အလယ်ရက်က ဗုဒ္ဓဟူး - သော်တာအေးလဲ့

81 4 0
                                    


အလယ်ရက်က ဗုဒ္ဓဟူး - သော်တာအေးလဲ့
၂၀၂၄ ကံ့ကော်ဝတ်ရည်စာပေ

ဆရာမ သော်တာအေးလဲ့ကို "လရိပ်ပိုးမျှင်" နဲ့ စပြီးရင်းနှီးခဲ့ရပါတယ်။ "လရိပ်ပိုးမျှင်" ထဲက ရှယ်လီဟာ ကိုယ့်ဘဝထဲက စိတ်ခံစားမှုတချို့ကို သေချာအောင်လှစ်ဟပေးခဲ့တယ်။ နောက်
တော့ "မနက်ဖြန်မှ ပြုံးတော့မယ်" ၊ "ကျန်ရစ်..မြစ်" နဲ့ "ရွာရန်ရာနှုန်း" စာအုပ်တွေ
ဟာလည်း ကိုယ်ပြန်ပြန်ဖတ်ဖြစ်တဲ့ စာအုပ်ကောင်းတွေ ဖြစ်လာပြန်ပါတယ်။

ဆရာမ သော်တာအေးလဲ့ ကို လေးစားအားကျမိ
လို့ တခါက စာဖတ်ဝိုင်းတစ်ခုကိုပါ join ဖြစ်ခဲ့တယ်။ အဲဒီ Zoom Meeting မှာ ဆရာမက "ကျွန်မတော့ အခု ဂမ္ဘီရဇာတ်လမ်းတွေကိုပါ လေ့လာနေခဲ့တယ်" လို့ပြောသွားဖူးပါတယ်။ အဲဒါ နှစ်နဲ့ချီကြာခဲ့ပါပြီ။ ဒါပေမဲ့ အခု "အလယ်ရက်က ဗုဒ္ဓဟူး" ထွက်လာလို့ ဖတ်ရချိန်မှာတော့
ဆရာမ ပြောဖူးတာကို ပြန်သတိရသွားတယ်။

"အလယ်ရက်ကဗုဒ္ဓဟူး" ခေါင်းစဉ်က ဆန်းဆန်းလေး။ ဇာတ်လမ်းကိုလည်း မဖတ်ခင်က
တည်းက ရင်ခုန်နေခဲ့တယ်။ ဒါကလည်း ဆရာမ သော်တာအေးလဲ့ က အမျိုးသမီးတွေရဲ့စိတ်ခံစားချက်ကို သေချာဖော်ပြနိုင်တာ ယုံကြည်လို့
လေ။

ဒီဇာတ်လမ်းဟာ လင်းသီတာ၊ နေနေ၊ နီတျာ သူငယ်ချင်း အမျိုးသမီး သုံးယောက်ဆီမှာ တည်ထားတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာတာကတော့ မိုးမိုးဝါ ဆိုတဲ့ မိန်းကလေး။ မိုးမိုးဝါ ရေထဲမျောသွားလို့ ဆိုတဲ့
အဖွင့်စကားက ဒီစာအုပ်ကိုရှေ့ဆက်ဖို့ လုံလောက်သွားတဲ့ hook တစ်ခုပါပဲ။

စာအုပ်က လင်းသီတာရဲ့အမြင်နဲ့ ဘဝဇာတ်ကြောင်းကို အရင်ဆုံး ပြောပြထားတယ်။
အဝေးမှာဖောက်ပြန်နေတဲ့ ခင်ပွန်းရယ်၊ အရွယ် မရောက်သေးတဲ့ သားနှစ်ယောက်ရယ်၊ ဒီကြားထဲ ယောက္ခမ နဲ့ ပတ်ဝန်းကျင်ကတစ်မျိုး။
ဒီတော့လည်း လင်းသီတာ ဘဝက ပူလိုက်တာ၊
ခမျာမှာ လောကအပူတွေများလိုက်တာလို့ တွေး
မိတယ်။

တွေးမိလို့မှမဆုံးသေး နီတျာ့အမြင်နဲ့ ဘဝဇာတ်လမ်းကိုရောက်သွားတယ်။ နီတျာ့ရဲ့အဖြစ်
ကလည်း ပူရပြန်ရော။ ကင်ဆာရောဂါသည်ကိုမှ
အဖေနဲ့ အမျိုးတွေကြောင့် စိတ်မသက်သာရတဲ့
အဖြစ်။

ဒါဖြင့် နေနေ ကရော။ လင်းသီတာ နဲ့ နီတျာ
က သူငယ်ချင်း နေနေ့ကို အားကိုးပြီး တရားရိပ်သာကို လိုက်လာကြတာ။ နေနေဟာ အားလုံးထဲမှာတော့ အကြားအမြင်ပဲရသလိုလို တရားပဲရသလိုလို ဖြစ်နေခဲ့ပေမဲ့ သူ့
ဘဝဇာတ်ကြောင်းကို သူ့အမြင်က သိရတော့မှ နေနေဟာလည်း ငယ်ကစိတ်ဒဏ်ရာ တွေကို သူ့နည်းသူ့ဟန်နဲ့ ရှောင်လွှဲရင်း ခွဲခွါခြင်း အပူနဲ့သူ ဖြစ်နေပြန်ရော။

သူငယ်ချင်း ၃ ယောက်လုံးက အပူကိုယ်စီနဲ့
အသက် လေးဆယ်ကျော်တွေဖြစ်နေကြပြီ။
တစ်ယောက်အပူကို တစ်ယောက် နားလည်နိုင်စွမ်းအားလည်း မရှိကြပေမဲ့ စာနာဖေးမချင်စိတ်တော့ ရှိကြတယ်။

တရားရိပ်သာထဲက မိုးမိုးဝါ ကတော့ ကျပန်း
အလုပ်သမလေး။ ယောဂီတွေ ဆရာလေးတွေကို လိုအပ်တာကူပေးတဲ့ ကောင်မလေး။
ကလေးတစ်ယောက်အမေ။

သူငယ်ချင်း သုံးယောက်နဲ့ ဒီ မိုးမိုးဝါ တို့ကို
ရစ်ပတ်ချည်နှောင်ထားတဲ့ ဇာတ်လမ်းဟာ
ရင်မောရရင်းနဲ့ပဲ အဆုံးထိဆွဲခေါ်သွားခဲ့တယ်။

မိခင်မေတ္တာ၊ အချစ်၊ အိမ်ထောင်ရေး၊ ပတ်ဝန်းကျင်၊ အုပ်ထိန်းမှုပြဿနာ... ပြီးတော့ရော။ ရှောင်လွှဲမရတဲ့ ကံကြမ္မာ လို့ ပြောရမလား။

ဒီစာအုပ်ထဲက အမျိုးသမီးတစ်ယောက်စီရဲ့
ဘဝဇာတ်ကြောင်းတွေကို ပုံဖော်ထားပုံက
တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ အထူးသဖြင့်တော့ နေနေ ပေါ့။ အဲ၊ နေနေ့ရဲ့ဆရာမ အမေကြီး ကလည်း သူ့နည်းသူ့ဟန်နဲ့ စာဖတ်သူတွေကို ဖမ်းစားထားနိုင်တယ်နော်။

နောက်ဆုံး လှေပေါ်တက်သွားတာ ဘယ်သူဖြစ်မလဲလို့ ကိုယ်လည်းတွေးကြည့်မိတယ်။
သုံးယောက်လုံးကတော့ အကြောင်းရင်းကိုယ်စီရှိကြတာပဲလေ။

ဘာပဲဖြစ်ဖြစ် အကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့ ဆရာမ သော်တာအေးလဲ့ရဲ့ ဝတ္ထုရှည်က
တော့ စောင့်ရကျိုးနပ်တာ အသေအချာပါပဲ။

(စာအုပ်ဝယ်ပို့ပေးတဲ့ ထင်ပေါ်စာပေ ကို ကျေးဇူးတင်ပါတယ်။ )

Random Thoughts on BOOKSOù les histoires vivent. Découvrez maintenant