"ထိထိမိမိကိုင်တွယ်ဖို့တောင် မရဲသေးသော
ကိုယ့်အတွက် ဖမ်းဆုပ်ထားဖို့ဆိုတာ စိတ်တောင်
မကူးရဲသည့် အရာ"*****************
ဒီတစ်ခါ ရိပ်သာရောက်ဖြစ်တော့ ဆရာလေး တစ်ပါးနှင့် ဘုန်းကြီး တစ်ပါး "မ" တို့ နိုင်ငံ ပြန်ကြွမည်ပြောသည်။ လက်ဆောင် ပစ္စည်းပေးဖို့ နည်းလမ်းရှာမရ ဖြစ်နေချိန်တွင် ဤကဲ့သို့သော သတင်းမျိုးသည် ထီပေါက်တာထက်ပင် ပျော်စရာကောင်းလှသည်။ သေချာတာ တစ်ခုက စျေးကြီးတဲ့ အရာတွေဝယ်ပို့လျှင် သူမ ဆူလိမ့်မည်။ ကိုယ်တိုင် ဖန်တီးထားသော အနုပညာ လက်ရာတစ်ခု ပေးရင် ကောင်းမည်လို့ စဥ်းစားလိုက်ပြီးမှ သူမ ပုံကို ပုံတူဆွဲပေးချင်စိတ်တွေ ဖြစ်ပေါ်လာ၏။ စိတ်သာရှိသော်လည်း ကိုယ်က ပန်းချီ ဆွဲ တော်သည် မဟုတ်။
သူမ Account ထဲ မွှေနှောက်ရှာရင်း ဘယ်နေရာ ဘယ်အချိန် ဘယ်လို ရှုထောင့်ကနေ ပဲ ရိုက်ရိုက် မရိုးအောင် လှနိုင်ရက်သော နတ်မိမယ်လေးရဲ့ အလှမှာ အကြိမ်ကြိမ် အခါခါ စီးမျောမိသည်။ အာလူးချောင်းကြော်ကို တူနဲ့ညှပ်ကိုင်ထားပြီး သွားဖြူဖြူတွေ ပေါ်အောင် ပြုံးနေပုံမှာ ဘဘာဝဆန်လှသောကြောင့် အဲ့ပုံကို ဆွဲပေးဖို့ ရွေးချယ်လိုက်ပြီး အဆွဲလေ့ကျင့်ရတော့သည်။ တစ်ခါမှ မတွေးခဲ့ဖူးပါ ဘဝ မှာ ပထမဦးဆုံး ပုံတူဆွဲပေးမိတဲ့ သူက ဒီအမျိုးသမီး ဖြစ်လာလိမ့်မယ်လို့။
သူ့မွေးနေ့ရောက်တော့ သူတို့နိုင်ငံရဲ့ စံတော်ချိန်က မြန်မာနိုင်ငံထက် ၄၅ မိနစ်နောက်ကျသောကြောင့် ဆယ့်နှစ်နာရီ လေးဆယ့်ငါးမိနစ်မှ Wish လုပ်ရသည်။ တစ်ရက်လုံး အကြိမ်ကြိမ်အခါခါ ပြင်လိုက် ဖျက်လိုက်နဲ့ နှလုံးသားတစ်ခုအရင်းပြုပြီး ရေးထားသော မွေးနေ့ ဆုတောင်းရယ်၊ တစ်ကြိမ်တစ်ခါမှ တစ်ဦးတစ်ယောက်ကို မှ မစောင့်ခဲ့ဘူးတဲ့ အချိန်ထိ စောင့်ပြီး တောင်းဆုပြုပေးရလောက်တဲ့ အထိလည်း သူမက ကိုယ့်ဘဝမှာ အရေးပါလာလိမ့်မည်လို့ မထင်ထားခဲ့။ ဤကဲ့သို့ ဘဝရဲ့ ပထမဆုံး တော်တော်များများ ကို သူမက မတောင်းဆိုပဲ ကိုယ့်ဘက် လိုလိုလားလား ပေးမိသည်အထိ မြတ်နိုးသည်။
နောက်တစ်နေ့ညကျတော့ သူမ ဖုန်းခေါ်လာ၏။ စိတ်က အပျော်တစ်ဝက် ၊ စိုးရိမ်စိတ် တစ်ဝက်နဲ့ ။ ဖုန်းခေါ်လို့ ပျော်သော်လည်း ဒါဟာ ကောင်းသော ခေါ်ခြင်း မဟုတ်နိုင် သေချာပေါက် လက်ဆောင် ကိစ္စကို ဆူဖို့ပဲ ဖြစ်လိမ့်မည်။
ESTÁS LEYENDO
တောင်အာရှဆီမှ နှလုံးခုန်သံ
No Ficciónအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်