လရိပ်ပိုးမျှင် - သော်တာအေးလဲ့

130 6 0
                                        

လရိပ်ပိုးမျှင် - သော်တာအေးလဲ့

"လ သာသလို နေမှာပေါ့လေ။ ကမ္ဘာမြေနဲ့ မိုင် ထောင်ချီဝေးပေမယ့် သူ့အလင်းကြောင့် အေးမြ
ရတာမျိုးပေါ့"

လရိပ်ပိုးမျှင် ဟာ မေတ္တာတရားအကြောင်းပါပဲ။
လှပရှုပ်ထွေးပြီး နက်နဲတဲ့ လူသားတွေရဲ့ကြားက
ချည်နှောင်မှုလေးတွေကို မြင်ရမယ်၊ အေးချမ်း
တဲ့ မေတ္တာတရားရှိသလို ပူလောင်မှုတွေနဲ့ အတ္တ
တွေလည်း ရှိမယ်။ လရိပ်ပိုးမျှင်က ထိတွေ့ သင်
ကြားပေးသွားတာတွေ အများကြီးရှိပါတယ်။

ဆရာမ သော်တာအေးလဲ့ ရဲ့ ပထမဆုံးလက်ရာ
ဖြစ်တဲ့ ဒီစာအုပ်ကို စ ဖတ်ရချိန်က ၂၀၁၈ ပါ။
ဒီတစ်အုပ်တည်းနဲ့လည်း ဆရာမရဲ့စာဖတ်ပရိသတ်ဖြစ်လာခဲ့တာပါပဲ။ ဒီလိုရေးတတ်ချင်
တယ်ဆိုပြီးလည်း ဖြစ်မိတယ်။ အဲဒီတုန်းက ကိုယ်က စာအုပ်ထဲက ရှယ်လီ ထက် ငယ်ပါတယ်။ ဒါပေမဲ့ ရှယ်လီနဲ့ အဖြစ်အပျက်တွေ တူ
ညီနေပြီး ရှယ်လီ့လို စိတ်ခံစားချက်တွေလည်း ရှိခဲ့တယ်။ အခုတော့ ရှယ်လီ ရင့်ကျက်သွားတဲ့
အသက်အရွယ်နားရောက်ချိန်မှာ လရိပ်ပိုးမျှင် က မျက်နှာဖုံးသစ်နဲ့ ထပ်ထွက်လာခဲ့တယ်။ ဒီ
မျက်နှာဖုံးလေးကိုလည်း သဘောကျရတာပါပဲ။
၂၀၁၈ က ဖတ်ဖြစ်ခဲ့တုန်းကနဲ့ မတူတဲ့ ခံစားချက်တွေရှိလာပေမဲ့ ရှယ်လီဟာ ကိုယ့်ကို အတွေးတွေ ပေးတုန်းပဲ။

ဇာတ်လမ်းက - ရှယ်လီနဲ့ မြမြမောင်း ဆိုတဲ့ အမျိုးသမီးနှစ်ယောက်ရယ်၊ နော်အဲမူ ဆိုတဲ့ ကလေးလေးရယ် ၃ ယောက်ကြားက မေတ္တာတရားအကြောင်းပါ။ ရှယ်လီက အိမ်နဲ့ သိပ် အဆင်မပြေတဲ့ အသက် ၂၀ ကျော် မိန်းကလေး။ ဖခင်က ချမ်းသာပေမဲ့ အဲဒီအကူအညီမယူချင်ဘဲ သီးခြားရပ်တည်ချင်လို့
Community Worker အဖြစ် နာဂစ်ဒဏ်ခံရပြီးစ
မြစ်ဝကျွန်းပေါ်ဒေသကို အလုပ်လျှောက်ခဲ့သူ။
အဲဒီမှာ သူ့ထက် ဆယ်နှစ်နီးပါးကြီးတဲ့ မြမြမောင်း ဆိုတဲ့ စီနီယာအစ်မ နဲ့ တွေ့ဆုံရင်းနှီးခဲ့ရ
တယ်။ မြမြမောင်းနဲ့ ရှယ်လီက ညီအစ်မအရင်းချာတွေလို ချစ်ခင်တွယ်တာခဲ့ကြတယ်။ မြမြမောင်းက ရင့်ကျက်သလောက် ရှယ်လီက စိတ် ဆတ်တယ်၊ ကလေးဆန်ချင်တယ်။ သူတို့ကြား
ထဲကို အမျိုးသားတစ်ယောက်ရောက်လာတော့
ရှယ်လီ့ရဲ့စိတ်အကဲဆတ်မှုက မြမြမောင်းနဲ့ ရှယ်လီ့ကို ဝေးကွာစေခဲ့တယ်။ နော်အဲမူ ကတော့
သူတို့အလုပ်လုပ်တုန်းက တွေ့ခဲ့တဲ့ ဆွံ့အနားမကြား ကလေးမလေး။ ရှယ်လီက နောက်ပိုင်း ကရုဏာတော် ဆိုတဲ့ ကလေးငယ်များဂေဟာမှာ
အလုပ်ဝင်တော့ မိဘမဲ့ ဖြစ်နေတဲ့ နော်အဲမူနဲ့ ပြန်
တွေ့ခဲ့ရတယ်။ နော်အဲမူ ယုံကြည်ကိုးစားတာက
လည်း ရှယ်လီပဲဖြစ်တာမို့ ဒီကလေးရဲ့ရှေ့ရေး
ကို ရှယ်လီက လိုလိုလားလား တာဝန်ယူပေးချင်
လာခဲ့တယ်။ အဆုံးမှာတော့ ရှယ်လီဟာ မြမြမောင်း ဖြစ်သွားခဲ့ပြီး အဲမူက ရှယ်လီဖြစ်ပါတယ်တဲ့။

တကယ်တော့ ဒီစာအုပ်က ဇာတ်ကြောင်း အညွှန်း​သာရေးရတယ်၊ အညွှန်းနဲ့မလုံလောက်တာမို့ ကိုယ်တိုင် ဖတ်ကြည့်ကြပါ လို့ပဲ ပြောသင့်တဲ့စာအုပ်မျိုးပါပဲ။

ဇာတ်လမ်းထဲမှာ သဘောကျရတာကတော့ ကရုဏာတော်က အနူး ပါပဲ။ သိပ်ကိုအေးချမ်း ကြည်လင်တဲ့ အမျိုးသမီးကြီး။ မိခင် မေတ္တာနဲ့ ဝေးခဲ့ရတဲ့ ရှယ်လီဟာ မြမြမောင်းနဲ့ အနူးတို့လို
အမျိုးသမီးတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တာမို့သာ အဲမူ
ကိုပြန်ပြီးမေတ္တာမျှဝေနိုင်ခဲ့တာလို့ဆိုချင်တယ်။

မြမြမောင်း နဲ့ အနူး တို့ပြောပြသွားတဲ့စကားတွေ
ဟာ စိတ်ခံစားလွယ်တဲ့ ရှယ်လီရော ကိုယ့်အတွက်ပါ သင်ယူစရာတွေပါပဲ။

အနူးက ရှယ်လီ့စိတ်ကိုလက်ခံတတ်ဖို့ နူးညံ့စွာ ပြောပြပေးခဲ့တယ်။

"အငွေ့အသက်တွေနဲ့ ဝေးရာထွက်သွားချင်တယ်"
"အရိပ်တွေ အငွေ့အသက်တွေဟာ ပြင်ပမှာရှိနေတာမဟုတ်ပါဘူး။ သမီးကိုယ်တွင်းမှာရှိနေတာပါ။ ဒါဟာ ထွက်ပြေးရမှာမဟုတ်ဘူးလေ။ လက်သင့်ခံနိုင်အောင်ပဲ ကြိုးစားရမှာ သမီးရဲ့"

ရှယ်လီလည်း ချစ်တတ်ချင်တယ်လို့ပြောတော့ မြမြမောင်းက "ချစ်တတ်ရင် ချစ်စရာတွေ့လာမှာပေါ့ ညီမလေးရယ်။ တကယ်ရင်ဆိုင်တွေ့လာတဲ့အခါကျရင်သာ သတိမလွတ်စေနဲ့။ မဟုတ်ရင် သိပ်ပင်ပန်းရလိမ့်မယ်။ ရှယ်လီဟာ ခံစားချက် ပြင်းထန်သူတစ်ယောက်မို့ မမကစိတ်ပူမိတာပါ" လို့ ပြောတာလေးကိုလည်း သိပ်သဘော
ကျတာပဲ။ မြမြမောင်းက ကြိုမြင်ခဲ့ပါတယ်။ ရှယ်လီ က သာ...။

ဒီစာအုပ်ဟာ ကိုယ့် အသက် ၂၀ ကျော်စ အချိန်
တွေမှာ အများကြီးလွှမ်းမိုးနိုင်ခဲ့တဲ့စာအုပ်ပါပဲ။
ပြန်ဖတ်ရချိန်မှာလည်း အများကြီးလွမ်းစရာ ကောင်းတဲ့စာအုပ်ဖြစ်ခဲ့ပါတယ်။

လရိပ်ပိုးမျှင်ထဲကလိုပဲ ဘဝရဲ့ မြမြမောင်းတွေ
အတွက် အများကြီး ကျေးဇူးတင်ရပါတယ်။ 🌙

Random Thoughts on BOOKSDonde viven las historias. Descúbrelo ahora