ကုထင်ရန်၏ ခြေလှမ်းတိုင်းက နှေးကွေး၍ သတိထားပြီး လျှောက်လာသည်။စင်္ကြန်လမ်းအထပ်ထပ်ကို ဖြတ်ကျော်ပြီးနောက် နန်းဆောင်အတွင်းမှ နွေးထွေးသည့် လေက မျက်နှာပြင်ပေါ် ကျရောက်လာသော်လည်း သူ့ခန္ဓာကိုယ်က ပိုပြီး အေးစက်လာသလို ခံစားမိလိုက်သည်။
နန်းဆောင်အတွင်းထဲတွင် ရှားပါး၍ အဖိုးမဖြတ်နိုင်သည့် ရတနာများမှာ ရေတွက်၍မကုန်နိုင်ပေ။ မြေပြင်ပေါ်တွင် ရွှေနှင့်ကျောက်စိမ်းတွေ စီးချွမ်းပိုးထည်တွေနှင့် အလွန့်အလွန် ခမ်းနားထည်ဝါလှသည်။ တစ်လောကလုံးက အဖိုးထိုက်တန်သည့် ပစ္စည်းတွေကို ဒီနေရာလေးထဲမှာပဲ လာစုပုံထားသလိုပင်။
ကုထင်ရန် လျှောက်ဝင်လာတဲ့ တစ်လမ်းလုံး မျက်လုံးထဲတွင် နန်းဆောင်အတွင်းတွင် ထိုင်နေသည့် တည်ကြည်ခန့်ငြားသည့် ဧကရာဇ်အရှင်သာ ရှိသည်။ ဒီလို ခမ်းနားထည်ဝါသည့် အရာအားလုံးက သူ့မျက်လုံးထဲ ဘယ်တုန်းကမှ ဝင်မလာဖူးပေ။ တံခါးကနေဝင်လာသည်နှင့် သူအမြန်ခေါင်းငုံပြီး မြေပြင်ပေါ် ဒူးထောက်ထိုင်ချကာ ရိုသေစွာဖြင့် ပြောလိုက်လိုက်သည်။
"ကျွန်တော်မျိုး ကုထင်ရန် အရှင်မင်းကြီးကို ဂါဝရပြုပါတယ်"
"ထပါ"
ကုထင်ရန် အချိန်တစ်ခဏလောက်ထိ ဒူးထောက်နေခဲ့သည်။ ဧကရာဇ်၏ ထုံစံအတိုင်း ဩဇာအာဏာပြည့်လွှမ်း၍ အေးစက်စက်အသံက သူ့ခေါင်းပေါ်မှ ထွက်ပေါ်လာမှသာ ကုထင်ရန်က ခေါင်းမော့လိုက်ပြီး စိတ်ထဲတွင် မတည်ငြိမ်မှုများနဲ့ ပြည့်နှက်သွားသည်။
ဧကရာဇ်က လက်ကိုပင့်မြှောက်၍ သူ့ဘေးမှာ လာထိုင်ရန် အချက်ပြလိုက်သည်။ စားပွဲပေါ်တွင် စားရခဲသည့် စားကောင်းသောက်ဖွယ်တွေ အပြည့်တည်ခင်းထားသည်။ တိုင်းရေးပြည်ရေးကိစ္စတွေကို စီမံခန့်ခွဲရာတွင် လုံလဝိရိယရှိပြီး ခြိုးခြံချွေတာသည့်နေရာတွင် နာမည်ကျော်ကြားသည့် ဧကရာဇ်အရှင်က တစ်ခုခုမှားနေတာကို သိမည့်ပုံလဲမပေါ်ပေ။ ထိုထက်မက ဒီနန်းဆောင်အတွင်းတွင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများသည် တဖြေးဖြေးနှင့် ဧကရီစံမြန်းနေထိုင်ရာ ဝေရန်နန်းဆောင်ကိုတောင် ကျော်လွန်နေပြီဖြစ်သည်။
BINABASA MO ANG
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား