လျှိုအန်း သုံးနှစ်အရွယ်တွင် သွက်လက်ပြီး ချစ်စရာအလွန်ကောင်းလှသည်။ သူက ဆရာကြီးလျှို၏ အသည်းအသက်လေးဖြစ်သည်ကို လူတိုင်းသိကြသည်။ ထိုအချိန်မှာပဲ လေးနှစ်အရွယ် ကျူးကောယွီက လျှိုအိမ်တော်၏ တံခါးဝမှာ မေ့လဲကျသွားခဲ့ပြီး လျှိုအန်းနဲ့ တွေ့ဆုံခဲ့သည်။
သုံးနှစ်အရွယ်လျှိုအန်းက ပိုးဖဲသားဝတ်ဆင်ထားပြီး မျက်နှာက သန့်ရှင်းဖြူအုနေသဖြင့် ရိုးသားဖြူစင်သည့် မျိုးရိုးမြင့် သခင်လေးတစ်ပါးပုံစံ လုံးဝ ဖြစ်နေသည်။ သို့ပေမယ့် သူက ရွံရှာခြင်းအလျဉ်းမရှိဘဲ ညစ်ပတ်ပေရေနေသော ကျူးကောယွီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ကျူးကောယွီက မူးနောက်နောက်နဲ့ နိုးလာသည့်အချိန်တွင် ချစ်စရာကောင်းလွန်းလှပြီး စပ်စုချင်စိတ်ပြင်းပြနေသော မျက်နှာလေးကို မြင်လိုက်ရသည်။
အင်မတန် ချစ်စရာကောင်းလှသည့် ကလေးလေးက သူ့အား ပြုံးပြ နေသည်ကို မြင်လိုက်ရသည်။ သူကမေးလာသည်။
"နင်က ဘယ်သူလဲ၊ ငါ့ အိမ်ရှေ့ ဘယ်လိုလုပ်ရောက်လာတာလဲ"
ထိုစကားကို လျှိုအန်းပြောသည့်အချိန်တွင် သူ့လက်ကို လွှတ်ခြင်းမရှိပေ။
အလောသုံးဆယ်နဲ့ရောက်လာသည့် လျှိုအိမ်တော်၏ အိမ်တော်ထိန်းသည် မိမိတို့၏ သခင်လေးက သူတောင်းစားတစ်ယောက်၏ လက်အား ကိုင်ထားသည်ကို မြင်လိုက်ရသောအခါ မျက်နှာဖြူစုတ်သွားတဲ့အထိ လန့်ဖျန့်သွားသည်။ သူက သခင်လေးကို ဆွဲကာ နောက်သို့ပို့လိုက်ပြီး သတိပေးသည့်အကြည့်နဲ့ ကျူးကောယွီကို ကြည့်လိုက်သည်။
"မင်းက ဘယ်သူလဲ"
အိမ်တော်ထိန်း၏လေသံထဲတွင်ရွံရှာမှုများ ကပ်ပါနေခဲ့သည်။ ကျူးကောယွီက အနှီအရာများကို ကျင့်သားရနေပြီဖြစ်သဖြင့် ဘယ်လိုမှ မခံစားရပေ။ သူက မိမိ၏ ခန္ဓာကိုယ်ကို ကြိုးစားပမ်းစားနဲ့ အားပြုပြီး ခက်ခက်ခဲခဲ ထလာသည်။
ထို့နောက် သူ ဘာစကားမှမပြောဘဲ လျှိုအိမ်တော်ထဲမှ ထွက်သွားချင်သဖြင့် ချက်ချင်း လှည့်ထွက်သွားလိုက်သည်။
သူ့လိုလူမျိုးက သည်လိုနေရာမှာ ရပ်နေလည်း လူတွေကို ရွံရှာစိတ်သာ ဖြစ်စေလိမ့်မည်။ ဤကိစ္စမျိုးကို သူ ငယ်ငယ်လေးကတည်းက သဘောပေါက်သည်။ သည်ကလေးက အရမ်း ဖြူစင်ရိုးသားသဖြင့် သူပြဿနာ မပေးချင်တော့ပေ။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Ficción históricaဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား