အပိုင်း(၇၂) ကျွန်တော် အရှင့်ကို ကယ်ပေးလို့ရတယ်

2.4K 343 15
                                    

ချန်ရှင်းရောက်လာသည့်အချိန်တွင်
ကျောက်ဝမ်ယုံးက စိတ်ငြိမ်သွားပြီဖြစ်သည်။ မျက်နှာက အနည်းငယ် ဖြူဖျော့နေသေးပေမယ့် စောစောက သတိလစ်သွားသည့် အချိန်တုန်းကထက် အများကြီး ကောင်းလာခဲ့သည်။

ချန်ရှင်းက သူ့ကို သွေးခုန်နှုန်းစမ်းပေးနေရင်း မျက်နှာထားက အနည်းငယ် တည်တံ့သွားသည်။ သို့ပေမယ့် သူက အရင်ကအတိုင်း ကျောက်ဝမ်ယုံးအတွက် ဆေးစပ်ပေးလိုက်လေသည်။ အန်းကုန်းကုန်းက ဆေးညွှန်းကို ချက်ချင်းယူပြီး ဆေးကျိုရန် ထွက်သွားလိုက်သည်။

သို့ပေမယ့် ချန်ရှင်းက ထပ် မလှုပ်လာတော့ချေ။ သူ့ပုံစံက တစ်ခုခုပြောချင်နေပုံရသည်။ ကျောက်ဝမ်ယုံးက မျက်မှောင်ကျုံ့၍ နန်းဆောင်ထဲက အစေခံများကို ပြောလိုက်သည်။

"မင်းတို့ ထွက်သွားကြ"

နန်းဆောင်ထဲရှိ လူများက ခေါင်းငုံ့လျက် တိတ်တဆိတ် ထွက်သွားကြသဖြင့် နန်းဆောင်ထဲ၌ သူတို့နှစ်ယောက်သာ ကျန်ရှိတော့သည်။

ကျောက်ဝမ်ယုံးက သူ့ကို ဂရုမစိုက်နဲ့ မေးလိုက်သည်။

"မင်း ဘာပြောစရာရှိသေးလို့လဲ"

ချန်ရှင်း၏ မျက်နှာထက်၌ ဘာအမူအရာမှ မရှိချေ။ သူက အမြဲတမ်း ထိုကဲ့သို့ ဖြစ်သည်။ ကြည့်လိုက်ရင် ဘာကိုမှ သိပ် ဂရုမစိုက်သလိုပင်။ သို့ပေမယ့် သူ့နှင့် ထိတွေ့ဆက်ဆံဖူးသည့် သူသာလျှင် သူ့ အမူအရာအတိုင်း အေးစက်ခက်ထန်နေတာ မဟုတ်ကြောင်း သိလိမ့်မည်။

ချန်ရှင်းက အနည်းငယ် တုံ့ဆိုင်းနေသလိုပင်။ သူ ခဏလောက် အောင့်အီးပြီးမှ ပြောလိုက်သည်။

"ကျွန်တော့် ဆရာ သူ ဘယ်လို သေသွားရတာလဲ"

ထိုစကားထွက်ကျလာသည်နှင့်
ကျောက်ဝမ်ယုံးက စူးရှသော အကြည့်ဖြင့် ဝေ့ကြည့်လာသည်။ သူက ရောဂါစွဲကပ်နေသည့်တိုင် အားနည်းချိနဲ့မှု စိုးစဉ်းမျှ မရှိချေ။ ကျောက်ဝမ်ယုံးသည် ချန်ရှင်း၏ မျက်နှာကို မမှိတ်မသုန်စိုက်ကြည့်နေရင်း ရုတ်တရက် ပြောလိုက်သည်။

"မင်း ဒါ ဘာသဘောလဲ"

ချန်ရှင်းက ခေါင်းငုံ့ထားပြီး သူ့ကို မကြည့်ဘဲ ကိုယ့်ဘာသာကိုယ်ပြောနေလေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now