နှင်းခွဲမီး - ပျိုးလက်ဟန်

120 8 11
                                        

နှင်းခွဲမီး - ပျိုးလက်ဟန်

ဘဝမှာ အကြိမ်ကြိမ်ဝယ်ဖူးပြီး အကြိမ်ကြိမ်ပြန်
ဖတ်ဖြစ်တဲ့ စာအုပ်ထဲကတစ်အုပ်ကတော့ နှင်းခွဲမီး ပါပဲ။ ဒီအဖုံးပန်းရောင်ကို မြင်တိုင်း အတိတ်
တွေပါ ဖလင်နဲ့ပြခံနေရသလို တရေးရေးပေါ်
လာတတ်တယ်။

နှင်းခွဲမီးဟာ သက်သောင့်သက်သာဖြစ်စေတဲ့ ကြည်နူးစရာ ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မွန်းကျပ်မှုတွေကြားက အဆုံးထိ ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်လမ်းမျိုးလို့ပြောရ
မယ်။

လှပတဲ့တောင်ပေါ်မြို့လေးတစ်မြို့က မိန်းကလေး နှစ်ယောက်ရဲ့ဇာတ်လမ်းပါ။ သက်နှင်းသူက အသက် ၂၃ နှစ်ရှိပြီ။ မြို့ပြင်က သရဲခြောက်တဲ့အိမ်ကြီးထဲမှာ တစ်ယောက်ထဲနေပြီး လုပ်ချင်ရာလုပ်တတ်တဲ့ သူ့ကိုတစ်မြို့လုံးက ကြောက်ရွံ့ကြတယ်။ သက်နှင်းသူရဲ့အဘွား
ထွန်း ဆိုတာလည်း စိတ်မနှံ့ဘဲနဲ့ တစ်မြို့လုံးနဲ့ မတည့်၊ ကျိန်စာတွေတိုက်လိုတိုက်နဲ့ သေသွားတာ
ကိုး။ တကယ်တော့ သက်နှင်းသူက လူတွေကြား
ထဲ ပြန်အရောဝင်ချင်စိတ်လေးရှိပါတယ်။ ခင်မင်ရင်းနှီးမှုတည်ဆောက်ချင်တယ်။ ဒါပေမဲ့ လူတွေရဲ့ဝေဖန်တဲ့အကြည့်တွေအပြောတွေ အောက်မှာ အရွဲ့တိုက်ရင်း လူတွေနဲ့ဝေးသထက် ဝေးလာသူ။ တစ်ရက်မှာ သက်နှင်းသူကို ငေးကြည့်ပြီးနောက်ကလိုက်လာနေတဲ့ ကလေးမလေး
တစ်ယောက်နဲ့ ဆုံရတယ်။

နှင်းပန်းဖြူ ဆိုတဲ့ ဂျီဂျီ က အသက် ၁၆ နှစ်ပဲရှိ
သေးတာ။ ဂျီဂျီ့မှာ အမေနဲ့ပတ်သက်တဲ့ စွဲလမ်း
တမ်းတစိတ်က အချိန်တွေကြာသွားတာတောင် လတ်ဆတ်မြဲ။ သူငယ်ချင်းကောင်းတွေရှိနေလည်း ဂျိီဂျီက မေမေ့ကိုသတိရတယ်။ တနေ့
တော့ မေမေ့ပုံရိပ်ကို မမတစ်ယောက်ဆီမှာ မြင်
လိုက်ရတော့ သူမနေနိုင်တော့ဘဲ မမ သက်နှင်းသူ နောက်ကို တကောက်ကောက်လိုက်လာမိ
တော့တယ်။ ဒါကဇာတ်လမ်းအစပဲ။

တကယ်တော့ ဂျီဂျီရော သက်နှင်းသူရောက အထီးကျန်လွန်းနေတဲ့လူနှစ်ယောက်။ သက်နှင်းသူ ကတော့ ဘယ်သူမှမရှိတဲ့အထီးကျန်မှု။ ဂျီဂျီ
ကတော့ လူအများကြားထဲက အထီးကျန်မှု။ အဲဒီလိုနှစ်ယောက်ဟာ သူတို့တမ်းတစွဲလမ်းနေ
တဲ့ အမေတွေရဲ့ပုံရိပ်ကို အချင်းချင်းဆီမှာ ပြန်ရှာတွေ့ခဲ့ကြတယ်။ တစ်ယောက်ကတစ်ယောက်ရဲ့ လိုအပ်မှုဖြစ်လာကြတယ်။

ဒါပေမဲ့လည်း ပြဿနာက ဂျီဂျီက ကယ်တင်ရှင်
ဖြစ်လိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် ဖြစ်နေပြီး သက်နှင်းသူကတော့ ကယ်တင်လို့မရ
နိုင်အောင် ကြေကွဲပြိုပျက်နေတဲ့ စိတ်ဝိဉာဉ်နဲ့ မိန်းကလေးဖြစ်နေတာပါပဲ။ ဂျီဂျီဟာ မနိုင်
ဝန်ကို ထမ်းခဲ့မိတယ်။ သူချစ်တဲ့ နှင်းဟာ သူ ကိုင်တွယ်နိုင်တာထက် ပိုဆိုးနေခဲ့တာ။ နှင်းရဲ့မိသားစု၊ နှင်းရဲ့ငယ်ဘဝ၊ နှင်းရဲ့အဘွားထွန်း အကုန်လုံးက ဒဏ်ရာအနာတရတွေပေးခဲ့ကြတာချည်းပဲ။ ဒီတော့ သက်နှင်းသူက ဘဝထဲရှားပါးစွာ ရောက်လာတဲ့ ဂျီဂျီ့ကိုလက်လွှတ်မခံ နိုင်အောင်စွဲလမ်းတယ်။ ဂျီဂျီထွက်သွားထားသွားမှာကို သေရမှာထက်ကြောက်တယ်။ ဂျီဂျီ
ငြိုငြင်မှာကို စိုးရိမ်တယ်။

ဂျီဂျီ့အနေနဲ့ကတော့ နှင်းကို ချစ်ပါတယ်။ နှင်းကို ပြန်ကောင်းလာစေချင်တယ်။ နှင်းကို ကာကွယ်ပေးချင်တယ်။ ဒါပေမဲ့ နှင်းကြောင့် ဂျီဂျီ စိတ်တွေပင်ပန်းရတာ.. နှင်းကြောင့်ဂျီဂျီ ထွက်ပြေးချင်လာတာ။ ဂျီဂျီ့ဖေဖေနဲ့ မိထွေးတို့ ကိစ္စတွေရှိသေးတယ်။ ဒါတွေကို နှင်းက မျှဝေ ခွဲယူနိုင်တဲ့အင်အားရှိမနေဘူး။ ဂျီဂျီက သူလက်ခံနိုင်တဲ့အတိုင်းအတာကျော်လာတော့ နှင်း ကိုမတွေးမိအောင်နေရတာပဲ။ ဒါကပဲပိုဆိုးစေ
တာပေါ့လေ။

တကယ်တော့ ဒီစာအုပ်ဖတ်ရင်း ဂျီဂျီသာ နှင်း ဘဝထဲ မဝင်သွားခဲ့ရင်လို့ တွေးမိတယ်။ဒါပေမဲ့
လည်း ၂၃ နှစ်တာလုံးတခါမှမရဖူးတဲ့ နွေးထွေးမှုတွေ မေတ္တာတရားတွေကို အချိန်ခဏလောက် ဖြစ်ဖြစ် ခံစားစေခဲ့တယ်ဆိုတာလည်း သိပ်တော့
မဆိုးလှပါဘူးလေလို့တွေးမိပြန်ရော။

ဂျီဂျီနဲ့ နှင်းရဲ့ချစ်မေတ္တာက ဘယ်လိုမျိုးလဲ။ အဲဒါကို မေးခွန်းထုတ်စရာမလိုအောင်ပဲ ကိုယ်နားလည်နေခဲ့တယ်ပြောရမယ်။ ခေါင်းစဉ်တပ်
စရာမလိုအပ်တဲ့ အချစ်တွေ ဒီကမ္ဘာမှာ အများကြီးရှိပါတယ်။

ဂျီဂျီ့လိုမျိုး ကိုယ်တို့လည်း တစ်စုံတစ်ယောက်
ကို ချစ်မိခဲ့ကြမှာပဲ။ နှင်းလိုမျိုး ကိုယ်တို့လည်း
တစ်ယောက်ယောက်ကို "ထားမသွားပါနဲ့" လို့
တောင်းပန်ဖူးကြမှာပဲ။

နှင်းခွဲမီးဟာ ကိုယ်ဘယ်တော့မှ ဖြတ်ကျော်လာလို့မရတဲ့ အမှတ်တရတစ်ခုအဖြစ် အမြဲကျန်ရှိ
နေမယ့်စာအုပ်ပါပဲ။

Random Thoughts on BOOKSDonde viven las historias. Descúbrelo ahora