ဖန်းချောင်ကျိုးသည် တစ်ဖက်လူမေးသည့်အရာကို နားလည်ရန် နှေးကွေးနေကာ ရွှယ်သမ်းရုန်၏ မျက်ဝန်းများနှင့် ဆုံတွေ့ချိန်တွင် ရင်မခုန်မိဘဲမနေနိုင်ချေ။။ထို့နောက် ရွှယ်သမ်းရုန်၏ လက်မောင်းကို ပြန်ဆွဲကာအကြောင်းအရာကို ပြောင်းလဲလိုက်ပြီး "ရှောင်ရှစ်တိ ငါတို့ဒီကနေ အရင်ထွက်သွားရမယ်"
ရှောင်ရှစ်တိ၏ ဂယောင်ချောက်ချားဖြစ်နေမှုမှာ မပျောက်ကင်းသေးပုံပင်။
ရွှယ်သမ်းရုန်သည် မျက်မှောင်ကြုတ်ကာ စကားတစ်ခွန်းမှ ပြန်မပြောဘဲ ကြည့်နေသော်လည်း ဖန်းချောင်ကျိုး၏စကားကို သဘောတူလေသည်။ ရွှယ်သမ်းရုန်သည် ဖန်းချောင်ကျိုးအား အမှောင်ဝိညာဉ်ဂိုဏ်းမှ ဦးစွာခေါ်ထုတ်လေသည်။ သူတို့သည် လမ်းတစ်လျှောက် ချောမွေ့စွာ လျှောက်လှမ်းခဲ့ကြသည်။ထွက်ပြေးသည့်လမ်းတစ်လျှောက် ချောမွေ့နေသည်မှာ နတ်ဆိုးကျင့်ကြံသူအနည်းငယ်သာ လာရောက်တားဆီးကြခြင်းကြောင့် ဖန်းချောင်ကျိုးပင် အံ့ဩနေ၏။
ထိုနတ်ဆိုးကျင့်ကြံသူများသည် ကျင့်ကြံဆင့်နိမ့်ပါးသဖြင့် ရွှယ်သမ်းရုန်ဓားဖြင့် တိုက်ခိုက်လိုက်ရာ ထိုသူများသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး မထနိုင်ကြတော့ပေ။
"ဘာလို့ဒီမှာဘယ်သူမှမရှိတာလဲ" ဖန်းချောင်ကျိုးက မေးလိုက်၏။
ရွှယ်သမ်းရုန်သည် ဖန်းချောင်ကျိုး၏စကားကိုပြန်မဖြေဘဲ ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးနောက် သူ၏လက်ကို ဖန်းချောင်ကျိုး၏ခါးထက်သို့တင်ကာ လေထဲသို့ပျံတက်သွား၏။ဖန်းချောင်ကျိုးသည် ရှေ့ခပ်လှမ်းလှမ်းတွင် မြင်းပျံများဖြင့် ဘေးချင်းကပ်ယှဉ်ရပ်ထားသော ရထားလုံးနှစ်စီးအားမြင်လိုက်ရ၏။
ရွှယ်သမ်းရုန်သည် ဖန်းချောင်ကျိုးကို ရထားလုံးတစ်စီးဆီသို့ ခေါ်သွား၏။ရထားလုံးထဲသို့ရောက်သည်နှင့် ဖန်းချောင်ကျိုးမှာလှဲချခံလိုက်ရ၏။ရွှယ်သမ်းရုန်သည် သူ၏နားရွက်ကို တည့်တည့်စိုက်ကြည့်ရင်း၊ "ရှစ်ရှုန်း၊ ဘယ်သူကိုက်တာလဲ၊ ကျွန်တော့်ကိုပြောပါ"
ဖန်းချောင်ကျိုးသည် ရှောင်ရှစ်တိဖြစ်သူ၏ တွန်းချခြင်းကို ခံခဲ့ရပြီး တစ်စုံတစ်ခုပြောခါနီးတွင် အခြားအသံတစ်ခု ထွက်ပေါ်လာ၏။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.