ကျောက်ဝမ်ယုံးက သူ့ကို အကျယ်ချုပ်ထားဖို့ စိတ်ပိုင်းဖြတ်ထားသလိုပင်။ သည်ရက်ပိုင်းတွင် ကုထင်ရန်က မုချန်နန်းဆောင်၏ တံခါးမကြီးထဲကနေတောင် မထွက်ခဲ့ရချေ။
တံခါးဝကိုရောက်တိုင်း တစ်စုံတစ်ယောက်က သူ့ကို တားမြစ်ရန် ရောက်လာခဲ့သည်။
လေသံက ရိုရိုသေသေဖြစ်နေပေမယ့် သူ့ကို အပြင်မလွှတ်ရဲကြချေ။
ကုထင်ရန်က အေးတိအေးစက် ကြည့်နေပေမယ့်လည်း ကျောက်ဝမ်ယုံးနှင့် စကားထပ်မများကြပေ။ အမှန်အတိုင်းပြောရလျှင် ထိုနေ့ပြီးနောက် ကုထင်ရန်က ကျောက်ဝမ်ယုံးနှင့်
လုံးဝ စကားမပြောဖြစ်တော့ချေ။ကျောက်ဝမ်ယုံးက နေ့တိုင်း စောစောစီးစီးရောက်လာပြီး သူ့ကို မျက်နှာငယ်လေးဖြင့် ကြည့်နေပေမယ့် ကုထင်ရန်၏ အမြင်မှာတော့ စောင့်ကြည့်နေသလို ခံစားရသည်။
သူ့စိတ်ထဲမှာ အတော်လေး မျက်မုန်းကျိုးနေသဖြင့် ကျောက်ဝမ်ယုံးကို မျက်နှာသာ မပေးမှာ သေချာပါသည်။
ကျောက်ရှန့်ရှီးတောင် နှစ်ယောက်ကြားထဲရှိ ပေါက်ကွဲထွက်မလာသေးသော ပဋိပက္ခကို မြင်နိုင်သည်။ ကုထင်ရန်အပေါ် ချွဲနွဲ့နေတုန်းဆိုပေမယ့် တဇွတ်ထိုးလုပ်ခြင်းမျိုး ထပ်မရှိတော့ချေ။ ဖေဖေ့ မျက်နှာမကောင်းသည်ကို မြင်တော့ ကိုယ့်နေရာမှာ လိမ်လိမ်မာမာဝင်ထိုင်ပြီး စကားတောင်နှစ်ခွန်းထက် ပိုမပြောတော့ချေ။
ကုထင်ရန်က သူ့ပုံစံကို မြင်တော့ အနည်းငယ် သနားသွားသည်။
သို့ပေမယ့် နောက်ပိုင်းတွင် သူနားလည်သွားခဲ့သည်။ ဒါက ကျောက်ဝမ်ယုံး တမင်လုပ်ထားတာဖြစ်သည်။ သူက အမြဲတမ်း ဤကဲ့သို့ ပြုမူပြီး ဘေးနားက လူများကို အသုံးချဖို့ အစွမ်းကုန် ကြိုးစားသည်။ ကျောက်ဝမ်ယုံး ကိုယ်တိုင် သေသေချာချာ အကွက်ချထားခဲ့တာဖြစ်သဖြင့် အနှီကိစ္စကို သူမပြောသရွေ့ ကုထင်ရန်က ဒီတစ်သက် အမှန်တရားကို မသိနိုင်ချေ။ သူက စိတ်ဆိုးနေပေမယ့်လည်း သနားစိတ်ဝင်မိနေသည်။
အတိတ်က ကျေးဇူးတရားနှင့်ရန်ငြိုးများကို သူ မသိချေ။ ဝေဝေဝါးဝါး ထိုအတိတ်ထက်စာရင် မျက်စိရှေ့ရှိ ဤအရာတွေက သူ့ကို စိတ်ပျော့လာအောင် ပိုစွမ်းဆောင်နိုင်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား