လေလွင့်မြစ် - မြကျေး
ဒီစာအုပ်အကြောင်း တခါရေးဖူးပြီးသားပါ။ ဒါပေမဲ့လည်း တနေ့က ကျွန်မ တော်တော်လေး
စိတ် မငြိမ်းချမ်းနေတုန်းမှာ ပြန်ဖတ်ဖြစ်ခဲ့မိတော့ အရင်ဖတ်တဲ့အခါတွေနဲ့မတူတဲ့ ခံစားမှု လေးရခဲ့တာမို့ တခါထပ်ရေးဖြစ်ပါတယ်။
လေလွင့်မြစ် က အမျိုးသမီးသူငယ်ချင်းနှစ်ယောက် အကြောင်းပါ။ တစ်ယောက်က နာမည်ကြီး မင်းသမီး၊ တစ်ယောက်က နာမည်ရှိ
ဇာတ်ညွှန်းရေးဆရာမ။ ဒါပေမဲ့ နှစ်ယောက်လုံး
က သူတို့ရဲ့အလုပ်တွေကနေ အနားယူထားကြ
တာ တစ်နှစ်လောက်ရှိပြီ။ အဲဒီညမှာတော့ နှစ်
ယောက်သားဟာ စိတ်ကူးပေါက်လို့ ညနက်ကြီး ပြည် ထိကားမောင်းသွားကြတာပါပဲ။
ရန်ကုန်ကနေ ပြည် ကို နှစ်ယောက်ထဲ ကားမောင်းသွားကြရင်း လမ်းမှာ စကားတပြောပြော နဲ့ မုန့်လေးဝင်စားလိုက်၊ ရယ်လိုက်မောလိုက်ငို
လိုက်နဲ့ အတိတ်တွေကိုပြန်တွေးလိုက်နဲ့ ဇာတ်ကြောင်းကိုဖော်ပြသွားခဲ့တယ်။
ခက်မာခင် ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာမ နဲ့ ပြည့်ဝတီ ဆိုတဲ့ မင်းသမီးတို့ရဲ့ခင်မင်မှုက တကယ်
တော့ ငယ်ရာက စခဲ့တာမဟုတ်ပါဘူး။ မြို့ထဲက
အုန်းစော စာပေမှာ နောက်ဆုံးလက်ကျန် ဂန္တဝင်မမ စာအုပ်ကို လုကြရင်း သူငယ်ချင်းဖြစ်
လာခဲ့တာ။ ခက်မာခင် ဆိုတဲ့နာမည်ကြောင့် ဘဝ
က ခက်ခဲနေရတာဆိုပြီး သူ့သူငယ်ချင်းက "အလွယ်လေး" လို့ပြောင်းခေါ်ခဲ့တယ်။ မင်းသမီးဖြစ်လာတဲ့သူငယ်ချင်းကိုလည်း ခက်မာခင်က သဲဦး လို့ပဲခေါ်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုဟာ အတိုင်း
အဆ မရှိတဲ့အကြောင်း သူတို့အပြောအဆို အပြုအမူတွေကနေ မြင်ခွင့်ရခဲ့တယ်။ သဲဦး က
နည်းနည်း ပိုပြီး Wild ဖြစ်တဲ့ကောင်မလေးပဲ။ ဒါပေမဲ့ ခက်မာခင် ကလည်း အတွေးပင်လယ်
ထဲမှာ တမူဆန်းနေသူ။
မိသားစု၊ အလုပ်၊ စိတ်ထဲက ခံစားချက်တွေ စတဲ့ ဘယ်လိုအကြောင်းအရာကိုမဆို ပြောဆိုနိုင်တဲ့သူတို့နှစ်ယောက်ဟာ တစ်ယောက်က တစ်ခုခုမပြောချင်သေးဘူးဆိုရင်လည်း အတင်း
အကျပ်မေးတာမျိုးမရှိခဲ့ဘူး။ ဥပမာ - သဲဦး ဘာကြောင့် ချစ်သူနဲ့ လမ်းခွဲခဲ့ပြီး တစ်နှစ်လောက် အသည်းကွဲနေတာလဲ ဆိုတာမျိုး၊
ခက်မာခင်နဲ့ သူ့ရဲ့ကိုကိုဆိုတဲ့ချစ်သူအကြောင်း
တွေရောပေါ့။ သူငယ်ချင်းနှစ်ယောက်ရဲ့ပတ်သက်မှုက ဘယ်လိုအချိန်မဆို တွေ့ဖြစ်ကြ
ပြီး ဘာကိုမဆိုထုတ်မေးလို့ရတဲ့ ဆက်ဆံရေးပဲ ဆိုပေမဲ့ (မေးဖို့ အခွင့်အရေးတွေလည်း ရှိခဲ့မှာသေချာပေမဲ့) သဲဦးရော ခက်မာခင်ရောဟာ တစ်ဖက်ကလိုလိုလားလား ရင်ဖွင့်လာတဲ့အထိ အချိန်ပေးခဲ့ကြတယ်။
ခက်မာခင်ရဲ့အတွေးတွေနဲ့ရှုပ်နေတဲ့ အချစ်ရေး
ကြောင့် အဆင်မပြေတဲ့အခါ သဲဦးက ချူချာဟာသ တွေပြောလေ့ရှိတယ်။ "နင်က ချူချာဆို
ငါကချူချာ့သူငယ်ချင်းပဲ" ဆိုတဲ့စကားဟာ
ခက်မာခင်အတွက်တော့ ရှေ့ဆက်ဖို့ခွန်အားပဲ။
အဲဒီလိုပဲ သဲဦးက သူ့ရဲ့နှလုံးသားအကြောင်း တွေးမိပြီး ငိုတဲ့အခါ ခက်မာခင်က ငိုချလိုက်ဖို့
အားပေးပြီး ဘေးကရှိနေခဲ့တယ်၊ ပြီးတော့ သူ
လည်း သဲဦးလိုပဲရွေးချယ်ခဲ့မှာပါတဲ့။ ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်လဲ။
သူတို့နှစ်ယောက်စကားပြောပုံက အရမ်းကို ပေါ့ပါးပြီး သက်သောင့်သက်သာဖြစ်တယ်။ သူငယ်ချင်းတွေဆိုရင်တောင် တော်တော်ကြီး ရင်းနှီးနေမှ ဒါမျိုးပြောလို့ရမှာပဲလို့ ခံစားမိတဲ့အထိ သူတို့ရဲ့လွတ်လပ်ပေါ့ပါးမှုက ဆွဲဆောင်မှု
ရှိတယ်။
ကျွန်မမှာလည်း ဒါမျိုးသူငယ်ချင်းတွေရှိခဲ့ဖူးပြီး
အခုထိလည်း အနည်းငယ်တော့ရှိနေသေးတာကိုပဲ ကျေးဇူးတင်နေမိတယ်။
စာအုပ်ထဲက ခက်မာခင်နဲ့ သဲဦးကတော့ ပြည် ကို အရောက်သွားခဲ့ကြတယ်။ ဩဇာသီးလည်း
စားကြတယ်။ မြစ်ကမ်းဘေးကိုလည်းသွားခဲ့ကြ
တယ်။ ခက်ခဲပေမဲ့ လုပ်ကိုလုပ်ရမယ့် ဆုံးဖြတ်
ချက်တွေလည်း ချခဲ့ကြတယ်။ ဘေးမှာ ဆိုးတူ
ကောင်းဖက်ရှိကြတဲ့အခါ ပိုပြီးသတ္တိရှိလာကြတယ်ဆိုတာ အမှန်ပဲနော်။
လေလွင့်မြစ် က ကျွန်မကို ပြောပြခဲ့တာတွေ အများကြီးပါပဲ။ ဒီစာအုပ်မျိုးဖတ်ခဲ့ရတာကိုပဲ
ကျွန်မကတော့ ကျေနပ်နေမိတာ။
P.S : ခက်မာခင်ကို အလွယ်လေး လို့ ကျွန်မ မခေါ်ချင်ဘူး။ အဲဒါက သဲဦး ခေါ်ဖို့ပဲထားထားချင်ပါတယ်။ 💙
ESTÁS LEYENDO
Random Thoughts on BOOKS
No Ficciónဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
