အပိုင်း(၃၄၁)
ခုံသမာဓိ ငါးဦး အပါအဝင် များစွာသော ပရိသတ်များမှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ကြည့်နေကြ၏။ ကွင်းပြင်အတွင်း စိတ်ဝင်စားမှု အရှိန်အဟုန်က တရိပ်ရိပ်နှင့် ထိုးတက်လာသည်။ ကာလရှည်ကြာ စွဲမြဲလာသည့် ယုံကြည်ချက်များကို ပြောင်းလဲရန် ခက်ခဲသည် ဆိုသော်လည်း အသစ်အဆန်းနှင့် အပြောင်းအလဲများကို ကြည့်ရှုခံစားလိုသည်က လူသားတို့၏ သဘာဝ ဗီဇပင် ဖြစ်သည်။
သာလွန်ခြင်း အဆင့်... ထိုအရာက အဘယ်နည်း။
ဝေ့ဝူယင်မှာ စကားလုံးများ ပြောခြင်းဖြင့် ထပ်မံ အချိန်မဖြုန်းတော့ချေ။ သူက လက်ကျန် ဆေးအမယ်နှင့် ပါဝင် ပစ္စည်းများကို သုံးကာ စတင် ဖော်စပ်လေတော့၏။ ဘာမျှ မကြာလိုက်။ သူ့လက်ထဲတွင် ဆေးရည်ပုလင်းသုံးခု ရရှိလာခဲ့တော့သည်။ အဆင့်နိမ့်၊ အဆင့်မြင့် ဆေးရည်များ ဖော်စပ်ရသည်က သူ့အတွက် ထမင်းစား ရေသောက် ကဲ့သို့ လွယ်ကူလှသည်။ အထွတ်အထိပ် အဆင့် ဆေးရည် ဖော်စပ်ရသည်ကသာ သူ့အတွက် နည်းနည်း ခက်ခဲခဲ့သည်။
အားလုံးကို အဆုံးသတ်ပြီးသည်နှင့် ဝေ့ဝူယင် ဆေးရည်ပုလင်းများကို ခုံသမာဓိများ၏ ရှေ့သို့ ယူဆောင်လာခဲ့၏။ အားလုံးမှာ ဝေ့ဝူယင် ထုတ်ဖော်ပြသမည့် အရာကို စိတ်လှုပ်ရှား နေကြသည်။ အထူးသဖြင့် ကျန်းဖေးလန်၏ အေးစက်သော မျက်လုံးများဆိုလျှင် ဝေ့ဝူယင်ထံမှ တစ်ဖဝါးမှ မခွာချေ။
သို့သော်လည်း ပထမဆုံး တုန့်ပြန်လာသူကတော့ ယီယွင်ပင် ဖြစ်သည်။ သူက ဝေ့ဝူယင် ပေးအပ်သည့် ပုလင်းလေး သုံးလုံးကို လက်ခံရင်း လျှင်မြန်စွာပင် အကဲခတ်လိုက်သည်။ ခဏချင်းပင် သူ၏ မျက်လုံးများက နက်မှောင်သွားကာ နှလုံးသားမှာ စတင် တုန်ရီလာ၏။ အစွမ်းကုန် တည်ငြိမ်ရန် ကြိုးစားနေသည့်တိုင် သူ မည်ကဲ့သို့ စွမ်းနိုင်မည်နည်း။
ကိုယ်စိတ်နှလုံး ဒုန်းဒုန်း ကြေမွသွားခြင်းနှင့် အတူ စိတ်ပျက် အားလျှော့မှုတစ်ခုကလည်း သူ့နှလုံးသား အတွင်း မွေးဖွားလာခဲ့၏။ နှစ်ပေါင်းထောင်နှင့်ချီ ယုံကြည်ခဲ့ရသော အယူအဆများက ဤကဲ့သို့ မိနစ်ပိုင်း အတွင်း ချိုးဖျက်ခဲ့လိုက်ရသည်မှာ ရယ်စရာကောင်းလွန်းလှသည်။ ရှုပ်ထွေးသော ခံစားချက်များမှာ ပွေလီစွာဖြင့် သူ့ နှလုံးသား အတွင်း ဂယက်ထနေ၏။ သို့သော်လည်း... ထူးဆန်းစွာပင် ထိုပွေလီသော ခံစားချက်များထဲတွင် မနာလိုခြင်းများ လုံးဝ မပါဝင်ခဲ့ချေ။
![](https://img.wattpad.com/cover/354976697-288-k637056.jpg)
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Avventuraအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...