ကျောက်ဝမ်ယုံးက ကုထင်ရန်ကို ပွေ့ချီရင်း အလောတကြီး ထွက်သွားတော့ နန်းဆောင်ထဲရှိ လူတွေသည် တခြားသူက ကိုယ့်ကိုကြည့်လိုက် ကိုယ်က တခြားသူကို
ကြည့်လိုက်နဲ့ ဘယ်သူကမှ အသာလေး မထွက်သွားရဲကြချေ။ အကျပ်တွေ့ဆုံးကတော့ ကပြဖျော်ဖြေသည့် ကုရို့လန်ပဲဖြစ်သည်။ မလွှဲသာလို့ ကပြဖျော်ဖြေလိုက်ရတာထားပါဦး၊ အခု ဧကရာဇ်ကပါ ဒီတိုင်းထားပြီး ထွက်သွားသေးသည်။ကျောက်ဝမ်ယုံးက အမိန့်မပေးခဲ့သဖြင့် သူမ ရပ်နေရမလား နောက်ဆုတ်ရမလား မသိဖြစ်နေသည်။ ပါးလွှာသည့် အင်္ကျီကို ဝတ်ထားပြီး ထိုနေရာမှာ ရပ်လျက် အခြားသူတွေက မလိုမုန်းတီးစွာဖြင့် အကဲခတ်နေမှုကို ခွင့်ပြုထားရသည်။
ကျန်းကျီလန်၏ စိတ်ထဲမှာ ပျော်ရွင်ကြည်နူးနေသည်။ အသစ်ရောက်လာသည့်
ကုကွေ့ကျွင်းက အဆမတန် သုံးဖြုန်းပြီး
ဇိမ်ခံတတ်ပေမယ့် စိတ်ထားကောင်းသည့် လူကောင်းတစ်ယောက်ဟု ရုတ်တရက် သူမခံစားမိလိုက်သည်။ ဒီလို သူငယ်ချင်းမျိုးကို ကျန်းကျီလန်က သေချာပေါက် မိတ်ဖွဲ့ရမည်။
သို့ပေမယ့် သူမစိတ်ထဲမှာ ပန်းတွေပွင့်နေပေမယ့် မျက်နှာပေါ်မှာတော့ တည်ငြိမ်နေသည်။သူမက နေရာမှာထိုင်နေပြီး အိန္ဒြေရှိ၍ နူးညံ့သိမ်မွေ့သည့် ပုံစံ ဖမ်းထားသည်။ တည်ငြိမ်စွာဖြင့် အစားအသောက်တွေကို သုံးဆောင်နေပြီး ဘာစကားမှမပြောပေ။ ကုရို့လန်ကို အရှက်ကွဲအောင် လွှတ်ထားလိုက်သည်။
ဒီနန်းတော်ထဲရှိ လူတွေသည် ကုရို့လန်နဲ့ ကျင့်ဖေးမယ်မယ်တို့ မသင့်မြတ်တာ တစ်ရက်နှစ်ရက်တည်း မဟုတ်ဘူးဆိုတာ သိကြသည်။ ကျင့်ဖေးမယ်မယ်က အမိန့်မပေးတော့ ဒီအချိန်မှာ အရိပ်အကဲမသိဘဲ ဘယ်သူမှ စကားမပြောရဲပေ။အားလုံးက လှောင်ပြောင်သည့် အကြည့်တွေဖြင့် ကုရို့လန်ကို ကြည့်နေကြသည်။
ကုရို့လန်သည် အခု သူက ဒီနေရာမှာ
တကိုယ်လုံးအချွတ်ခံထားရပြီး လူတွေကြည့်ခွင့်ပြုထားရသလို ခံစားမိလာသည်။ သူမ၏ မျက်နှာက ဖြူဖျော့လာပြီး လက်တောင် အနည်းငယ် တုန်ယင်လာသည်။ကျန်းကျီလန်က သူမ၏ ဖြူဖျော့နေသည့် ပုံစံကို ကြည့်ရင်း ပို၍ပင် ပျော်ရွင်လာသည်။ သူမ တောင့်မခံနိုင်တော့သည့်အချိန်ကျမှပဲ ဖြေးဖြေးချင်းပြောလိုက်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား