(စိတ်ကူးထဲက ခြေသံ စာအုပ်မှ)
ဒီစာအုပ်အကြောင်း တင်တာ ဒုတိယအကြိမ်မြောက် ဖြစ်မယ်ထင်တယ်။ ဒီတခါတော့ စာအုပ်ထဲက ဝတ္ထုတို တစ်ပုဒ်အကြောင်း သီးသန့်ရေးချင်လာလို့။ ခေါင်းစဉ်က "အချစ်မှာ အကြောင်းပြချက်လိုတယ်" တဲ့။
ဆရာမ ပြည့်ရဲ့လက်ရာကို စွဲလန်းစေခဲ့တဲ့ တစ်ပုဒ်ပေါ့။ အမျိုးသမီးနှစ်ယောက်ကြားက ပတ်သက်ဆက်နွှယ်မှုအကြောင်းမို့ ပိုပြီး မှတ်မှတ်ရရဖြစ်ရတယ်။ ဇာတ်လမ်းတစ်ခုလုံး
အကြောင်းပြောမှာမို့ Full Spoiler ပါ။
*Spoiler Alert*
စကားပြော အရေးအသားနဲ့ရေးထားတဲ့ ဒီဝတ္ထု
တိုမှာ ဇာတ်ကြောင်းပြောသူဟာ ဇာတ်ကြောင်း
ပြောချိန်မှာ "မောင်" ဆိုတဲ့ အမျိုးသားနဲ့အတူနေ
နေခဲ့ပြီ။ ဒါပေမဲ့ မောင်မရှိတဲ့အချိန် သူ့ရဲ့အိမ်ကို တချိန်က တွဲခဲ့ဖူးတဲ့ ညီမလေးရောက်လာတဲ့အချိန်မှာ အဲဒီညီမလေးရဲ့အမူအကျင့်တွေနဲ့ သူတို့ကြားက အဖြစ်အပျက်တွေကို ကူးလူးပြောပြနေခဲ့တယ်။ ညီမလေးဟာ အတော်ဆိုးတဲ့ ကောင်မလေးဖြစ်ခဲ့တယ်။ ၃ နှစ်လောက်ထိ တွဲခဲ့ပေမဲ့ ဇာတ်ကြောင်းပြောသူ အမျိုးသမီးဟာ
ညီမလေးရဲ့စိတ်နှလုံးကို အပိုင်မရခဲ့ရှာဘူး။ ညီမလေး ဘာကိုလိုချင်လဲဆိုတာ သိခွင့်မရခဲ့ဘူး။ နာနာကျင်ကျင် လမ်းခွဲပြီးတဲ့နောက်မှ အမျိုးသမီးဟာ ညီမလေးအပေါ် မိတ်ဆွေ တစ်ယောက်လို၊ အစ်မတစ်ယောက်လို နေရင်း
တဖြည်းဖြည်းနားလည်ခွင့်ရလာခဲ့တယ်။
အဲဒါကြောင့်လည်း အခုထိ ညီမလေးဟာ အလို
မကျတိုင်း သူ့ဆီကို ရောက်လာနေတုန်းပဲ။ တခြားလူနဲ့ ရန်ဖြစ်စိတ်ကောက်လာလို့ အလိုမကျလည်း ချော့မော့ပေးရမယ့်လူက သူပဲဖြစ်နေ
ပြန်တယ်။
တကယ်တော့ အမျိုးသမီးက "မောင်" ဆိုတဲ့ ယောက်ျားနဲ့ စတွဲလိုက်ချိန်မှာ အပြင်းအထန် ဝေ
ဖန်ခံခဲ့ရတယ်။ လိင်တူချစ်မှုကို ပေါ်ပင်လုပ်ပြီး
အချိန်တန် ယောက်ျားယူတာပဲလို့ သမုတ်ခံခဲ့ရ
တာကို အမျိုးသမီးဟာ နာနာကျင်ကျင်ပဲ တုံ့ပြန်
ခဲ့တယ်။ လိင်တူလိင်ကွဲနဲ့မဆိုင်ဘဲ နားလည်မှုရှိ
တဲ့ လူသားတစ်ယောက်ကိုချစ်မိရုံလေ။
ညီမလေးဟာ အခုထိလည်း သူ့ကို "မောင်" နဲ့ တွဲ မမြင်ချင်ဘဲ အူတိုတတ်တုန်းဆိုတာ သူသိခွင့်ရခဲ့တယ်။ ဒါပေမဲ့ ညီမလေးဘေးမှာလည်း သူ
မဟုတ်တဲ့ တခြားလူတွေရှိသားပဲ။
နောက်ဆုံးတော့ အမျိုးသမီးက သည်းခံနိုင်စွမ်း
ကုန်သွားပုံပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ စကားတစ်ခွန်း
ပြောလိုက်တယ်။
"သိလား ယူ။ ဟိုနေ့ကတောင် မောင် နဲ့ ပြောဖြစ်
ကြသေးတယ်"
ဇာတ်လမ်းက အဲဒီမှာပဲအဆုံးသတ်ထားပေမဲ့
ကိုယ့်အတွက်တော့ မဆုံးနိုင်တဲ့အတွေးတွေ ဖြန့်ကျက်နေမိခဲ့တယ်။ ညီမလေးဆိုသူရဲ့မျက်နှာ ဘယ်လိုဖြစ်သွားမလဲ တွေးဆကြည့်ရတာလည်း အရသာတစ်ခုပဲ။
ကိုယ် ဒီဝတ္ထုကို စဖတ်မိချိန်တုန်းက တော်တော်
ရှော့ခ်ရဖူးတယ်။ ညီမလေးရော ဇာတ်ကြောင်း ပြောသူကိုရော relate လုပ်နိုင်လို့လေ။ တကယ်
တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဥပမာဆို ဒီတစ်ပိုဒ်
ကြောင့်ပေါ့။
"ညီမလေးဟာ အစဉ်အဆက် ကျူးလွန်ခဲ့တဲ့ အမှားတွေကို ဆက်ကျူးလွန်နေတုန်းပဲ။ ညီမလေးဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို သူပုံဖော်ထားတဲ့ အားကျဖွယ်အရည်အချင်းတွေရှိသူဆီမှာ ပုံလိုက်လေ့ရှိပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာမျိုးက ကိုယ့်ကိုယ်မှာတည်မှ မြဲတာမျိုးပါ။ တစ်ဖက်လူရဲ့ ချစ်ခင်ဖွယ် အမူအကျင့်နဲ့စရိုက်တွေဆီမှာ ချစ်ခြင်းမေတ္တာကို ပုံလိုက်တဲ့အခါ ညီမလေးရဲ့ ချစ်ခြင်းမေတ္တာဟာ တစ်ဖက်လူရဲ့ပုံရိပ် ယိမ်းယိုင်တိုင်း မှီတွယ်ရာမဲ့ ဖြစ်ရပါတော့တယ်။ သူများကို ချစ်တတ်ဖို့ဆိုတာ ကိုယ်တိုင်ရဲ့စိတ်နှလုံးက ချစ်ခြင်းမေတ္တာတည်နိုင်တဲ့အထိ လေးနက်ဖို့အရင်လိုအပ်တာကို သိဖို့ ညီမလေးဟာ နုနယ်နေတုန်းပါပဲ။"
- ပြည့် (အချစ်မှာ အကြောင်းပြချက်လိုတယ်)
ကိုယ့်အတွက်တော့လေ ဘာကိုခံစားရမှန်း၊ ဘာ
အတွက် ခံစားရမှန်းမသိတော့ရင် ပြေးရှာနေကြ
ဝတ္ထုတိုပါပဲ။ ဝတ္ထုရှည်အနေနဲ့လည်း ဖတ်ချင်
ပေမဲ့ ဒီလောက်ကလည်း လုံလောက်တဲ့ အနေအထားပါ။
အမျိုးသမီးတွေကြားက ချစ်ခြင်းမေတ္တာက သိပ်ကိုနက်နဲရှုပ်ထွေးတာပါပဲလေ။
- မွန်ရွှေရည်
#ပြည့်
#အချစ်မှာအကြောင်းပြချက်လိုတယ်
BẠN ĐANG ĐỌC
Random Thoughts on BOOKS
Phi Hư Cấuဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
