အိပ်ခန်းတစ်ခန်းရှေ့မှာ လကျာ်ရှင်ရပ်နေပြီး အခန်းတံခါးကိုခပ်ဖွဖွလေးအသံပေးခေါက်လိုက်သည်။ အခန်းထဲကတုံ့ပြန်မှုမပြုလာလို့ ပြန်လှည့်သွားရမလားစဉ်းစားချိန် အခန်းတံခါးကခပ်သာသာပွင့်လာပြီး ပန်းဖျော့ရောင်ဆံနွယ်နှင့်သူမကိုမြင်တွေ့ရသည်။ မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးကာ မျက်မှောင်ကြုတ်ထားသောသူမကိုကြည့်ပြီး လက်ထဲကဆေးထည့်ထားသောအိတ်ကိုကမ်းပေးတော့ အံ့အားသင့်သလိုကြည့်လာသည်။
" ဒဏ်ရာရထားလို့ လိမ်းဆေး "
ရုတ်တရပ်နားလည်ဖို့ခက်သောကြောင့် လကျာ်ရှင်ကိုအသေအချာကြည့်နေသည့် ရွှေဆူးနှင်း၏မျက်နှာက တစ်ခုခုကိုတွေးနေရင်းအမူအရာပြောင်းလဲသွားသည်။ ဘယ်လိုသိတာလဲဆိုတဲ့အကြည့်တွေက ရွှေဆူးနှင်းမျက်ဝန်းမှာအတိုင်းသားပေါ်လွင်နေပြီး ဆေးအိတ်ကမ်းပေးနေသောလက်ကိုသေချာကြည့်လိုက်သည်။
ထိခိုက်ဒဏ်ရာအတွက်လိမ်းဆေးရယ် အကိုက်အခဲပျောက်ဆေးတစ်ကတ်ကို ဆေးအိတ်အကြည်ထဲမှာတွေ့နေရပြီး ထိုဆေးတွေက ဆရာဝန်တွေသာညွန်းပေးတတ်သော ဆေးအကောင်းတွေပင်။ ထို့အပြင် ဆေးအိတ်ထဲတွင် ကိတ်ဆိုင်တစ်ဆိုင်ကဝယ်လာသော ပေါင်မုန့်တစ်လုံးလည်းပါနေလေသည်။
" အခန်းထဲဝင်ခဲ့ "
ဆေးအိတ်ကိုလက်ပြောင်းမယူလိုက်ဘဲ အခန်းတံခါးကိုဝင်လို့လွယ်စေရန်ဖွင့်ပေးလိုက်သည်။ ပြီးတော့ လကျာ်ရှင်ကိုလှမ်းကြည့်ကာ ရွှေဆူးနှင်းနှုတ်ခမ်းတွေက မဲ့ပြုံးလေးပြုံးသွားခဲ့သည်။
အခန်းအပြင်မှာတော့ ဝင်ဖို့မဝံ့ရဲစွာရပ်နေသော လကျာ်ရှင်ဟာ ဆေးအိတ်ကိုတံခါးလက်ကိုင်မှာချိတ်ပေးဖို့ကြိုးစားပြီး ခေါင်းအနည်းငယ်ညွတ်ကာ လှည့်ထွက်ဖို့အတွက်နှုတ်ဆက်နေသည်။ ထိုအပြုအမူကိုကြည့်ပြီး စူးရဲစွာပြောင်းလဲသွားသောအကြည့်တစ်စုံက ပြုံးရယ်နေသောနှုတ်ခမ်းလေးနှင့်အတူ လကျာ်ရှင်လက်ကိုလှမ်းဆွဲလိုက်သည်။
" ဝင်လာခဲ့ "
" မမလေးဆူးနှင်း "
ငြင်းဆန်နေတာကိုကြည့်ပြီး ရွှေဆူးနှင်းအလိုလိုပြုံးမိကာ လကျာ်ရှင်ကိုအခန်းထဲဆွဲသွင်းလို့ တံခါးကိုခပ်မြန်မြန်ပိတ်လိုက်ခဲ့သည်။ လုပ်ငန်းအတူတွဲလုပ်ဖြစ်ရင်း မရင်းနှီးတဲ့အနေအထားကနေ မျက်မှန်းတန်းမိစေအောင် ဘယ်အရာကလုပ်သွားသည်မသိချေ။ လကျာ်ရှင်ကိုမြင်လျှင် ရွှေဆူးနှင်းစိတ်တွေက ကစားစရာတွေ့သလိုပျော်ရွှင်လာတတ်သည်။
" ဒီဆေးတွေဘာလို့ဝယ်လာတာလဲ "
လကျာ်ရှင်လက်ထဲကဆေးအိတ်ကိုကြည့်ပြီး ရွှေဆူးနှင်း ခပ်ပေါ့ပေါ့လေးစကားစလာသည်။ ရပ်နေသောနေရာမှာပင် ခပ်တောင့်တောင့်ဖြစ်နေသော လကျာ်ရှင်ကတော့ လက်ဖြင့်တစ်နေရာကိုညွန်ပြနေသည်။
အကြည့်တွေပြောင်းလဲသွားသော ရွှေဆူးနှင်းမျက်နှာလေးက လကျာ်ရှင်မျက်နှာကို စိမ်းသက်သက်ကြီးကြည့်ကာ လှောင်ပြောင်သောအပြုံးကိုပြုံးလာသည်။ လကျာ်ရှင်မေးဖျားသွယ်သွယ်ကို လက်မနှင့်လက်ညိုးဖြင့်ဖိညှစ်ပြီး မျက်လုံးချင်းဆုံအောင်ကြည့်စေတော့ အကြည့်လွှဲကာသွားလေသည်။
" လကျာ် ဘယ်အချိန်ကတည်းကလဲ "
စူးရှသောအကြည့်တွေရယ် အပြုံးအရယ်မပျက်မေးသံရယ်က ရွှေဆူးနှင်းကို တခြားလူတစ်ယောက်လိုထင်ရစေသည်။ လှောင်ပြောင်လိုသောမျက်ဝန်းတွေက လကျာ်ရှင်ကို စကားတွေတိတ်ဆိတ်အောင်လုပ်နေသည်မို့ မျက်လွှာကိုသာချထားမိသည်။
" ဒဏ်ရာရတာကိုသိတာ "
မျက်လွှာချထားရာကနေ ရွှေဆူးနှင်းကိုကြည့်လာသော ထိုမျက်ဝန်းတွေက သစ်တောစိမ်းရောင်ကဲ့သို့စိမ်းဖန့်နေသည်။ နှာတံကထင်ပေါ်ပြီး နှုတ်ခမ်းလိုင်းလေးတွေထင်းနေသော လကျာ်ရှင်မျက်နှာကို ရွှေဆူးနှင်းသေချာကြည့်လိုက်သည်။
မျက်ဝန်းစိမ်းတွေက ကြည့်ရဆိုးလွန်းပြီး မြင်နေကျနှင့်ကွဲထွက်နေလို့ ထိုမျက်ဝန်းတွေကို ရွှေဆူးနှင်းမနှစ်သက်ပေ။ လူတစ်ယောက်ကိုမတရားရာကျပေမဲ့ ရွှေဆူးနှင်းမြင်နေကျသူတွေထဲမှာ လကျာ်ရှင်တစ်ယောက်သာ ထိုကြည့်ရဆိုးသောမျက်ဝန်းစိမ်းတွေရှိတာကြောင့် အမြဲတမ်းရယ်ဖြစ်ခဲ့သည်။
" ဒီတိုင်းသတိထားမိတာ "
ကြားသာရုံထွက်လာသောစကားလုံးဟာ မျက်ဝန်းစိမ်းတြွေမင်ရတာထက်ပင် ရွှေဆူးနှင်းကိုရယ်မောမိစေလေသည်။ မနေ့ညနေက ဘယ်ဘက်ဒူးရိုးမှာဒဏ်ရာရလာတာကို ရွှေဆူးနှင်းလက်ထောက်တွေကလွဲပြီး အပြင်လူတွေမည်သူမှမသိနိုင်ချေ။
နေစင်းရံဆိုတာလည်း အစ်ကိုဖြစ်သူ၏မွေးစားထားသောလူယုံတစ်ယောက်ဖြစ်လို့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့အကျင့်တစ်ခုကလွဲလျှင် နှုတ်လုံတတ်သောလူတစ်ယောက်ပင်။ ကျန်သောလက်ထောက်တွေကလည်း အစ်ကိုဖြစ်သူကိုသစ္စာရှိသောလူတြွေဖစ်လို့ ရွှေဆူးနှင်းကိုပါဆက်လက်သစ္စာခံကြသူချည်းသာ။ မည်သူတစ်ဦးတစ်ယောက်ကမှလည်း ခေါင်းဆောင်တစ်ယောက်၏ဒဏ်ရာကို အပြင်လူတွေသိအောင်စကားဖွကြမည်မဟုတ်ပေ။
" ဒီတိုင်း ? "
ရွှေဆူးနှင်းပြန်မေးသလိုပြောပြီး လကျာ်ရှင်မေးဖျားကိုလွှတ်ပေးလိုက်သည်။ ခပ်ထေ့ထေ့ပြုံးရယ်ရင်း အိပ်ရာခြေရင်းမှာထိုင်ကာ လကျာ်ရှင်ကို ရွှေဆူးနှင်းမျက်တောင်မခတ်ဘဲကြည့်သည်။ နောက်တော့ ဆေးအိတ်ကိုယူလိုသည့်ဟန်ဖြင့် လက်ကိုအသာအယာဖြန့်ပြလေသည်။
" လက်ထဲကဆေးအိတ်ပေး "
ထိုသို့ပြောလိုက်ပြီးတော့ ကိုင်ထားတဲ့ဆေးအိတ်ကိုကြည့်ပြီး လကျာ်ရှင်လက်ကမ်းလာတော့မှ အလစ်အငိုက်ဖမ်းကာ သူ့ခန္ဓာကိုယ်ကို ရွှေဆူးနှင်းပေါ်လဲကျအောင် လက်ဖမ်းဆွဲလိုက်သည်။ မထင်မှတ်လိုက်သောအချိန်မှာ မထင်မှတ်စွာလုပ်လိုက်တာဖြစ်လို့ လကျာ်ရှင်ဟန်ချက်ပျက်သွားပေမဲ့ ဒဏ်ရာရှိနေသောနေရာကိုမထိအောင်ရှောင်နိုင်ခဲ့သည်။
" မမလေးဆူးနှင်း "
ထိတ်လန့်စွာကြည့်နေသောမျက်ဝန်းစိမ်းက သူမအပေါ်ကနေထဖို့ကြိုးစားနေတာကို သနားစဖွယ်ကြည့်နေမိသည်။ ရွှေဆူးနှင်းအနေအထားက တံတောင်နှင့်ထောက်လျက်သားရှိနေပြီး ညာလက်တစ်ဖက်ဖြင့် လကျာ်ရှင်၏လက်ကောက်ဝတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပေသည်။
" ချွေးထွက်အောင်မလုပ်ချင်နဲ့ လကျာ် "
.............................................................
ဟန်နွေနွံရေချိုးပြီးထွက်လာတော့ အိပ်ခန်းထဲမှာသူမအရိပ်အယောင်မမြင်ရလို့ အိပ်ရာပေါ်တင်ထားပေးသော သူမ၏အဝတ်အစားကိုသာယူဝတ်လိုက်သည်။ မွှေးရနံ့သင်းသင်းလေးရှိနေသော သူမ၏အင်္ကျီလေးကိုသဘောကျစွာရှုရှိုက်ရင်း ဟန်နွေနွံမျက်နှာမှာပြုံးသွားရသည်။
အပြာနုရောင်ဆွယ်တာနှင့် ဘောင်းဘီရှည်ဆင်စွယ်ရောင်လေးက သူမရွေးထားပေးတာဖြစ်လို့များလား သူနှင့်လိုက်ဖက်သည်လို့ဟန်နွေနွံထင်သည်။ မျက်နှာပေါ်မှာမရပ်တန့်တော့သောအပြုံးတွေနှင့် အိပ်ခန်းတံခါးကိုဖွင့်လို့ ဟန်နွေနွံ၏အမျိုးသမီးလေးကိုလိုက်ရှာမိသည်။ အခုအချိန်လောက်ဆိုလျှင် ဘယ်နေရာမှာများရှိလိမ့်မလဲလို့ ဦးဏှောက်ကအဖြေထုတ်ရင်း။
" အိပ်ခန်းထဲမှာပဲအဝတ်လဲတာဆိုတော့ အိမ်မှာပဲရှိလိမ့်မယ်..... "
ဟုတ်သည် အပြင်သွားဖို့ရှိမှသာလျှင် တန်ဖိုးပိုမြင့်သောသီးသန့်အဝတ်အစားခန်းထဲသွားပြီး ထိုအမျိုးသမီး အဝတ်အစားလဲတတ်သည်။ အပြင်သွားဖို့အစီအစဉ်မရှိထားလျှင်တော့ အိပ်ခန်းထဲကတော်ရုံဈေးနှင့်မဝယ်နိုင်သော အဝတ်အစားတွေကိုရွေးချယ်ဝတ်တတ်သူပင်။
ပြီးပြည့်စုံသောမြေအောက်ဂိုဏ်း၏အကြီးအကဲတစ်ယောက်က အိမ်နေရင်းအဝတ်အစားတစ်စုံ၏တန်ဖိုးကိုတောင် သာမန်လူတစ်ယောက်၏သုံးနှစ်စာဝင်ငွေမှမဟုတ်လျှင် ကိုယ်ပေါ်မတင်တတ်ဘူးထင်ပါရဲ့။ ဟန်နွေနွံကိုယ်ပေါ်ကဆွယ်တာတောင်မှ ဒီဇိုင်နာအမှတ်တံဆိပ်တစ်ခု၏ ဆောင်းရာသီဖက်ရှင်ပြပွဲကအင်္ကျီဖြစ်နေသည်မဟုတ်လား။
ပိုက်ဆံပိုရှာရမယ်.....
သက်ပြင်းသာချလိုက်ပြီး ငွေပိုရှာဖို့နှင့်ပိုစုဆောင်းတတ်ဖို့ စိတ်ခွန်အားတဖြတ်လေးရလိုက်သည်။ ထိုအမျိုးသမီးချမ်းသာလွန်းတာကို တဖြည်းဖြည်းပိုသိလာရတော့ ခေါင်းနည်းနည်းကိုက်ချင်လာသည်။ တသက်စားမကုန်သောငွေတွင်းကြီးက ဟန်နွေနွံလိုက်မီဖို့ကြိုးစားခွင့်လေးတော့ပေးသင့်ပါသည်။
" ဆူးနှင်း ! "
ဟန်နွေနွံ သူမကိုလိုက်ရှာရင်း အောက်ထပ်ဆင်းသောလှေကားထစ်အလယ်ကိုရောက်တော့ သြဇာပြည့်သောသူမ၏အေးစက်စက်လေသံကြားလိုက်ရသည်။ တစ်ခုခုကိုစိတ်တိုနေသောအသံက ရွှေဆူးနှင်းနာမည်ခေါ်သံမှာဖြစ်နေ၍ ဟန်နွေနွံခြေလှမ်းကိုပင်ရပ်မိသွားသည်။ လှေကားလက်တန်းအကွယ်ကနေ ထိုအသံကြားရသောနေရာကို ဟန်နွေနွံခိုးကြည့်တော့ လကျာ်ရှင်ကိုပါတွေ့လိုက်ရပြီး အခြေအနေကထူးဆန်းကာတင်းမာနေလေသည်။
မျက်နှာလွှဲထားသောရွှေဆူးနှင်းအား လင်္ကာသုံနားမလည်နိုင်စွာကြည့်နေမိသည်။ လကျာ်ရှင်ကိုဖုန်းခေါ်လိုက်လို့သာ ဖုန်းသံမကြားခဲ့လျှင် လင်္ကာသုံ၏အရိပ်အောက်မှာ လင်္ကာသုံ၏လူတစ်ယောက်ကို ရွှေဆူးနှင်းဘယ်လိုတွေဆက်လုပ်မလဲလို့ မေးလိုက်ချင်သည်။ လူတစ်ယောက်ကိုအစားထိုးအသုံးချရတာ တကယ်ပဲလွယ်ကူလွန်းနေခဲ့တာလား။
" နင်စိတ်ဖြေဖို့ လကျာ်ကအသုံးချခံမဟုတ်ဘူး "
ရွှေဆူးနှင်းမျက်နှာလွှဲထားရင်း လင်္ကာသုံပြောလိုက်သောစကားကြောင့် ဖြည်းဖြည်းလေးလှည့်ကြည့်လာခဲ့သည်။ နင်ကရောဘာလို့အသုံးချခံလုပ်ရတာလဲလို့ ရွှေဆူးနှင်းမျက်ဝန်းတွေက အသံတိတ်လေးမေးနေမိသည်။
" ငါသူ့ကိုအသုံးမချဘူး လင်္ကာ "
" ဆူးနှင်း "
ရွှေဆူးနှင်းလိမ်ညာပြောနေမှန်း လင်္ကာသုံသိနေ၍ စိတ်ပျက်မိသောလေသံဖြင့်ခေါ်မိသည်။ ပြီးတော့ လကျာ်ရှင်ဘက်လှည့်ကာ လင်္ကာသုံလှမ်းခေါ်လိုက်သည်။
" လကျာ် "
လကျာ်ရှင်ခေါင်းငုံ့ပြီးသာ လင်္ကာသုံဘေးမှာဦးညွတ်လာသည်။ လေ့ကျင့်ရေးသင်တန်းသူဘဝကတည်းက လကျာ်ရှင်ကိုကာကွယ်ပေးသူဆိုလို့ လင်္ကာသုံသာရှိခဲ့သည်။ ထိုကြောင့် သူ၏သစ္စာစောင့်သိမှုက တခြားသူထက်ပိုလေးနက်ခဲ့တာဖြစ်သည်။ လင်္ကာသုံဟာ သူ၏အကြီးအကဲတစ်ယောက်ဆိုတာထက် အစ်မတစ်ယောက်လိုဖြစ်နေသည်လို့ဆိုရမည်။
" သွေးပန်းကိုခေါ်ပြီး ပစ္စည်းတွေသွားသိမ်းလာတော့ "
ဆိုးဆိုးဝါးဝါးစကားတွေပြောမိကြလျှင် လကျာ်ရှင်နားထောင်မိမှာစိုးလို့ နေရာကနေတမင်ဖယ်ခိုင်းခြင်းဖြစ်သည်။ လကျာ်ရှင်ကိုသာအမိန့်ပေးနေပေမဲ့ လင်္ကာသုံအကြည့်တွေက ရွှေဆူးနှင်းအပေါ်မှာသာရှိနေသည်။ အသံတိတ်သာနာခံပြီး ခေါင်းငုံ့ကာထွက်သွားသောလကျာ်ရှင်ကို တစ်ချက်လှမ်းကြည့်ပြီး သွေးပန်းနီထံစာပို့ထားလိုက်သည်။
* လကျာ်ရှင်နဲ့အတူသူ့တိုက်ခန်းမှာ ပစ္စည်းတွေသိမ်းလာခဲ့ *
လင်္ကာသုံလက်ကစာရိုက်ပို့ပြီးသည်နှင့် ရွှေဆူးနှင်းဆီအကြည့်ပြန်ရောက်လာပြီး အေးစက်စက်ကြည့်လာသည်။ ထိုအကြည့်တွေကို ရွှေဆူးနှင်းမလိုချင်ပေမဲ့ လင်္ကာသုံပြောတာမှန်နေလို့ မျက်လွှာချလိုက်မိသည်။
" ဘာလို့ ဒီလိုလုပ်တာလဲ "
လက်အောက်ငယ်သားတွေဆိုလျှင် ရန်သူ့လက်ထဲရောက်နေတာတောင် ကိုယ်တိုင်သွားကယ်တတ်သည်အထိ လင်္ကာသုံဂရုစိုက်တတ်လေသည်။ ထို့ကြောင့်လည်းသူမ၏လက်အောက်ငယ်သားတိုင်းကို မည်သူကမှဖိနှိပ်ဆက်ဆံတာမျိုးတွေ လက်မခံနိုင်ပေ။
" လူတစ်ယောက်ကိုစိတ်ထဲကမထုတ်နိုင်ရင် တခြားတစ်ယောက်ကိုမကစားရဘူးဆိုတာ နင်အသိဆုံးမဟုတ်ဘူးလား "
ရွှေဆူးနှင်းတိတ်ဆိတ်နေသည်။
" လကျာ်ရှင်မှာဘာအပြစ်ရှိလို့လဲ ဆူးနှင်း "
" ငါ..... မသိဘူး "
လင်္ကာသုံမျက်မှောင်ကိုတွန့်ချိုးလျက် မျက်လုံးမှိတ်ကာသက်ပြင်းချလိုက်သည်။ အချစ်ဆုံးသူငယ်ချင်းက သူမစိတ်ဒဏ်ရာရဖူးသောလုပ်ရပ်ကို သူမလက်အောက်ကသူအပေါ်ကျူးလွန်ခဲ့သည်တဲ့။
" လူတစ်ယောက်စိတ်ကိုမလှည့်ဖြားနဲ့ ဆူးနှင်း "
ခြေတစ်လှမ်းတိုးလာသော လင်္ကာသုံကို ရွှေဆူးနှင်းနှုတ်ဆိတ်စွာကြည့်နေသည်။
" လူကိုသေအောင်သတ်လို့ရတယ် စိတ်ကိုသေအောင်မသတ်ရဘူး "
" နင့်စိတ်ကရော လင်္ကာ "
" ငါ သူ့အတိုင်းထပ်တူလုပ်တယ် ငါဘာလို့မှားရတာလဲ..... နင်ကရော ဘာလို့အသုံးချခံရတာလဲ "
စကားလုံးတွေတိုက်ရိုက်ထိမှန်သွားသော လင်္ကာသုံ၏မျက်နှာကို ရွှေဆူးနှင်းနာကျင်စွာကြည့်လိုက်သည်။ သူမလုပ်ရပ်ကမှားသည်လို့ဆိုလျှင် ဟန်နွေနွံလုပ်ရပ်ကရော မှန်ကန်နေခဲ့တာလားလို့မေးကြည့်ချင်သည်။
" ငါ လကျာ်ရှင်ကိုနမ်းချင်နမ်းလိမ့်မယ် ဒါပေမဲ့ ! နင့်နေရာမှာအစားထိုးဖို့မဟုတ်ဘူး လင်္ကာ "
" နင့်နေရာကိုငါဘယ်သူနဲ့မှအစားထိုးမှာမဟုတ်ဘူး လကျာ်ရှင်ကသက်သက် နင်ကနင်သက်သက်ပဲ "
" အသုံးချတာနဲ့ ဘာများကွာသွားလဲ "
" မဟုတ်ဘူး ! အသုံးချတာမဟုတ်ဘူး "
လကျာ်ရှင်မျက်နှာကို ရွှေဆူးနှင်းတွေးမိပြီး စိတ်ရှုပ်ထွေးစွာရယ်မိခဲ့သည်။ လင်္ကာသုံကိုကြည့်လိုက်တော့ စိတ်ပျက်နေသောမျက်ဝန်းတွေက အေးစက်စွာကြည့်နေလေသည်။
" ငါ အဲဒီကလေးမကို..... "
လည်ချောင်းဝမှာတစ်နေသောအသံက စကားလုံးတွေစီတန်းဖွင့်ဆိုဖို့ခက်ခဲစွာ အဓိပ္ပါယ်တွေပျောက်ရှနေသည်။ မျက်ခုံးတွေထိလုမတက် မျက်မှောင်ကြုတ်လိုက်ပေမဲ့ လင်္ကာသုံနားလည်အောင် ရွှေဆူးနှင်း ဘယ်လိုရှင်းပြရမည်မသိချေ။
" လကျာ်ရှင်နဲ့တွဲလုပ်ရမယ့်အလုပ်တွေ ခဏရပ်ကြရအောင် ဆူးနှင်း "
တွေဝေနေတဲ့မျက်ဝန်းတစ်စုံက လင်္ကာသုံ၏စကားတစ်ခွန်းကြောင့် ဆတ်ကနဲပြန်ကြည့်မိလာသည်။ ပန်းဖျော့ရောင်ဆံနွယ်တချို့ကျနေသော မျက်ဝန်းလှလှလေးက တုံ့ဆိုင်းတွေဝေစွာငေးကြည့်မိလျက်သာ။
" နင့်စိတ်ကိုမသေချာဘဲ လူတစ်ယောက်ကိုစိတ်ဒဏ်ရာမပေးမိပါစေနဲ့ "
လင်္ကာသုံ ထိုစကားကိုပြောပြီးသည်နှင့် လှည့်ထွက်လာခဲ့လိုက်သည်။ အရာတိုင်းကိုတားမြစ်ဖို့မဖြစ်နိုင်လျှင်တောင် တားမြစ်လို့ရနိုင်တဲ့ကိစ္စတွေကိုတော့ အကောင်းဆုံးတားမြစ်ရမည်ပင်။ အချစ်မပါသောဆက်ဆံရေးတစ်ခုက ဘယ်လောက်နာကျင်ရတယ်ဆိုတာသိလို့ လျစ်လျူရှု့ထားဖို့မဖြစ်နိုင်ပေ။
အချစ်ဆိုတဲ့စကားလုံးက
နူးညံ့သိမ်မွေ့သလိုနဲ့
မာယာလှည့်ကွက်တွေများပြီး
ခံစားချက်မရှိတဲ့သူတွေကိုပိုနာကျင်စေသတဲ့။
လှေကားထစ်တွေကိုတစ်လှမ်းချင်းတက်လာသော လင်္ကာသုံ၏မျက်ဝန်းတွေဟာ လှေကားထစ်အလယ်မှာရပ်နေသောသူကို ခံစားချက်တွေအတက်အကျမရှိစွာကြည့်လို့နေသည်။ သူမကိုပြန်ကြည့်လာသောမျက်ဝန်းတစ်စုံသည်လည်း မျက်လွှာချသွားရုံသာတုံ့ပြန်ပြီး ခံစားချက်တွေဖုံးကွယ်ကာရပ်နေတော့သည်။
အချိန်တွေကသာလည်ပတ်လျက်ရှိပြီး လူနှစ်ယောက်ကတော့ အချိန်တွေရပ်ဆိုင်းသွားသလိုမျိုး နေရာမှာတင်ရပ်နေမိကြသည်။ တစ်ယောက်ရဲ့မျက်ဝန်းထဲမှာ တစ်ယောက်ကိုပြန်မြင်နေရပြီး တင်းတင်းစေ့ထားသောနှုတ်ခမ်းလေးတွေက စကားလုံးတွေကိုအသံအဖြစ်ပြောင်းလဲဖို့ တွန့်ဆုတ်တွေဝေနေကြလေသည်။
တောင်းပန်ပါတယ်.....
ဟန်နွေနွံနှလုံးသားထဲမှာ ထိုအသံဟာပဲ့တင်ရိုက်ခတ်သွားပြီး သူမရပ်နေသောလှေကားထစ်တွေဆီကို ပြေးဆင်းကာဖက်လိုက်မိခဲ့သည်။ မဖမ်းဆုပ်ထားလျှင်လွတ်သွားရတော့မည့် ချစ်ခြင်းမေတ္တာကို နောင်တတွေနှင့်ရပ်ကြည့်ပြီးကျန်ခဲ့မယ့်အစား တင်းကျပ်စွာပွေ့ဖက်ရင်း အပြစ်ဒဏ်သာခံယူချင်တော့သည်။
စိတ်ခံစားချက်တွေကိုလှည့်စားပြီး နောက်ထပ်မနေလိုတော့တာမို့ နွေးထွေးလှသောကိုယ်လေးကို ခပ်တင်းတင်းပွေ့ဖက်ထားရင်း ဖြည်းဖြည်းလေးအကြည့်ချင်းဆုံလိုက်သည်။ သူမမျက်နှာလေးကိုကြည့်ပြီး လက်တစ်ဖက်ဖြင့် သူတို့နှစ်ယောက်ကြားကမြင်ကွင်းကိုကွယ်ကာ လက်တစ်ဖက်ဖြင့်သူမကျောပြင်ကိုဖက်ထားမိသည်။
" ဟန်နွေနွံ "
ဟန်နွေနွံနားထဲတိုးဝင်လာသော အေးစက်စက်သူမခေါ်သံလေး။ အမြင်အာရုံထဲဝင်ရောက်လာသော အလိုမကျစွာမျက်ခုံးတွန့်ချိုးထားသောပုံစံလေး။ အရာအားလုံးကပြီးပြည့်စုံစွာလှပနေပြီး အတိတ်ကပုံရိပ်တွေလည်း ဦးဏှောက်ထဲပြေးလွှားနေသည်။
" ပထမဆုံးအနမ်းဦးကို သူစိမ်းအမျိုးသမီးနဲ့စတင်ခဲ့ရတဲ့နေ့ကစပြီး နွံဘဝကစီစဉ်ထားသလိုမဖြစ်လာခဲ့ဘူး..... သိပ်လှတဲ့အမျိုးသမီးကို ခံစားချက်မထားမိစေဖို့ ကိုယ့်ကိုကိုယ်လိမ်ညာရတာ ညှင်းဆဲခြင်းတစ်မျိုးပဲ ဟန်နီ "
" မာနတွေအပြည့် အခြွေအရံတွေအပြည့်နဲ့ အဲဒီအမျိုးသမီးလေးက ဒဏ်ရာတွေအပြည့်ရလာခဲ့ရင် ကမ္ဘာပြိုကျသွားသလိုခံစားရတယ်..... ကိုယ့်ကိုကိုယ်လိမ်ညာဖို့အတွက်နဲ့..... မုန်းဖို့ကြိုးစားရင်း ရက်စက်ဖို့ကြိုးစားရင်း..... နွံ အဲဒီအမျိုးသမီးကိုကာကွယ်ချင်လာတယ် "
ဘယ်လက်လေးနဲ့ခပ်သာသာလေးကွယ်ထားသော ဟန်နွေနွံမျက်နှာလေးကို လင်္ကာသုံကြည့်နေရင်းက အမြင်တွေဝေဝါးမှုန်ရီလာသည်။ ပါးပြင်ပေါ်စီးကျလာသောမျက်ရည်ကို လင်္ကာသုံမြင်တွေ့ရတဲ့အခိုက်အတန့်မှာ ညာလက်လေးကအလိုလိုလှမ်းသွားမိခဲ့သည်။
" တစ်ရက်ပြီးတစ်ရက်..... တစ်နှစ်ပြီးတစ်နှစ် အဲဒီအမျိုးသမီးကို ခံစားချက်တွေထားမိလာပြီး အမြဲတမ်းကာကွယ်ပေးတတ်တဲ့နောက်ကျောကို နာကျင်အောင်မလုပ်ရက်တော့ဘူး အဲဒီအမျိုးသမီးအတွက်..... အဲဒီအမျိုးသမီးသတ်ချင်နေတဲ့သူကို ကိုယ်စားသတ်ပေးဖို့လည်းလုပ်လာမိတယ် "
ထိုစကားလုံး၏နောက်ဆုံးနားအရောက်မှာ လှမ်းနေသောညာလက်လေးက လမ်းတဝက်မှာတင်ရပ်တန့်သွားခဲ့ပြီး လင်္ကာသုံရဲ့မျက်ဝန်းအစုံဟာအံ့သြခြင်းတို့ကြောင့်ဝိုင်းစက်သွားသည်။
" အဲဒီအမျိုးသမီးအတွက် ကိုယ့်ကိုကိုယ် ကိုယ်ရည်သွေးနိုင်ဖို့ကြိုးစားချင်လာတယ် အဲဒီအမျိုးသမီးအနားက မထွက်သွားရဖို့အတွက်..... အဲဒီအမျိုးသမီးနဲ့နီးစပ်နိုင်ဖို့ မလုပ်ချင်တဲ့လုပ်ငန်းထဲဝင်ခဲ့တယ် "
" ဟန်နွေနွံ "
" အဲဒီအမျိုးသမီးမသိတာက နွံသိပ်ချစ်ခဲ့တာဖြစ်သလို နွံမသိခဲ့တာက..... နွံလုပ်လိုက်တဲ့အမှားတွေက အဲဒီအမျိုးသမီးကို အကြိမ်ကြိမ်ထိခိုက်စေခဲ့တာပဲ "
" အဲဒီအမျိုးသမီးကတော့ နှလုံးသားလေးနာကျင်ရမှာကြောက်လို့ တံခါးပိတ်ထားခဲ့ပြီ နွံကြိုးစားလည်း..... အဲဒီအမျိုးသမီးက လက်မခံနိုင်တော့ဘူး ဟန်နွေနွံဆိုတာ လှည့်စားဖို့သက်သက်ဝင်လာသူလို့ပဲ သူနားလည်ထားတော့တယ် "
မဟုတ်ဘူးလို့စိတ်ထဲကနေငြင်းဆန်ပြီး လင်္ကာသုံညာလက်က ချက်ချင်းလိုပင် ဟန်နွေနွံကွယ်ထားသောဘယ်လက်အား အလျင်အမြန်ဆုပ်ကိုင်မိလျက်။ ဘေးကိုဖြည်းဖြည်းချင်းဖယ်ရှားပြီး မျက်ရည်တွေစီးကျနေသောဟန်နွေနွံ၏ပါးပြင်ကို လင်္ကာသုံ ညင်သာစွာတို့ထိလိုက်ခဲ့သည်။
" အဲဒီအမျိုးသမီးဆီကလိုအပ်တာ မျက်ကြည်လွှာမဟုတ်ဘူး..... နွံလိုအပ်နေတာကလဲ့စားမဟုတ်ဘူး "
...........................................................
![](https://img.wattpad.com/cover/257205397-288-k589885.jpg)
YOU ARE READING
စွန့်ပစ်ခံအချစ် ( Anemone ) Z + U
Romanceလှပသိမ်မွေ့သောအမျိုးသမီးလုပ်ငန်းရှင် လင်္ကာသုံနှင့် အသက်ဆယ်နှစ်ကွာဟတဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်လိုတဲ့ ဟန်နွေနွံ။ မရိုးရှင်းသောအမျိုးသမီးဖြစ်လင့်ကစား ရဲတင်းစွာပတ်သက်ဖို့ကြိုးစားသည့် နုနယ်ပျိုမျစ်တဲ့ဟန်နွေနွံနှလုံးသားထဲမှာ အချစ်ဆိုတာမရှိဘူး။ မထင်မှတ်...