Film Review - What Happened to the Wolf

64 8 0
                                        

What Happened to the Wolf?

အဆုံးသတ်မှာ မြေခွေးကြီးက ဘာဖြစ်သွားလဲ?

ဒီနှစ်ပိုင်းတွေမှာ အမျှော်လင့်ခဲ့ရဆုံး ရုပ်ရှင်ထဲက တစ်ခုဖြစ်ပြီး ကြည့်ခွင့်ရဖို့ အထပ်ထပ်ဆုတောင်းခဲ့တာ အခုတော့ ကြည့်ခွင့်ကြုံခဲ့ပါပြီ။ ပထမဆုံးအနေနဲ့တော့ ဒီရုပ်ရှင်ကားကို ကြည့်ရတာ တအားကျေနပ်မိပြီး မြန်မာရုပ်ရှင်ကား
တစ်ကားရဲ့ ဇာတ်လမ်းဇာတ်ကြောင်း အပြင် Cinematography က ဒီလိုလှပါလားလို့ သိခွင့်ရခဲ့တယ်။

Trailer တွေထဲကနေရော Spoiler တွေကနေရော
ဘယ်လိုဇာတ်လမ်းဆိုတာ ကိုယ်တို့သိထားပြီးကြပြီပဲ။ ဒါပေမဲ့ ယုံပါ၊ တကယ်ရုပ်ရှင်ကားကို
ကြည့်ခွင့်ရတဲ့အချိန်မှာ ကဗျာဆန်လိုက်တာ လို့
တစိမ့်စိမ့်တွေးရတဲ့ထိကို လှပပါတယ်။

သေခြင်းတရားနဲ့ နီးစပ်နေတဲ့ ဝေးဝေး နဲ့ မြင့်မြတ်မိုး ဆိုတဲ့ အမျိုးသမီးနှစ်ယောက် ရဲ့ တစ်ယောက်ကို တစ်ယောက် နားလည်ဖို့ ကြိုးစားကြပုံက အနုပညာမြောက် ပုံပြင်လေး
ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းလေးက ရိုးရိုးကလေး။ ဒါပေမဲ့ တခြားမြန်မာကားတွေမှာ မမြင်ခဲ့ရတဲ့ ထုတ်ဖော်ခံစားမှုတွေ ပါတယ်။

ဝေးဝေးက မြင့်မြတ်မိုး (မမမိုး) ကို သီချင်းတွေ
နဲ့ မိတ်ဆက်ပေးခဲ့တယ်၊ စာအုပ်တွေပေးဖတ်ခဲ့
တယ်။ မမမိုးရဲ့ဘဝမှာ အဲဲဒီလိုနေရမယ်လို့ သိဖို့
မရဏတရားကို ခြေတစ်လှမ်းချခဲ့ရတယ်။

တအားအသေးစိတ်ကျလွန်းတဲ့ ပုံဖော်မှုတွေနဲ့
ဒီရုပ်ရှင်ကားမှာ မမမိုးနဲ့ ဖခင်ရဲ့ပဋိပက္ခအတွက်
ကြည်အေးရဲ့ မေတ္တာမီးအိမ် စာအုပ်လေးကို ၂ ခါ ၃ ခါပြသွားတယ်။ ရမ္မက်မီး စာအုပ်လေးလည်း ကိုင်လို့။ ဒိုးလုံးရဲ့ မခံနိုင်ဘူး သီချင်းကတော့ ဒီရုပ်ရှင်ကြည့်ပြီးတဲ့အခါ ခံစားမှုတူတော့မှာမဟုတ်ဘူးပေါ့။

ပြီးတော့ ၃၇ လမ်းက အုန်းစောစာပေ၊ မြို့ထဲ
က စားစရာတွေ၊ နှစ်ထပ်သင်္ဘောနဲ့ မြို့ကလေး၊
တိမ်ပင်လယ်။ နောက်ပြီး စနစ်တကျ ထည့်သွင်း
ထားတဲ့ ကဗျာတွေ၊ စာသားတွေ..။ အရာရာက အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ မမမိုးတို့နှစ်ယောက်ရဲ့ခရီးစဉ်မှာ ကိုယ်တို့ပါ အတူလိုက်ပါလျှောက်လှမ်းရသလိုပေါ့။

ဒီရုပ်ရှင်ဟာ ကိုယ့်ရဲ့တစ်ကိုယ်ရည်ခံစားမှုနဲ့ အများကြီး relate လုပ်လို့ရတဲ့ကားဖြစ်တာမို့ ဒီလောက် သဘောကျမိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ရုပ်ရှင်ထဲက Spoiler မမည်တဲ့ Spoiler လေး တစ်ခု နည်းနည်းရေးပြချင်တယ်။

မမမိုးက ဝေးဝေးဖွင့်ပြတဲ့ ဒိုးလုံး သီချင်းတွေ နားထောင်ပြီး သူက ဒိုးလုံးကိုမသိ၊ ကောင်းသားပဲ၊ သူ့ရှိုးပွဲသွားကြည့်ကြရအောင် တဲ့။ ရုတ်တရက်ကြည့်ရင် ရယ်ချင်ပြုံးချင်စရာ။

ဒါပေမဲ့ ကိုယ့်မှာတော့ နားလည်နိုင်နေတာ။ Ozzy Osbourne ရဲ့နောက်ဆုံးပွဲမှန်းမသိခဲ့ဘဲ နောက်ပွဲတွေကျ သွားကြမယ်လေလို့ တစ်စုံတစ်ယောက်ကို ပြောမိခဲ့ဖူးတဲ့ ကိုယ့်ကိုယ်ကိုယ်ပေါ့။ အဲဒါကြောင့် Ozzy မရှိတော့ဘူးလို့ သိတဲ့နေ့မှာ ကိုယ်ဟာ Ozzy ပရိသတ်မဖြစ်ဖူးလိုက်ဘဲ ကြေကွဲခဲ့ရ။

What Happened to the Wolf က တစုံတရာကို
သင်ပေးခဲ့တယ်ဆိုရင် ထိန်းချုပ်လို့မရတဲ့ ဘဝတိုတိုလေးမှာ ကျေနပ်စွာ ရှင်သန်လိုက်ဖို့ပါပဲ။

အဆုံးမှာ မြေခွေးကြီးက ဘာဖြစ်သွားပါသလဲ။

တချို့အရာတွေက သိဖို့မလိုအပ်ဘူးမလား။

#whathappenedtothewolf

Random Thoughts on BOOKSWhere stories live. Discover now