" ဦးချပြီးမော့ကြည့်တော့ တစ်ခါ ပြုံးပြနေပြန်သေးသည်။ ပြုံးရတာ မပင်ပန်းဘူးလားမသိ ကိုယ်ကတော့ ဒီအပြုံးတွေ အကုန်လုံးကို ကျောပိုးအိတ်ထဲ ထည့်သိမ်းပြီး သွားလေရာ သယ်သွားချင်တော့တာပါပဲ "
****************
အချိန်တွေ ကုန်လာလိုက်တာ ယုန်ပေါက်လေး နဲ့ သိတာတောင် တစ်နှစ်ပြည့်ခဲ့ပြီ ပြုံးပြ နှုတ်ဆက်ရုံကလွဲပြီး ခင်မင်ရင်းနှီးမှုတွေ တိုးမလာသေး။ ဒီတိုင်းလေး အဝေးက ငေးကြည့်ရင်း ခံစားချက်တွေ ယိုစိမ့်ကျမလာအောင် တင်းခံရင်းနဲ့ပဲ နေ့ရက်တွေကို ကျော်ဖြတ်နေရသည်။
မကြာခင်ရောက်တော့မယ့် ၁၇ နှစ်ပြည့်မွေးနေ့မှာ ကျောင်းက သူငယ်ချင်းတွေကို ဗိုလ်ကလေးဈေး ဂမုန်းပွင့်မှာ မုန့်ကျွေးဖို့ ပြောနေရင်း တစ်ဆက်တည်း အတွေးထဲပေါ်လာတာက သူ့မျက်နှာလေး။ ဘာစားချင်လည်း သွားမေးလဲ သူ့အကျင့်အတိုင်း ဘာမှမစားချင်ဘူးလို့ပဲပြောဦးမှာ သိနေတာကြောင့် စိတ်ထဲရှိတာကို အရှိအတိုင်းပြောတက်သော ဆရာလေး ဝိနီကိုပဲ ဖုန်းဆက်လိုက်သည်။ ဟိုက သူ့ကို သတိတရနဲ့ခေါ်တယ်လို့ ထင်သွားရင် အားနာစရာကောင်းပေမယ့် တစ်ခုတည်းသော ကြားခံနယ်က သူပဲရှိတာမို့ ကိုယ့်မှာရွေးချယ်စရာမရှိ ။ ဖုန်းခေါ်လိုက်တော့ ချက်ချင်းကိုင်ပါသည်။
"ဟဲလို"
အသံက အေးချမ်းသော်လည်း နည်းနည်းတော့ ချွဲပျစ်နေ၏ ယုန်ပေါက်လေး အသံလို ကြည်လင်မနေပါ။
"ဆရာလေး လာမယ့် ကြာသာပတေးနေ့က ညီမလေး မွေးနေ့လေ ကျောင်းကို မုန့်လာပို့မယ် အဲ့ဒါ အရှင်ဘုရား ဘာစားချင်လဲ "
"ဆရာလေးတို့က Indian ဟင်းကြိုက်တယ်။
တောင်ပိုင်း ပုံစံ စပ်စပ်လေးချက်ခဲ့ပေါ့ ညီမလေး ချက်တက်တယ် မှတ်လား "" ဟီး ဟီး" ဟု ပြန်ဖြေတော့ သူပါ လိုက်ရယ်သည်။
" ဆရာလေးကလဲ သိရဲ့သားနဲ့ နောက်နေပြန်ပြီ
ဒါပေမယ့် စိတ်ချပါ ရအောင် ဖန်တီးခဲ့မယ်"" စောင့်နေမယ်နော် " တဲ့
အဖေက ဟင်းချက်ကောင်းသည် အထူးသဖြင့် South Indian ဟင်း တွေ ကောင်းကောင်းချက်တက်တာမို့အဖေ့ကိုပဲ အပူကပ်ရတော့၏။ Indian တောင်ပိုင်းဟင်းတွေက အနှစ်ကောင်းကောင်းရချင်လျှင် ခရမ်းချဥ်သီးကို ကျေအောင်ချက်ရသည်။ ပြုတ်ပြီးတော့သာ အခွံမနွှာ လျှင် ခရမ်းချဥ်သီး အပေါ်ယံအဖက်တွေက ဟင်းထဲမှာ အမျှင်အဖြစ်နဲ့ကျန်ခဲ့တာမို့ စားတဲ့အချိန် ဖယ်စားရတာအလုပ်ရှုပ်သည်။ အဲ့ဒါကြောင့် အမျှင်တွေ မကျန်အောင် ခရမ်းချဥ်သီးတွေကို ကိုယ်တိုင် ပြုတ်အခွံ နွှာ၊ အမွှေးအကြိုင် နှင့် အစပ် ပမာဏကိုလည်း ကိုယ်တိုင် ချိန်ဆထည့်ပြီးမှ အဖေ့ကို ချက်ခိုင်းရသည်။ စပ်စပ်လေး စားချင်တယ်လို့ မိန့်သော်လည်း အရမ်းစပ်ရင် ဗိုက်နာမှာ စိုးသောကြောင့် ငရုတ်သီး အများကြီး မထည့်ပါ။
KAMU SEDANG MEMBACA
တောင်အာရှဆီမှ နှလုံးခုန်သံ
Nonfiksiအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်