"လောကကြီးမှာ ကြွေသွားပြီးတဲ့ပန်းတွေအများကြီး။ တချို့ပန်းပွင့်တွေက တစ်စစီ ဖဲ့ချွေခံလိုက်ရပေမဲ့ ပန်းပြန်ပွင့်နိုင်တဲ့ သတ္တိတွေရှိတယ်"
- ကြယ်ကြွေတို့ရဲ့အတောင်ပံ
အခုတလော စာလုံးဝမရေးဖြစ်ဘူး။ ဒါပေမဲ့စာတွေတော့ဖတ်ဖြစ်နေတယ်။ ဖတ်ပြီးသားလည်းပြန်ဖတ်ရင်း ညွှန်းချင်တာတွေရှိတယ်။ အဲဒါနဲ့ ကိုယ်လေးစားသဘောကျရတဲ့ ဆရာမ ဂျူး ရဲ့စာအုပ်တစ်အုပ်ကိုရွေးထားပါတယ်။ တကယ်တော့ ဆရာမဂျူး စာအုပ်တွေထဲ ကိုယ်အကြိုက်ဆုံးတွေက သက်သက်ရှိပြီးသားပါပဲ။ အဲဒီလိုဆိုပေမဲ့ လည်း ဒီစာအုပ်ကတော့ အချစ်ဇာတ်လမ်း တစ်ပုဒ်မဟုတ်ဘဲ မိန်းမသားတစ်ယောက်ရဲ့ဖြတ်သန်းမှု လို့ပြောရမယ်ထင်တယ်။ စိတ်ခွန်အားရစေတဲ့ စာအုပ်တစ်အုပ်ဆိုလည်း မမှားပါဘူး။ အဲ.. ဒေါသထွက်ရတဲ့စာအုပ်ဆိုလည်း မမှားဘူး။ ဘာလို့လဲဆိုတာ အောက်မှာ ပြောပြပါမယ်။
"ကြယ်ကြွေတို့ရဲ့အတောင်ပံ" တဲ့။ ကြွေကျလာတဲ့ကြယ်တွေမှာ အတောင်ပံတွေရှိရင် ကြွေကျသွားတယ်ဆိုနိုင်ဦးမလား။
ဒီစာအုပ်မှာ မနှင်းမှုန် ဆိုတဲ့အမျိုးသမီးရယ်၊ သူ့သားဖြစ်သူ ဒေါက်တာမင်းဉာဏ်ရယ်က အဓိကပေါ့။ မနှင်းမှုန် (အရွယ်အရတော့ ဒေါ်နှင်းမှုန်) က သားဆရာဝန်ဖြစ်သူရဲ့ ချော့မော့မှုနဲ့အတူ စိတ်ကျန်းမာဆရာဝန်ကြီးဆီကိုရောက်လာတယ်။ သူ့အိပ်မက်ထဲမှာ အမေက နေမကောင်းဖြစ်နေတယ်ဆိုလို့ အမေ့ဆီ ပြန်သွားချင်တာ။ ခက်တာက သူ ငယ်ငယ်ကတည်းကထွက်လာတာမို့လို့ ရွာကိုလည်းမမှတ်မိဘူး။ ဘယ်မြို့ကလဲလည်းမမှတ်မိဘူး၊ ဘယ်လိုသွားရမလဲလည်း မသိတော့ဘူး။ ဒီလိုနဲ့ သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်ခေါ်နိုင်ဖို့ ဆရာဝန်ကြီးခိုင်းတဲ့အတိုင်းဖြည်းဖြည်းချင်းကြိုးစားရတာပေါ့။ အဲဒီကနေမှ သူ့ရဲ့ရွာ၊ သူဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ဒေါက်တာမင်းဉာဏ်က တဆင့်ပြန်ဖော်ပြသွားတာ။ နောက်ထပ် ဇာတ်ကောင်ကတော့ ဒေါက်တာမင်းဉာဏ်ရဲ့ရည်းစား ဝေလွင်။ အမေနဲ့ရည်းစားကြား ဗျာများရတဲ့ ဒေါက်တာမင်းဉာဏ် ရွေးချယ်ရမှာတွေရော ပေါ့။
ဇာတ်လမ်းအကျဉ်းက အပေါ်ကနဲ့ မလုံလောက်ပါဘူး။ ဘာလို့ဆို အဲဒါက အပေါ်ယံ ပဲဖြစ်ပြီး တကယ့်ဇာတ် ကြောင်းက မနှင်းမှုန်ရဲ့ဘဝဖြတ်သန်းပုံ မို့လို့ပါပဲ။
*Spoiler*
မနှင်းမှုန်က အသက် ၁၆ နှစ်အရွယ်မှာ တစ်ရွာထဲသားဆီက စော်ကားခံလိုက်ရပြီး ကိုယ်ဝန်ရလာခဲ့တယ်။ ဒါပေမဲ့ သူ့ဘက်မှာ အမေကတောင် မရပ်တည်ခဲ့ဘဲ သူရခဲ့တာက ပြစ်တင်စွပ်စွဲမှုပါပဲ။ ကျူးလွန်သူက ဟန် မပျက်သွားလာနိုင်ချိန် သူတို့မိသားစုကတော့ ခေါင်းမဖော်နိုင်တာ ဘာကြောင့်လဲလို့ လေးတန်းပဲအောင်တဲ့ မနှင်းမှုန်က ခံပြင်းခဲ့တယ်။ မနှင်းမှုန်က သည်းမခံနိုင်တဲ့အဆုံးဘယ်သူမှမသိအောင် ရွာကနေ ထွက်ပြေးလာခဲ့တယ်။ ခြေဦးတည့်ရာ ဆိုပေမဲ့ သူနောက်ဆုံးရောက်လာတာက ပြည်မြို့က သီလရှင်ကျောင်းတိုက်တစ်ခုပါပဲ။ သီလရှင်ဆရာလေးတွေရဲ့ကရုဏာတရားကြောင့် သူခိုလှုံရာ နေရာတစ်ခုရခဲ့တယ်။ အဲဒီမှာကြိုးစားပိုက်ဆံရှာပြီး သားလေးကိုမွေးဖွားခဲ့တယ်။ တစ်ကိုယ်တည်းရပ်တည်ရတဲ့ မိန်းမသားတစ်ယောက်ပေမဲ့ သားလေးအပေါ် ယုံကြည်မှုအပြည့်ရှိတဲ့ မျှော်မှန်းချက်အမြင့်ကြီးတွေနဲ့ မနှင်းမှုန်ပေါ့။ သူပြုစုပျိုးထောင်တဲ့ (အဖေမရှိပါတဲ့) သားကလေးဟာ ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တာကပဲ သူ့ရဲ့အားထုတ်မှုလို့ပြောရမှာပဲ။
ဆရာမ ဂျူးရဲ့အရေးအသားကတော့ သိတဲ့ အတိုင်း အချိန်ကာလကို ရှေ့နောက်ကစားရင်း ရေးသွားတယ်။ ဒါပေမဲ့ဖတ်ရတာရှုပ်မနေဘဲ အံဝင်ခွင်ကျပဲ။ ဒီထဲမှာဆိုရင်Society ကို မေးခွန်းပြန်ထုတ်ထားတဲ့ မနှင်းမှုန်ကိုတွေ့ရမှာပါ။ R*PE case တစ်ခုမှာ ကျူးလွန်သူထက် Victim Blaming ပဲများနေတာရယ်၊ နောက်ပြီး သာသနာ့ဘောင်မှာတောင် ဘုန်းတော်ကြီးတွေနဲ့ ဆရာလေးတွေရဲ့ကွာခြားပုံကို မသိမသာ ပြောပြသွားတယ်။
ဒီစာအုပ်ထဲ သဘောကျတာကတော့ မင်းဉာဏ်လေးရဲ့ ကြီးပြင်းလာပုံနဲ့ သူပြန်ညွှန်း တဲ့စာအုပ်တွေပဲ။ ဒီစာအုပ်ဖတ်ပြီးမှ "ယောနသံစင်ရော်" စာအုပ်ရှာဖတ်ဖြစ်ခဲ့တာ။ လိုအပ်နေတဲ့ အသိတစ်ခုလင်းလက်သွားသလိုပါပဲ။
အဲ.. ဒေါသထွက်ရတာကတော့ မနှင်းမှုန်ကိုကျူးလွန်ခဲ့သူက အဆုံးထိဟန်မပျက်နေထိုင်နိုင်ခြင်းပါပဲ။ ဘယ်လောက်ပဲ ပျက်စီး ပြိုပျက်နေတယ်ပြောပြော သူ့မှာ နောင်တတရားရှိပုံတောင်မရဘူး။ အဲဲဒါကိုလည်း ဇာတ်သိမ်းမှာ ဘာကြောင့် မင်းဉာဏ်က အဖေတစ်ယောက်လို့ရည်ရွယ်သလဲတကယ်တွေးမရဘူး။ မင်းဉာဏ်နဲ့ ဝေလွင်ဇာတ်လမ်းကလည်း စိတ်ကသိကအောက်ဖြစ်ရပြန်တယ်။
ဒါပေမဲ့လည်း.. ဒီစာအုပ်က ဖတ်ဖို့သင့်တဲ့ စာအုပ်ပါပဲ။ အရင်ခေတ်က Single Mom တစ်ယောက်ဘယ်လို ဖြတ်သန်းခဲ့သလဲဆိုတာသိရတာပေါ့။ ဆက်စပ်ပြီး ယောနသံစင်ရော် စာအုပ်ပါရှာဖတ်ကြည့်ပါလို့ တိုက်တွန်းပါတယ်။
BẠN ĐANG ĐỌC
Random Thoughts on BOOKS
Phi Hư Cấuဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။