ချစ်သူလား စံကားတစ်ပွင့်ပွင့်ခဲ့တယ် - ဂျူး

151 12 6
                                        

ချစ်သူလား စံကားတစ်ပွင့်ပွင့်ခဲ့တယ် - ဂျူး

ဒီစာအုပ်အကြောင်းတင်တာလည်း ၃၁၇ ခေါက်လောက်ရှိတော့မှာ သိပါတယ်။ ဒါပေမဲ့လည်း ကိုယ် အစွဲလန်းရဆုံးစာအုပ်ဆိုတော့ စိတ်ထဲမှာက ပြောစရာတွေက အမြဲရှိနေတာမျိုးပဲ။ ဘဝမှာ စံကားပင်ကြီး တွေအုံ့ဆိုင်းနေတဲ့ တောအုပ်တစ်အုပ်က ဒီလောက်ထိ ရိုမန့်တစ်ဖြစ်တဲ့ခံစားချက်မျိုးပေးနိုင်လိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး။ ဘယ်လောက်ထိရူးသွပ်လဲဆိုရင် စံကားဖြူတွေဝေနေတဲ့ တောအုပ်ထဲမှာ သွားနေချင်လာ တဲ့အထိပဲ။

ခွန်သာ...။ ဒီတခါတော့ ခွန်သာအကြောင်း သေချာပြောချင်တယ်။ ခဏခဏတက်လာတတ်တဲ့ ပို့စ်တွေ တွေ့ဖူးကြမယ်ထင်တယ်။ ခွန်သာက လူလား၊ ဝိညာဉ်လား ဆိုတာ။ ကိုယ်လေ.. အဲဒီလိုတွေ့ရင် သိပ် ဝမ်းနည်းတာပဲ။ ဆရာမ ဂျူး ကတော့ အင်တာဗျူးတစ်ခုမှာဖြေပေးထားပေမဲ့ ရေးတုန်းကတော့ အဲဒီလို ဒွန်တွဲခံစားချက်မျိုးရစေချင်ခဲ့တယ်ထင်ပါတယ်။ အထူးသဖြင့်တော့ ဇာတ်လိုက် မိန်းကလေးဖြစ်တဲ့ မေဇော်ရဲ့စိတ်ထဲက ဒွိဟနဲ့ ယုံကြည်မှုကို ပြချင်ခဲ့လို့ဖြစ်ပါလိမ့်မယ်။ အကျိုးဆက်ကတော့ ခွန်သာ့ ရဲ့ ဖြစ်တည်မှုက မေးခွန်းထုတ်ခံရတော့တာပါပဲ။

ကိုယ်ကတော့ ခွန်သာ့ဖြစ်တည်မှုကို နက်နက်နဲနဲယုံတယ်။ သူ မပေးသွားတဲ့ အကြောင်းပြချက်တွေကိုပါ ရှာဖွေနားလည်ချင်မိတဲ့အထိပဲ။ တစ်ဘဝလုံးမှာ အမေက ကမ္ဘာကြီးဖြစ်ခဲ့ပေမဲ့ အမေ့အတွက်တော့ သူဟာ အမှားတစ်ခုပါတဲ့။ အမေ့ရဲ့ချစ်ခြင်းကိုရော၊ အမေ့ရဲ့အပြစ်ရှိစိတ်ကိုရော တခါတည်း လက်ခံယူခဲ့ရ တဲ့ သူဟာ ငယ်ရွယ်စဉ်မှာပဲ အမေ့ကိုဆုံးရှုံးလိုက်ရပြန်တယ်။ အဖြစ်ကလည်း သူ့ကြောင့်တဲ့။ တစ်ဘဝလုံး စံကားပင်တွေကလွဲပြီး ဘာကိုယုံကြည်ရတော့မလဲ၊ ဘာကိုရော ယုံကြည်စရာရှိတော့လို့လဲလေ။ ကျောင်း ဆက်ထားပေးမယ်လို့ အစ်ကိုက ပြောပေမဲ့လည်း သူဟာစိတ်မဝင်စားတော့ဘူး။ ရုက္ခဗေဒစာအုပ်တွေ ယူ ဖတ်မယ် ဒီလောက်ပဲပေါ့။ ရှင်သန်ချင်စိတ်တောင်ရှိချင်မှရှိမယ်။ ပြီးတော့ သူရှိနေသေးကြောင်း ပြောပြ လောက်စရာ ရင်းနှီးတဲ့သူတွေရော ကျန်သေးလို့လား..။ အစ်ကိုရှိသေးတယ်ဆိုပေမဲ့ တောင်ပေါ်စံကားဖြူ မှာ စွဲကျန်ခဲ့တဲ့ ဒဏ်ရာက သေရာပါပဲ။ စံကားပင်တွေရှိရင် လုံလောက်မယ်လို့ သူထင်ခဲ့လိမ့်မယ်...။

အဲဒါကလည်း.. မေဇော် ရောက်မလာခင်ပေါ့။ စံကားပွင့်ကြွေတွေကြား လှဲအိပ်ချလိုက်တဲ့ ဒီမိန်းကလေး ကို ပုံပြင်တစ်ပုဒ်နဲ့ သူ ရှေ့တိုးခဲ့မိတယ်။ ဒီမိန်းကလေးလိုအပ်တာကလည်း သူကောင်းကောင်းသိတဲ့ ဇာတ် ပုံပြင်လေးဖြစ်နေတာကိုး။ ဥယျာဉ်မှူးအကြောင်းပြောချိန်မှာ သူအနာဂတ်ကို ကြိုမသိဘဲ ပြောလိုက်မိတယ်။ "ကိုယ်ဆိုရင်တော့ ချစ်သူဆီကို သွားလိုက်မိမယ်ထင်တယ်.." တဲ့။ ကြယ်စံကားဖြူ ရဲ့ ဇာတ်လမ်းကို ပြောပြတုန်းက သူ့မှာလည်း ဒီလိုရွေးချယ်မှုမျိုး လုပ်လာရလိမ့်မယ်လို့ ထင်ခဲ့မှာ မဟုတ်ဘူး။ သူဟာ ကြယ်စံကားဖြူကို တင်ပေးခဲ့တယ်..။ ပြီးတော့ အမှောင်ထဲမှာ ဥယျာဉ်မှူးလိုပဲ စောင့် နေခဲ့မှာပဲ။ သူ...မသွားခဲ့ဘူး၊ မသွားနိုင်ခဲ့ဘူး။ ပြင်သစ်ကိုသွားမယ့် မြို့ပြပညာတတ်မိန်းကလေးကို စံကား တောထဲက သူက ဆွဲထားမှာတဲ့လား။ ဟင့်အင်း၊ သူပြောထားတယ်လေ။ ပန်းကလေးတွေလို ပြုစုယုယ ပေးချင်တာ..။ နောက်မှ နောင်တရရမယ့်ကိစ္စတွေကို သူမလုပ်ပါဘူး။ ကြယ်စံကားဖြူလေး တင်ပေးခဲ့တာ ကပဲ သူ့ရဲ့စွန့်စားမှုဖြစ်နေခဲ့ပြီ။ ဘယ်တော့မှ ရွေးချယ်ခြင်းမခံရတဲ့ ခွန်သာဟာ မေဇော်ပြန်သွားပြီးတဲ့အခါ သူသိပ်ချစ်တဲ့ စံကားပင်တွေကိုပါ စွန့်ခွာသွားလောက်မလားလို့ တွေးမိတယ်။

တောင်ပေါ်စံကားဖြူ ပုံပြင်အတွက် မေဇော် နှစ်သိမ့်ပေးခဲ့တာလေးက ဘဝတလျှောက် သိမ်းယူသွားဖို့ အဆင်ပြေပါစေလို့ပဲ ဆုတောင်းမိတော့တယ်။

စိတ်မကောင်းရဆုံးကတော့ ခွန်သာရဲ့မေဇော့်ကိုပြောတဲ့နောက်ဆုံးစကားက နှုတ်ဆက်စကားမဟုတ်ခဲ့ ပေမဲ့ နှုတ်ဆက်စကားပါပဲ။ "ပြောလိုက်ပါ မေ။ စံကားပင်ပေါင်း သုံးရာတစ်ဆယ့်ခုနစ် ပင်ရှိတယ်လို့..." တဲ့။ သူ့ကို ပရိတ်ရွတ်ပြီး နှင်ကြမယ့် ကိစ္စအတွက် လွယ်ကူအောင်ပါ ကူညီပေးလိုက်သေးတာ။

ကိုယ်လေ.. ပြန်ဖတ်တိုင်း ကိုခွန်သာကို သိပ်သနားတာပဲ။ အပြင်မှာဆုံချင်မိတဲ့ ဇာတ်ကောင်ဟာ ကိုခွန်သာ ပါပဲ။

ဒီစာအုပ်ကို ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းကို ငှားပြီးပေးဖတ်လိုက်တော့ ကိုယ့်ထက် ဘာသာဗေဒ နဲ့ စာပေသီအိုရီ ပိုကျွမ်းကျင်တဲ့သူငယ်ချင်းက သေချာဖတ်ပြီး ဆွေးနွေးပေးခဲ့ပါတယ်။ ဒီထဲက ပုံကလည်း သူငယ်ချင်းရဲ့လက်ရာပါပဲ။ သူပြောတဲ့ထဲမှာ မင်းညိုနဲ့ပတ်သက်တာတွေပါပေမဲ့ ဒီပို့စ်က ခွန်သာအတွက် သီးသန့်မို့လို့ မထည့်ရေးတော့ပါဘူး။

သေချာတာတော့ ကိုယ့်အတွက် စံကားဖြူတွေဟာ ပန်းတစ်ပွင့်ထက် ပိုခဲ့တာ ကိုခွန်သာကြောင့်ပါပဲ။

Picture Credit - @cest_helivre

Random Thoughts on BOOKSDonde viven las historias. Descúbrelo ahora