Episode 37 - တောင်အာရှဆီမှ နှလုံးခုန်သံ

58 7 0
                                    

"လုပ်နေရသောအလုပ် ဖြတ်ကျော်နေရသော နေ့ရက်တွေက ကမ်းမမြင်ရသော သမုဒ္ဒရာထဲမှာ ကူးခတ်နေသလို ခက်ခဲ ကြမ်းတမ်းလွန်းလှသည် "

*******************

ကြမ်းတမ်းတဲ့ရာသီဥတုရှိသော နိုင်ငံမို့ အသားအရေ နည်းနည်းခြောက်လာသည်။ Air Con ခန်းထဲမှာပဲ အလုပ်လုပ်နေရတာမို့ ချွေးထွက်နည်းသည့်အတွက် ချွေးပေါက်ကျယ်လာသည်မှ အပ ကော့ညွတ်နေသော မျက်တောင်စိပ်တွေ ဝန်းရံထားသော ကြင်နာရိပ်လွှမ်းနေတဲ့ မျက်ဝန်းပိုင်ရှင်၊ ဆံပင်လှိုင်းတွန့်လေးတွေနဲ့ အပြုံးချိုချို ကောင်မလေး ယွန်းကတော့ ကလေးငယ် တစ်ယောက်သဖွယ် ချစ်ဖို့ကောင်း​​နေဆဲ။ ရာသီစက်ဝန်းတွေသာ တစ်ဖြည်းဖြည်းလည်ပတ်ခဲ့သည် "မ" ကို ချစ်တဲ့ အချစ်တွေကတော့ တစ်စက်လေးတောင် လျော့မသွားပါ။ "မ" ဆီ လိုက်သွားဖို့ အဆင်ပြေတဲ့ အချိန်တုန်းက ကျတော့ ပိုက်ဆံက အဆင်မပြေ ၊ ပိုက်ဆံ အဆင်ပြေလာတော့ အခြေအနေက မပေး ဖြစ်ချင်ရာ ဖြစ်ခွင့်မရပဲ သူ့ဘာသာ ဖြစ်ချင်တိုင်း ဖြစ်နေသော လောကကြီးထဲတွင် သူမ နဲ့ ပြန်တွေ့ဖို့ မျှော်လင့်ချက်လေး တစ်ခုကိုသာ မြဲမြဲဆုပ်ကိုင်ရင်း အသက်ဆက်နေရသည်။

လုပ်နေရသောအလုပ် ဖြတ်ကျော်နေရသော နေ့ရက်တွေက ကမ်းမမြင်ရသော သမုဒ္ဒရာထဲမှာ ကူးခတ်နေသလို ခက်ခဲ ကြမ်းတမ်းလွန်းလှသည် ။ မနက်စာ နေ့လယ်စာ ပေါင်းစားရသော ရက်တွေများလာသလို တစ်ရက် တစ်ရက် ဘာဟင်းတွေနဲ့ စားဖြစ်မှန်းတောင် မသိတော့ပါ
ဗိုက်ဝရင် ပြီးရော ဆိုပြီးတော့သာ အာရုံထားစားရသည်။ တစ်ခါတစ်လေ ပေါင်မုန့် ၊ တစ်ခါတစ်လေ ထမင်းကို ဆီဆမ်းပြီး မြေပဲကြော်နဲ့ပဲ စားလိုက်သည် ဟင်းတွေအများကြီးနဲ့ "မ" နဲ့တူတူ စားခဲ့သော ထမင်းဝိုင်းကို လွမ်းသည်။ ထမင်းစားနေစဥ် ပန်းကန်းထဲကို ဟင်းတွေ တစ်မျိုးပြီး တစ်မျိုး လာထည့်ပေးသော အဖေ့ကိုလဲ လွမ်းသည်။

ကပ်ရောဂါကြီး ဖြစ်တော့ စီးပွားရေးတွေ တစ်ရှိန်ထိုး ထိုးကျသွားတာကြောင့် Company ကလဲ ဝန်ထမ်းတော်တော်များများကို အလုပ်ဖြုတ်လိုက်ပြီ
ခန့်ထားသော ဝန်ထမ်းတွေလဲ လစာ တစ်ဝက်ပဲ ပေးတာမို့ အခန်းခ လမ်းစားရိတ် စားစရိတ် အားလုံးလောက်အောင် တော်တော်လေးကို စိစစ်ပြီး သုံးနေရသည်။ ဒီရက်ပိုင်း အတွင်း ယွန်း ညီမလေးကလဲ စိတ်ဓာတ်တွေ အကြီးအကျယ်ကျပြီး ကိုယ့်ကိုယ်ကို သတ်သေမယ်တွေ ဘာတွေ ပြောနေသောကြောင့် အိမ်ကိုပဲ စိတ်ရောက်နေသည် ဒီနိုင်ငံကြီးမှာ လုံးဝမပျော်တော့သလို ညီမလေးသာ တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုသော အတွေးကလဲ ကိုယ့်ကို ခြောက်လှန့်နေ၏။

တောင်အာရှဆီမှ နှလုံးခုန်သံDonde viven las historias. Descúbrelo ahora