်နှာကုန်အောင် တစ်ရက်လောက်ကြာအောင် ဖတ်နေမည်လားမသိ သူက မြန်မာစာဖတ်ရင် နှေးတယ်လေ အသံထွက်တွေလည်း သိပ်မမှန်ချင်။ ဆရာတော်ကြီးတွေရဲ့ စာအုပ်တွေကြားထဲမှာ ပုန်းလျှိုးကွယ်လျှိုး နေရာယူထားတဲ့ အညိုရောင် စာအုပ်ပုံစံလေး ဓာတ်ပုံ Album ကို မြင်တော့ ဆွံ့အသွားရသည် သုံးရက် သုံးညကြာအောင် ဖန်တီးခဲ့ရတဲ့ ယွန်းနောက်ဆုံးပးခဲ့တဲ့ ချစ်သက်လက်ဆောင်လေး။

တောင်အာရှဆီမှ နှလုံးခုန်သံOù les histoires vivent. Découvrez maintenant