မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ - မိုးရဲ

116 6 1
                                        

မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ - မိုးရဲ

Days at the Morisaki Bookshop by Satoshi Yagisawa

2023

ဒီစာအုပ် ဖတ်နေရင်းဖြစ်လာတဲ့ခံစားချက်က တဖွဲ့တနွဲ့ရေးရင် ဝတ္ထုတိုတစ်ပုဒ်လောက်တော့ ထွက်မယ်ထင်တယ်။ အရင်ဆုံး ဝယ်ဖြစ်တာက နေ စ ပြောရမယ်။ ဘာသာပြန်သူကိုရော ထုတ်ဝေတဲ့တိုက်ကိုရော မူရင်းရေးသူ ဂျပန်စာရေးဆရာကိုပါ မရင်းနှီးဘဲ ဘာဖြစ်လို့ ဝယ် ဖြစ်တာလဲဆိုတော့ ဇာတ်လမ်းအကျဉ်းကို ဖတ်မိလို့ပဲ။

"အသက် ၂၅ နှစ်အရွယ် ကောင်မလေး တာကကိုရဲ့ ဘဝအချိုးအကွေ့ တစ်နေရာ" ဆိုတာနဲ့ အစပြုထားတဲ့ ဇာတ်လမ်းအကျဉ်းကိုဖတ်ပြီး
တော့ အော်ဒါသွားတင်လိုက်တာပါပဲ။ အသက်
အရွယ်အရ လောလောလတ်လတ် ၂၅ နှစ်ပြည့်
ပြီးတဲ့ ကိုယ့်အနေနဲ့ စာနာနိုင်မယ်လို့ ခံစားရတာ
လည်းပါတယ်။ ကိုယ်တိုင်လည်း Turning Point တစ်ခုကို ရောက်နေခဲ့လို့ပါမယ်။

အကြာကြီးစောင့်ရမယ်ထင်ခဲ့ပေမဲ့ သိပ်မစောင့်
လိုက်ရပါဘဲ လှလှပပ ချောချောမွေ့မွေ့အိမ်ကို
ရောက်လာပါလေရော။ အားလပ်ရက် ဆောင်း
နေ့လယ်ခင်းမှာ မီးကပြတ်နေပေမဲ့ သိပ်မပူအိုက်
ဘဲ အေးအေးဆေးဆေး တွေးတောငေးမောရင်း
စကိုင်မိတဲ့ စာအုပ်ပေါ့။

စာအုပ်အဖုံးလေးကို ဖတ်ရင်းနဲ့မှ သေချာကြည့်
မိတော့ ကြောင်ကလေးတစ်ကောင်အိပ်နေတာ ပါတယ်။ သိပ်ချစ်ဖို့ကောင်းတာပဲ။ Vibe ကိုက
အေးအေးဆေးဆေး ဆောင်းအငွေ့အသက်ရ
တယ်။

ဒီလိုဘာလို့ပြောရလဲဆိုတော့ စာအုပ်ဖတ်နေရင်း
နဲ့ တွေဝေစရာ၊ဆုံးဖြတ်စရာ စိတ်နှစ်ခွဖြစ်ရမယ့်
ကိုယ်ရေးကိုယ်တာကိစ္စတချို့ပေါ်လာတယ်။ ဖုန်းလက်ခံနားထောင်နေရင်း စာအုပ်အဖုံးထဲက ကြောင်လေးကို ငေးကြည့်နေမိတော့ ဒီစာအုပ်နဲ့ ကိုယ်က ပိုပြီး connection မိသွားသလိုပဲ။ ဖြစ်
နိုင်ရင်တော့ ကိုယ်လည်း တာကကိုလို မြို့လည်
ခေါင်ကနေ အထုပ်အပိုးတွေသိမ်းပြီး စာအုပ်ဆိုင်လေးတစ်ဆိုင်ရဲ့အပေါ်ထပ်မှာရွှေ့နေချင်
စိတ်ပဲပေါက်လာတော့တယ်။

ဇာတ်လမ်းလေးက သူပြောပြထားတဲ့ ဇာတ်လမ်းအကျဉ်းလိုပါပဲ။ တာကကိုက သာမန်
အဆင်ပြေတဲ့ ကောင်မလေးတစ်ယောက်ပဲ။ သိပ်ပူပန်စရာမရှိတဲ့ မိသားစုနောက်ခံရှိတယ်။ ပညာရေးလည်း အဆင်ပြေတယ်။ ရုံးအလုပ်တစ်ခုရှိတယ်။ရည်းစားရှိတယ်။ ဒါပေမဲ့ အဲဒီရည်းစားက လက်ထပ်တော့မယ်လို့ ပြောလာပြီး
လက်ထပ်မယ့်မိန်းကလေးက သူ မဟုတ်ချိန်မှာ
တာကကိုက စိတ်ထိခိုက်သွားခဲ့တယ်။ ဒေါသ
ထွက်ဖို့တောင် နောက်မှသတိရတဲ့အထိပေါ့။

ဒါကို မကြည့်နေနိုင်တဲ့ သူ့အမေက တာကကိုရဲ့ ဦးလေးဖြစ်သူကို အကူအညီတောင်းပြီး စိတ်
မလေရအောင် မိုရီဆာကီ စာအုပ်ဆိုင်မှာ လာနေ
ခိုင်းခဲ့တယ်။ မိုရီဆာကီ စာအုပ်ဆိုင်က တာကကိုရဲ့အဘိုးတို့မျိုးရိုးစဉ်ဆက်ဖွင့်လာတဲ့ စာအုပ် အဟောင်းဆိုင်လေး။ လက်ရှိတော့ သူ့ဦးလေး
ဆတိုရူ က ဦးစီးနေတယ်။ ဦးလေးဖြစ်သူကို တာကကိုက အစပိုင်း သိပ်ကြည့်မရဘူး။ စာအုပ်တွေကလွဲပြီး ဘာမှမသိတဲ့ လူထူးလူဆန်းလို့ပဲ သတ်မှတ်ထားတာ။

တာကကိုက စာအုပ်ဖတ်ရတာလည်းမကြိုက်ဘူး။ ဒီတော့ စာအုပ်တွေပတ်လည်ဝိုင်းပြီး အိပ်ရတာကိုလည်း ကောင်းတယ်လို့ မမြင်
နိုင်ဘူး။ ဒါပေမဲ့ သူ မိုရီဆာကီဆိုင်မှာနေထိုင်လာရင်းနဲ့ အဲဒီအနားပတ်ဝန်းကျင်ကဆိုင်တွေနဲ့သိလာတယ်၊ သူငယ်ချင်းတွေရလာ တယ်။ သူကိုယ်တိုင်က ဒီစာအုပ်အဟောင်းတန်း
လေးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတယ်။ သူ့ဦးလေးကိုလည်း နားလည်မှုရသွားပြီး ချစ်ခင်မိ
သွားတော့တယ်။

တကယ်တော့ ဒီစာအုပ်လေးမှာ အပိုင်း ၂ ပိုင်း ပါတယ်။ ကိုယ်က ပထမပိုင်းပြီးခါနီးတော့ စိတ်
ပူသွားတာ။ ဇာတ်လမ်းက ဘာမှရှေ့ဆက်စရာ
မရှိတော့ဘူး စာမျက်နှာတွေကအများကြီးကျန်
သေးတာ။ ဘာတွေဆက်ဖြစ်မှာလဲပေါ့။ ဒါပေမဲ့
ဒုတိယပိုင်းကတော့ ပိုသွက်လာပြီး မြန်မြန်ဆန်
ဆန်နဲ့ ဇာတ်ကြောင်းပိုပေါ်လာတယ်။

ခြုံပြောရရင်တော့ ဒီထဲက ပြဿနာတွေက ဘာမှ ထူးခြားနေတာမဟုတ်ဘူး။ တာကကို ကြုံတွေ့
ရတာရော၊ သူ့ဦးလေးရော၊ နောက်ပြီး တခြား ဇာတ်ကောင်တွေရော ကြုံတွေ့ရတာတွေက မြင်နေကျ သမားရိုးကျ ပြဿနာတွေပဲ။ ဒါပေမဲ့
ဘေးလူအနေနဲ့သာ သမားရိုးကျ ပြဿနာလို့ပြောနိုင်တာလေ၊ ကာယကံရှင်တွေအတွက်က
တော့ ဘဝကြီးဖြစ်နေနိုင်တာပဲ။ တာကကို က အချိန်တွေအတော်ကြီးကြာမှ ပြဿနာတွေ ဖြေရှင်းဖို့လိုကြောင်း သဘောပေါက်ခဲ့တယ်။

ဒီဇာတ်လမ်းလေးက ရိုးရှင်းပေမဲ့ ဆောင်းနေ့လယ်ခင်းမှာ ချောကလက်နွေးနွေးလေး သောက်လိုက်ရသလိုမျိုး ခံစားချက်ပေးတယ်။
အတက်အကျတွေ လှည့်ကွက်တွေကတော့ သိပ်
မရှိပါဘူး။ ဒီတိုင်းလေး စီးမြောသွားဖို့ပါပဲ။

ဖတ်နေရင်းနဲ့ ကိုယ်တိုင်ပါ ဂျမ်ဘိုချို ရပ်ကွက်
ထဲက စာအုပ်ဆိုင်တန်းကိုရောက်ချင်သွားတယ်။
ကံကောင်းရင်တော့ မိုရီဆာကီစာအုပ်ဆိုင်ရှင် ဆတိုရူလို ပျော်တတ်တဲ့ ဆိုင်ရှင်ကြီးတွေနဲ့ စကားလက်ဆုံကျမှာပေါ့။

P.S : ဇာတ်လမ်းထဲမှာ ကြောင် မပါပါ။

#မွန်ရွှေရည်

Random Thoughts on BOOKSDonde viven las historias. Descúbrelo ahora