ဖန်းချောင်ကျိုးသည် ရေချိုးပြီးနောက် စုန့်လျန်ရီကို ဝတ်ရုံကော်လံမှဆွဲကိုင်မြှောက်ကာ ထွက်လာ၏။ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ၏လက်ထဲမှကလေးငယ်သည် ဒေါသတကြီးအော်လာ၏"ဖန်းချောင်ကျိုး၊ ငါ့ကိုအောက်ချပေး၊ ဒီပုံစံအတိုင်းမသွားချင်ဘူး"
ဖန်းချောင်ကျိုးသည် သူ၏လက်ထဲရှိ ကလေးငယ်ကို တစ်ချက်ကြည့်လိုက်ပြီး "ဒါပေမယ့် မင်းခြေထောက်တွေက အရမ်းတိုနေတော့ တံခါးဘောင်မှာထပ်ချော်လဲရင်ဘယ်လိုလုပ်မလဲ"စုန့်လျန်ရီသည် တစ်ခဏမျှတိတ်ဆိတ်သွားပြီး ခေါင်းငုံ့ကာ ဖန်းချောင်ကျိုးသယ်သည့်အတိုင်းသာ လိုက်သွားလေသည်။သို့သော် ဖန်းချောင်ကျိုးသည် စုန့်လျန်ရီ၏ခံစားချက်များကို ထည့်သွင်းစဉ်းစားကာ အိပ်ဆောင်သို့ရောက်သည်နှင့် အောက်ချပေးလိုက်၏။
မကြာခင်မှာပင် ဟုရှန်းသည် အိမ်တော်၏တံခါးဝ၌ ရထားလုံးနှင့်နန်းတော်သို့ဝင်ရန်အသင့်ပြင်ထားကြောင်း ဖန်းချောင်ကျိုးဆီ အစေခံတစ်ဦးအားစေလွှတ်ကာ အကြောင်းကြားစေ၏။
ယမန်နေ့က ဖန်းချောင်ကျိုး၏ နန်းတော်သို့ ဓားပျံစီးသွားခြင်းသည် သာမန်လူများစွာ အထိတ်တလန့်ဖြစ်သွားကြောင်း ဟုရှန်းကပြောခဲ့သဖြင့် ယနေ့တွင်တော့ နန်းတော်သို့ ရထားလုံးဖြင့်သွားရမည်ဖြစ်လေ၏။
ဟုရှန်းလွှတ်လိုက်သည် အစေခံရောက်လာသောအခါ ဖန်းချောင်ကျိုးသည် စုန့်လျန်ရီကိုကြည့်လိုက်ပြီး "မင်း ကိုယ့်ဘာသာလမ်းလျှောက်ချင်လား?"
စုန့်လျန်ရီသည် မဆိုင်းမတွပင် "လျှောက်မယ်"
ထို့သို့ဖြင့် စုန့်လျန်ရီသည် လမ်းတလျှောက်လုံးခုန်ဆွခုန်ဆွသွားသဖြင့် အကြိမ်ပေါင်းများစွာချော်လဲလုနီးပါးပင်၊စုန့်လျန်ရီအား ဖန်းချောင်ကျိုး၏ကလေးအဖြစ်သာသိထားသော အစေခံများကမေးလာ၏ "သခင်မလေး ၊ ကျွန်တော်တို့ သခင်မလေးကို ချီပြီးလိုက်ပို့ပေးရမလား"
အစေခံက စုန့်လျန်ရီအား မိန်းကလေးဟုလည်းထင်သင့်ပေသည်။အမှန်တကယ်ပင် စုန့်လျန်ရီအားမြင်သည့်သူတိုင်း မိန်းကလေးဟုသာထင်ကြပေလိမ့်မည်။
YOU ARE READING
Transmigrated Into Heartthrob Novel and Went OOC
Historical FictionTitle - Transmigrated into a heartthrob novel and went ooc Author - 東施娘 Status - 138 chapters I do not own this novel.This is fan translation.All credit goes to original author.