" ဟန်နီ "
ခပ်လှမ်းလှမ်းကနေလျှောက်လာနေသည့် ဟန်နွေနွံကိုလှည့်ကြည့်လိုက်ပြီး လျှာထိုးဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းကာ လူတွေကြားရောနှောပျောက်ကွယ်သွားသော အနက်ရောင်လူရိပ်ကိုတစ်ချက်ပြန်ကြည့်မိသည်။ ဝမ်းဗိုက်အထက်နားကိုစမ်းလိုက်တော့ စကေဘာကြောင့်ပြဲသွားသည့်အင်္ကျီစကိုကိုင်ရင်း လင်္ကာသုံအေးစက်စက်လေးပြုံးလိုက်သည်။
" ဒီနားမှာဘာလုပ်နေတာလဲ..... နွံလိုက်ရှာနေတာ ကော်ဖီဆိုင်တွေနှံ့နေပြီ "
" ကိုယ်တို့စုံတွဲအင်္ကျီဝယ်ရအောင် "
" ဟင် ! ဟန်နီကထူးထူးဆန်းဆန်း စုံတွဲအင်္ကျီလား..... "
လင်္ကာသုံဘာမှဆက်မပြောဘဲ အင်္ကျီပြဲသွားသောနေရာကိုမသိသာအောင် လက်ဖြင့်အသာအယာကွယ်ရင်း ဘယ်လက်ဖြင့်ဟန်နွေနွံကိုလက်ဆွဲကာ အနီးဆုံးဆိုင်ထဲသို့ဝင်သွားသည်။ ဆိုင်ထဲကိုရောက်တော့လည်း အဝတ်အစားကိုထွေထူးစွာမရွေးနေဘဲ ဆွယ်တာအပါးဆင်တူကိုသာရွေးဝယ်လိုက်သည်။ အင်္ကျီကိုတစ်ခါတည်းအမြန်လဲပြီး ဟန်နွေနွံလက်ကိုဆွဲကာ ဆိုင်အပြင်ထွက်လာတော့မှသာ သက်ပြင်းကိုမသိမသာချဖြစ်သည်။
ဟန်နွေနွံမှာတော့ လက်ဆွဲခေါ်ရာနောက်ကိုကြောင်တောင်တောင်လေးလိုက်ပြီး ဈေးဝယ်စင်တာအောက်ထပ်ကို စက်လှေကားနှင့်ဆင်းလာသည်အထိ ဘာကိုမှဉာဏ်လိုက်မမီအောင်ဖြစ်နေသည်။ ခါတိုင်းနေ့တွေနှင့်မတူဘဲ ဤနေ့ကျမှထူးဆန်းနေသော လင်္ကာသုံမျက်နှာကိုခိုးကြည့်ရင်း ဆင်တူဆွယ်တာလေးကိုဝတ်ထားရသည့်အသိကြောင့် တစိမ့်စိမ့်တွေးရင်း တဖြည်းဖြည်းပြုံးလာသည်။
" ဟန်နီ..... ရှင်ဒီနေ့သိပ်ချောတာပဲ "
ဦးဆောင်ခံလိုက်ရသလိုခံစားရပေမဲ့ ထိုခံစားချက်မျိုးကို သူနှစ်သက်မိသည်လို့ဝန်ခံမည်။ ထိုအမျိုးသမီးလေးထံက ထူးဆန်းတဲ့အရှိန်အဝါတွေနှင့် သူ့ကိုဦးဆောင်ချယ်လှယ်နေတာကိုသဘောကျသည်။
" အရှိန်အဝါကြီးတဲ့နွံအမျိုးသမီးလေးကိုချစ်တယ် "
မီးခိုးပြာရောင်ဆွယ်တာဝတ်ထားသောသူနှင့် မိုးပြာနုရောင်ဆွယ်တာဝတ်ထားသောသူမအကြား ချစ်စကားလေးတစ်ခွန်းထွက်ပေါ်လာသည်။ နှစ်ကိုယ်ကြားရုံလုံလောက်သောအသံနှင့် ထိုအမျိုးသမီးလေးကိုပြောလိုက်သည့်တခဏမှာ သူ့မျက်နှာလေးကရှိန်းဖိန်းသွားရသည်။
" ကိုယ့်ကိုဆိုးတယ်လို့မထင်ဘူးလား "
လေးလွှာကနေနှစ်လွှာကိုဆင်းလာသည့်အချိန်မှ လင်္ကာသုံထံကနေစကားသံထွက်လာတော့သည်။ အစောပိုင်းနှင့်မတူသော နူးညံ့သည့်အကြည့်လေးကလည်း ချစ်ခြင်းမေတ္တာတွေအပြည့်ပါဝင်နေသည်။ ထိုမျက်ဝန်းလေးကိုကြည့်မိရုံနှင့် စကားလုံးဖြင့်မဖော်ပြတတ်သည့် လင်္ကာသုံ၏အချစ်အတိမ်အနက်ကို ဟန်နွေနွံမြင်နိုင်သည်။
" ဆိုးတယ်..... ကောင်းတယ်က..... ဘယ်လိုကြည့်ပြီးပြောရတာလဲ နွံမေ့နေပြီ ဟန်နီ "
အကောင်းအဆိုးမှန်သမျှကို ထိုအမျိုးသမီးလေးကြောင့် ပိုင်းခြားမကြည့်ချင်တော့တာလို့ ဆက်မပြောပြဖြစ်တော့ပေ။
" နွံချစ်ရင် လူကောင်းပဲလို့ထင်တယ် မဟုတ်ဘူးလားဟန်နီ..... "
နှစ်သက်သဘောကျချင်စရာ စကားလှလှလေးတွေပါပဲ။ အရက်စက်ဆုံးလူသားတွေကလည်း ချစ်ခြင်းမေတ္တာနှင့်ကြုံဆုံလာလျှင် ပျော့ညံ့သွားတတ်ကြတာမှန်နိုင်သည်။ လူတွေမည်မျှပင်သတ်သတ် သူတို့ချစ်တဲ့သူတွေအရှေ့မှာဆိုလျှင် နူးညံ့သည့်အသွင်အပြင်သာထုတ်ပြချင်ကြသည်။ ဘဝတွေဟာလွဲမှားစွာရှင်သန်ခဲ့ပေမဲ့ ထိုလွဲမှားမှုတွေထဲကနေ အချစ်ဆိုတာကိုရှာဖွေတွေ့ရြှိခင်းက လှပတဲ့လွဲမှားမှုလေးသာဖြစ်မည်။
" အင်း ဖြစ်နိုင်တယ် "
သို့သော် ထိုလှပတဲ့လွဲမှားမှုလေးကို သူမအလွန်သဘောကျမြတ်နိုးသည်။
" နွံ ကိုယ်တို့အိမ်ပြန်ကြရအောင် "
လက်ဖဝါးလေးကိုဖြန့်လိုက်သည့်အခါ နွေးထွေးစွာလက်ချောင်းချင်းယှက်လာတဲ့ အထိအတွေ့လေးက သူမကိုလူသားဆန်ခြင်းတွေရရှိစေခဲ့သည်။ လူအများအမြင်မှာ ရွံမုန်းစရာလူတစ်ယောက်ကလည်း အချစ်ဆိုသောအရာနှင့်ထိုက်တန်ပြီး သာမန်လူတစ်ယောက်နှင့်မခြားစွာ ချစ်ခွင့်ရှိမှန်းနားလည်လာသည်။
သွေးတွေကြားမှာရှင်သန်တဲ့သူအဖို့ သတ်ဖြတ်ခြင်းဟာမထူးဆန်းတော့ပေမဲ့ ချစ်ရတဲ့သူကိုတော့ ထိခိုက်ရှနာဖြစ်မှာကိုစိုးရိမ်သည်။ မတရားဘူးလို့ဆိုဆို ကိုယ်နှင့်ထိမှနာတတ်သည့် လူ့သဘာဝအတိုင်း သူမချစ်တဲ့သူကို မည်သူကမှမထိခိုက်စေဖို့အတွက် အစွမ်းကုန်ကာကွယ်ချင်သည်။ အရာအားလုံးရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပေးပြီး ဖြစ်လာသမျှအရာရာကိုရင်ဆိုင်တဲ့အချိန်မှာ သူမအနောက်မှာသူရှိပေးဖို့သာလိုအပ်သည်။ အနားမှာသူရှိနေသည်ဆိုရုံနှင့် အန္တရာယ်တွေကိုရင်ဆိုင်ဖို့ သူမအတွက်ခွန်အားလုံလောက်နေခဲ့ပြီ။
............................................................
Smooth78တစ်ခွက်ကိုလက်ထဲကိုင်ရင်း အိပ်ခန်းထဲလမ်းလျှောက်နေသော လင်္ကာသုံခြေလှမ်းတွေဟာ လွန်ခဲ့သောတစ်နှစ်ကိုပြန်အမှတ်ရသွားချိန်မှာ အလိုလိုရပ်လိုက်မိလျက်သားဖြစ်စေသည်။ အေးစိမ့်နေသောဆောင်းတွင်းတစ်ည ဤလိုအချိန်ကာလလေးမှာ ခြံဝင်းထဲကပန်းခြံလေးထဲမှာပင် လက်အောက်ငယ်သားများစွာကိုသက်သေထားကာ သူမတို့လက်ထပ်ဖြစ်ခဲ့ကြသည်။ သိုသိပ်စွာပြုလုပ်ခဲ့သောအခမ်းအနားလေးဖြစ်ပေမဲ့ လုံလောက်သည့်အသိသက်သေများစွာရှေ့မှာ သူမတို့ကတိကဝတ်ပြုရုံနှင့် လက်ထပ်ခြင်းအမှုအထမြောက်သည်ဆိုတာ မြေအောက်လောက၏ဓလေ့ထုံးတမ်းကြောင့်ပင်။
သာမန်လူတွေလိုလက်ထပ်ဖို့မဖြစ်နိုင်သော မြေအောက်ခေါင်းဆောင်တွေအဖို့ သိုသိပ်စွာကတိကဝတ်ပြုပြီး လက်ထပ်ကြသည်ကများလေသည်။ အခွင့်အခါကြုံမှသာ ခမ်းနားစွာလူသိရှင်ကြားလက်ထပ်ကြရပြီး ကံမကောင်းလျှင်တော့ မင်္ဂလာပွဲကလည်း ဈာပနပွဲဖြစ်သွားတတ်ကြပြန်သည်။ ထိုသို့ရှုပ်ထွေးပွေလီရက်စက်လှသော မြေအောက်လောကသားတွေအတွက် ဤသို့နေထိုင်ရခြင်းအပေါ်မှာပျော်ကြလားမေးလျှင်တော့ ကျင့်သားရသွားသည့်ဘဝဖြစ်လို့ အဆင်ပြေသည်လို့ဖြေရမည်သာ။
" ဟန်နီ ဘာလိုလိုနဲ့နွံတို့လက်ထပ်တာ တစ်နှစ်ပြည့်ခဲ့ပြီနော်..... အိပ်မက်လိုပဲ "
အနောက်ကနေခါးကိုလာဖက်ပြီး ပခုံးပေါ်မေးတင်ကာ ချွဲနွဲ့စွာပြောနေသောသူကို လင်္ကာသုံခေါင်းလေးစောင်းကာလှည့်ကြည့်လိုက်သည်။ လက်ထဲကဝိုင်ခွက်ကိုယူလိုက်သော ထိုလက်ချောင်းသွယ်သွယ်လေးက အနားရှိစားပွဲပေါ်တွင် ဝိုင်ခွက်ကိုအသာအယာသွားချသည်။ လက်တစ်လှမ်းစာအကွာအဝေးဖြစ်လို့ လင်္ကာသုံကိုဖက်ထားသော ဟန်နွေနွံပုံစံကအနေအထားမပျက်သွားချေ။
" မာနခပ်ကြီးကြီးနဲ့ ဒီအမျိုးသမီးလေးက..... နွံအပိုင်တဲ့လား "
သဘောတကျလေးပြောနေသော ဟန်နွေနွံမျက်နှာလေးထက်မှာ အပြုံးတွေဟာဖုံးဖိမရနေပေ။ လောကကြီးကိုအပိုင်စားရသည့်လူသားလို ပျော်ရွှင်မှုတွေလှိုင်းထနေပြီး လင်္ကာသုံခါးကိုဖက်တွယ်ထားသောလက်ကလည်း နူးညံ့ကြင်နာစွာပိုလို့တိုးဖက်လာသည်။
" ဟန်နီ..... နွံဆိုးသမျှကိုနားလည်ပေးလို့ ကျေးဇူးတင်တယ်နော် "
" ဘာလို့ကျေးဇူးတင်တာလဲ "
" နွံအမြဲတွေးမိတာလေ ဟန်နီကသာ နွံကိုခွင့်မလွှတ်ခဲ့ရင်..... နွံကိုသာစွန့်ပစ်ခဲ့ရင် ဒီလိုနေ့လေးမရှိလောက်ဘူးလားလို့ "
ထိုစကားလေးကို တိတ်ဆိတ်စွာနားထောင်ပြီးတော့ အနောက်ကလူသားလေးဆီကိုသူမလှည့်လိုက်သည်။ နူးညံ့တဲ့ပါးပြင်လေးကိုထိတွေ့ရင်း နှုတ်ခမ်းလေးကပြုံးယောင်သန်းသွားပြီး သွယ်လျသောလက်ချောင်းလေးတွေက သူ့အင်္ကျီစကိုဆွဲထားသည်။ ထိုကနေတဆင့် ညှပ်ရိုးကိုထိတွေ့ပွတ်တိုက်ပြီး လည်တိုင်ကိုချဉ်းနင်းလာသည့် ထိုအထိအတွေ့တွေက သူမအကြည့်စူးစူးတို့နှင့်အတူ သူ့နှုတ်ခမ်းကိုသိမ်းပိုက်ချယ်လှယ်သွားခဲ့သည်။
စကားလုံးတွေအများကြီးမဖော်ပြဘဲ အပြုအမူနှင့်ဦးဆောင်လွှမ်းမိုးလိုက်သော သူမ၏အရှိန်အဝါကို သူအလွန်သဘောကျသည်။ အစပိုင်းကာလတွေမှာ ကြောင်လေးတစ်ကောင်လို့ထင်ခဲ့တာတွေကို ပြောင်းပြန်လှန်ပစ်နိုင်အောင် လွှမ်းမိုးမှုအားကောင်းလွန်းသည့်သူမက ကျားရိုင်းလိုအမျိုးသမီးလေး။
" အာ့ ဟန်နီ..... "
နှုတ်ခမ်းထက်ကအနမ်းတွေဟာ လည်တိုင်ထက်ကိုပြောင်းရွှေ့လာချိန်မှာ ခပ်သာသာလေးကိုက်ခဲခံလိုက်ရသည်။ ယခုအချိန်မှာ ညတိုင်းဦးဆောင်ခဲ့သောသူ့အဖြစ်က သူမလက်ထဲမှာရှိသည့် အရုပ်လေးတစ်ရုပ်အဖြစ်ကျရောက်သွားသလိုဖြစ်နေသည်။ ကြမ်းတမ်းသောအပြုအမူတွေမပါဘဲ တကယ်ကိုတည်ငြိမ်စွာလူကိုကိုင်တွယ်နေတာက သူ့ဆီကရှစ်နှစ်တာပညာတွေသင်ယူထားသလိုပင်။
" ဟန်နီ..... ရှင့်ကိုဒီလိုဆိုးမှန်းမသိခဲ့ဘူး "
အိပ်ရာပေါ်ကိုဖြည်းဖြည်းလေးတွန်းလှဲလိုက်ပြီး သူပြောလိုက်သောစကားတစ်ခွန်းကို သဘောကျသောအပြုံးဖြင့်သူမကြည့်နေသည်။ အပေါ်ကနေအုပ်မိုးထားသောအနေအထားက တကယ်ကိုရူးလောက်ချင်စရာကောင်းအောင် ဆွဲဆောင်မှုရှိနေမှန်း သူယခုမှသိတော့သည်။ လက်နှစ်ဖက်ကိုခေါင်းအထက်မှာပူးကပ်ပြီး လက်တစ်ဖက်တည်းဖြင့်ချုပ်နှောင်ထားသည့် သူမအကြည့်တွေက သူ့မျက်ဝန်းတွေထဲပျော်ဝင်လျက်ပင်။
ရင်ခုန်သံတွေဆူညံရသည့်အကြည့်တွေက နွေးထွေးသည့်အနမ်းချက်တွေပေးတိုင်းမှာ သူ့မျက်ဝန်းတွေကိုကြည့်ကာ သွယ်လျသောလက်ချောင်းလေးကလည်း အဖြူရောင်ရှပ်အင်္ကျီ၏ကြယ်သီးတွေကို တစ်လုံးချင်းညင်သာစွာဖြုတ်နေခဲ့သည်။ နှုတ်ခမ်းကိုညင်သာစွာနမ်းနေသော သူမနှုတ်ခမ်းလေးက ကြယ်သီးတစ်လုံးပြေလျော့လာတိုင်းမှာ လစ်ဟာလာသောအသားစိုင်တွေကို တစ်ချက်ချင်းစီထိတွေ့လာသည်။ လက်နှစ်ဖက်ကိုချုပ်ထားသော သူမလက်တစ်ဖက်ကလည်း သူ့လက်တစ်စုံကိုချုပ်ထားမြဲရှိနေသည်မို့ သဘောကျစွာအလိုလိုပြုံးမိသည်။
" နွံ ဒီညကိုယ့်အပိုင်ဖြစ်ပေးမလား "
မော်ကြည့်လာသောမျက်ဝန်းထဲမှာ တစ်ကြိမ်တစ်ခါမျှမမြင်တွေ့ဖူးသော စိတ်လှုပ်ရှားခြင်းတွေကို သူတွေ့နေရသည်။ နူးညံ့စွာထိတွေ့သောလက်ချောင်းတွေက ကျစ်လျစ်တဲ့ဗိုက်သားချပ်ချပ်ဆီမှာ ထိတွေ့ရပ်တန့်သွားသည်ကို သူသိနေသည်။ ထိုအောက်ကိုနည်းနည်းထပ်ဆင်းလျှင် စတိုင်ဘောင်းဘီကြယ်သီးဆီရောက်မှာကို သူသိနေပေမဲ့ သူလိုလားစွာပင်ခေါင်းညိတ်လိုက်သည်။
ရှင်ကတကယ်ကျားရိုင်းလေးပဲ.....
..........................................................
ခြံအပြင်မှာလုံခြုံရေးယူနေသော အနက်ဝတ်နှင့်လူတွေဟာ အဖွဲ့နှစ်ဖွဲ့ခွဲကာ တစ်ခုခုကိုကြိုးစားပြီးအလုပ်ရှုပ်နေကြလေသည်။ ထိုအနက်ရောင်ဝတ်လူများထဲတွင် အဆွယ်တော်သောလူတစ်ယောက်ကြောင့် လကျာ်ရှင်လည်းအငြိမ်မနေရဘဲ အလုပ်တစ်ခုရနေခဲ့သည်။ ခြံဝင်းရှေ့ကမြေကွက်လပ်မှာ ဆောင့်ကြောင့်လေးထိုင်ကာ မျက်ဝန်းစိမ်းစိမ်းတွေက တစ်ခုခုကိုစူးစမ်းသလိုကြည့်ရင်း ခပ်လှမ်းလှမ်းကလာနေသောသွေးပန်းနီကို တစ်ချက်လေးလှမ်းကြည့်လိုက်သည်။
" သွေးရဲနီ "
တစ်ခွန်းတည်းခေါ်လိုက်သည့်လေသံကြောင့် စာရွက်လိပ်လေးကိုစီနေသည့် သွေးရဲနီလက်က နောက်တွန့်ကာတုံ့ဆိုင်းသွားရှာသည်။ ဘဝမှာအကြောက်ရဆုံးပြောပါဆိုလျှင် သွေးရဲနီ၏အစ်မဖြစ်သူကို လက်ညိုးထိုးကာညွှန်ပြရမည်ပင်။
" ဗျာ..... မမ "
ဇက်ကလေးပုဝင်သွားပြီး ခပ်စူးစူးစိုက်ကြည့်နေသော အစ်မဖြစ်သူသွေးပန်းနီကို မချိသွားလေးဖြဲပြလိုက်သည်။ လုံခြုံရေးယူနေသောလူတွေလည်း အခြေအနေမဟန်မှန်းသိ၍ ဘာသိဘာသာထထွက်သွားကြပြီဖြစ်သည်။ တချို့တလေဆိုလျှင် သူတို့ဘာမှမလုပ်ထားသည့်အတိုင်း လေလေးပင်ချွန်လိုက်ကြသေးသည်။
" အခုထိမပြီးကြသေးဘူးလား "
" ဟီးဟီး..... အကြီးအကဲက ဘယ်နေရာလဲသိချင်လို့ မဲခွဲကြည့်တာကို "
ညဦးပိုင်းကတည်းက မဲနှိုက်လိုက်တာ ညဥ့်ဦးယံပင်ကျော်နေပြီ။ သူတို့အကြီးအကဲက အပေါ်ထပ်နေလား အောက်ထပ်နေလားဆိုတာကို ယခုအချိန်ထိစပ်စုလို့မပြီးကြပေ။ ထိုကိစ္စက လွန်ခဲ့တဲ့တစ်နှစ်ကလည်း အတော်လေးကယက်ထခဲ့ပြီး မနက်ရောက်လို့ တာဝန်ချိန်လဲသည့်အချိန်ထိ သကောင့်သားတစ်ဖွဲ့က နေရာကမရွေ့ဘဲဇွဲကောင်းခဲ့ကြတာမှတ်မိသည်။
ယခုလည်း သူတို့အားလုံးတကျိတ်တည်းတဉာဏ်တည်းဖြင့် တစ်ရှုးလိပ်တွေကိုဖြုန်းတီးကာ မဲနှိုက်နေကြပြန်ပြီဖြစ်သည်။ ဘယ်လိုပင်အော်ငေါက်လိုက်ပါစေ လူစုကခဏပဲကွဲသွားပြီး အတန်ကြာတော့ ခွေးမြီးကပြန်ကောက်သွားကြပြန်သည်။ အကြီးအကဲသာ ဤသို့အထပ်ခွဲသည့်ကိစ္စသာသိလျှင် ခွေးသားလေးတစ်ဖွဲ့တော့ ခေါင်းနှင့်ကိုယ်အိုးစားကွဲကြတော့မည်ကိုမြင်ယောင်သည်။
" ခေါင်းဆောင်မမလည်း နှိုက်တာပဲလေ..... မယုံရင်ကြည့် "
သူမတို့ညီအစ်မနှစ်ယောက်စကားဝိုင်းမှာ အလိုလိုနေရင်းပါလာလို့ မျက်ဝန်းစိမ်းလေးက နားမလည်သလိုမော့ကြည့်လာသည်။ လက်ထဲကတစ်ရှုးလိပ်ထဲမှာ သူနှိုက်မိသောမဲက အောက်ထပ်ဆိုသောစာလုံးဖြစ်နေလို့ လကျာ်ရှင်မှာ သူတို့အကြီးအကဲ၏ပုံစံကို အောက်ထပ်နှင့်တူရဲ့လားလို့စဉ်းစားနေရသည်။ ထိုကြောင့် ပြဿနာရင်းမြစ်ထဲဆွဲထည့်ခံရပေမဲ့ လက်ထဲကမဲလိပ်လေးလောက် အာရုံမထားနိုင်သေးပေ။
" သွေးရဲနီ ! ပြီးရင် ဖွထားတဲ့ဟာတွေ တစ်ခုမကျန်အကုန်ရှင်းထားတာမြင်ချင်တယ်နော် "
" အမှိုက်တွေကို စည်းမရှိဖွတာမကြိုက်ဘူး "
အရှေ့မှာတော့ သွေးရဲနီလေးဟာ သူ၏အစ်မဖြစ်သူဆီကနေ ကောင်းကောင်းကြီးအဆူခံနေရလေသည်။ လက်ညိုးတထိုးထိုးဖြင့် နောက်ဆက်တွဲဆူသံတွေပါလာလို့ နားမီးခိုးထွက်အောင် သွေးရဲနီတို့အဆူခံနေရချိန် ကျန်သည့်လူများကတော့ လကျာ်ရှင်လက်ကမဲလိပ်ကိုသာ စိတ်ဝင်စားနေခဲ့သည်။
" မမလကျာ် မမလကျာ် ဘာလေးရလဲကျွန်တော်တို့ကိုပြပါလား "
သေနတ်ရှည်ကိုလွယ်ထားပြီးတော့ အနားမှာဝိုင်းအုံဖွဲ့ကာ ဆောင့်ကြောင့်လေးလာကြည့်နေကြသော လက်အောက်ငယ်သားတွေကို လကျာ်ရှင်တစ်ချက်ကြည့်လိုက်သည်။ အားလုံး၏မျက်ဝန်းတွေထဲမှာ သူတို့အကြီးအကဲအပေါ်ထပ်ရောက်မည့် မဲလိပ်လေးတစ်လိပ်ကို မြင်တွေ့ဖူးချင်နေကြလေသည်။ စိတ်မကောင်းစွာပင် လကျာ်ရှင်လက်ထဲကမဲလိပ်လေးမှာ အောက်ထပ်ဆိုသော စာလုံးလေးသာဖြစ်နေခဲ့သည်။
" ဟေ့ကောင် မြင်ရလား ဘာမဲလဲ "
" နေဦး အရိပ်ကျနေတယ် မမလကျာ်ကျွန်တော့်ကိုပေး သေချာမမြင်ရဘူး "
" အမ် ! အောက်ထပ် ဒါပဲထပ်ကျတာလား "
" ဟာ..... ကျွန်တော်တို့အကြီးအကဲက ဘယ်လောက်မိမိုက်လိုက်လဲ အောက်ထပ်ဖြစ်သင့်လား "
" အေးလေကွာ ဒီကောင်မှားနေတာ ငါတို့အစကပြန်ရွေးမယ် "
" ဒီမဲတွေမှာ သောက်လုံးမပါတာ "
" ညီလေးတို့ မင်းတို့ရွေးရင် အစ်ကိုတို့လည်းပါမယ်နော် "
" ချဗျာ ကြာသလားလို့ "
" ကျွန်တော်တို့အကြီးအကဲက အပေါ်ထပ်ပဲဖြစ်သင့်တယ် မလျှော့ပေးနိုင်ဘူး "
" ဒီသောက်ကန်းမဲ တွေ့မယ် "
သွေးရဲနီ နားအပူတိုက်ခံနေရသည့်အချိန်မှာ လကျာ်ရှင်အရှေ့တွင် မဲနှိုက်ပွဲကိုကြီးကျယ်သိုက်မြိုက်စွာ ကျင်းပနေကြလေသည်။ တစ်ရှုးလိပ်တွေကိုဆုတ်ဖြဲပြီး ဘောပင်ဖြင့်စာလုံးတွေရေးကာ လက်ဖဝါးနှစ်ဖက်ကိုနာနာပွတ်ပြီး မဲပြန်လိပ်နေကြသည့် သကောင့်သားတစ်ဖွဲ့ရယ်။
အပေါ်ထပ်ကုတ်တွေလည်း ဘေးမှာပုံပွနေကြပြီး ရှပ်အင်္ကျီတွေကိုလက်ဆွဲတင်ကာ ဆောင့်ကြောင့်ထိုင်ခေါင်းချင်းဆိုင်ပြီး ထိုသကောင့်သားတွေအလုပ်များနေကြသည်။ လူအယောက်လေးဆယ်စာအတွက် မဲလိပ်ကိုးဆယ်ရေးထားလျှင် ရွေးမိသောမဲလိပ်လေးဆယ်ဟာ သူတို့အကြီးအကဲအတွက် အောက်ထပ်ဆိုသောမဲချည်းသာဖြစ်နေသည်။ ကျန်ခဲ့သောအပိုမဲလိပ်ငါးဆယ်ဟာ အပေါ်ထပ်ဟုပိုပိုသာသာရေးပေးထားပေမဲ့ မည်သည့်လက်ကမှသစ္စာဖောက်ပြီး သူတို့အကြီးအကဲကိုအပေါ်ထပ်မဲလိပ်မရွေးပေးကြချေ။
""" ဟာကွာ !..... """
ခဏအကြာမှာ ပြိုင်တူစီညံစွာထွက်လာသော စိတ်ပျက်လက်ပျက်အသံတွေကြောင့် အောက်ထပ်မဲသာမိသွားကြပြီမှန်း လကျာ်ရှင်မကြည့်လည်းသိလိုက်သည်။ ညီမငယ်ကိုခေါ်ယူဆုံးမနေသော သွေးပန်းနီလည်း ဆူညံတတက်လာသောအသံကြောင့် ခေါင်းချင်းဆိုင်နေသည့်သကောင့်သားတွေကို သတိပြုမိသွားခဲ့သည်။
" အစ်ကိုတို့တွေ ထပ်လုပ်နေကြပြန်ပြီ "
သွေးပန်းနီ ထိုနေရာကိုလျှောက်လာပြီးပြောတော့ စစ်ရှုံးသည့်စစ်သည်တွေလို မှုန်သုန်စွာရှိနေသောလူတွေက မဲလိပ်တွေကိုမကြည်လင်စွာကြည့်ရင်း သက်ပြင်းတွေချလိုက်ကြသည်။
" အကြီးအကဲက ဘာလို့အပေါ်မတက်တာလဲကွာ "
ထိုစကားကိုကြားတော့ သွေးပန်းနီထက်အသက်ကြီးသည့် အဖွဲ့ထဲမှအစ်ကိုကိုကြည့်ရင်း ရယ်ရမလိုငိုရမလိုဖြစ်သွားသည်။ မဲလိပ်လေးအပျော်ရွေးကြရာက အကြီးအကဲအတွက်မကျေနပ်နေကြတာကိုကြည့်ပြီး ဘာဆက်ပြောရမည်ပင်မသိတော့ချေ။
" အသက်ကြီးလို့များလား "
" ဟေ့ကောင် အကြီးအကဲကြားရင် မင်းသေနေဦးမယ် "
" အဲဒါ မမတွေက ညီမလေးတွေကိုအလျှော့ပေးတာလို့ခေါ်တယ် မသိရင်မပြောနဲ့ "
" ဟုတ်လို့လားဗျာ "
" ဟုတ်လား ဟုတ်လား မမလကျာ် "
" မမဆီမှာ ဒီလိုညီမလေးရှိလား အာ့ သေပြီ ! "
ထိုသကောင့်သားတွေထဲမှာ စကားဝိုင်းထဲကနေထွက်လာပြီးတော့ လကျာ်ရှင်ဘက်မြားဦးလှည့်ကာစပ်စုလာသော သကောင့်သားတစ်ကောင်ကို သွေးပန်းနီအနောက်ကနေအကြည့်စူးစူးဖြင့်ကြည့်ရင်း နားရင်းတစ်ချက်အုပ်ချလိုက်သည်။
" ဟာဗျာ လက်ပစ်ဗုံးမှန်သွားတာလားလို့ မမသွေးပန်းနီကဗျာ "
" ထပ်ပြီးလျှာကြောရှည်မယ်ဆို ဒီမဲလိပ်တွေ ပါးစပ်ထဲဝင်သွားမယ် ကောင်းဆက်ဇော် "
" အပျိုကြီးဖြစ်မယ့်ဟာကြီး "
" သွားမယ်ကိုကို ကလေးနာသွားပြီ "
သေနတ်ထမ်းပြီးလုံခြုံရေးယူနေသော အစ်ကိုကြီးတစ်ယောက်ထံကို မဟုတ်တမ်းတရားပြောကာ ထိုသကောင့်သားထွက်သွားချေသည်။ ကျန်သောသကောင့်သားတွေကလည်း သွေးပန်းနီကိုရှိန်ကြသည်ဖြစ်လို့ အလျိုလျိုထသွားကြသည်။ ထိုတော့မှသာ သွေးပန်းနီလည်း လကျာ်ရှင်အနားမှာ အမှိုက်တွေကိုရှင်းရင်းလာထိုင်ဖြစ်တော့သည်။
" မလကျာ် ဒီညနည်းနည်းအေးတယ်နော် "
အမှိုက်လိုက်ကောက်နေသော သွေးရဲနီတစ်ယောက် အစ်မဖြစ်သူကိုလှမ်းကြည့်ရင်း အပိုးကျိုးစွာအမှိုက်သိမ်းသမားလေးလုပ်နေသည်။ မြူငွေ့တွေအုံ့ဆိုင်းနေသောလေထုက အေးစိမ့်စွာရှိနေပေမဲ့ အယောက်များစွာလှုပ်ရှားနေသောကြောင့် လေထုကထင်သလောက်တော့ မအေးစိမ့်နေပေ။
" သိပ်မအေးဘူး "
" ဟုတ်လား သွေးကနည်းနည်းအေးသလားလို့ "
လကျာ်ရှင်မျက်နှာကိုငေးကြည့်ရင်း ပေါ့ပေါ့ပါးပါးလေးပင် သွေးပန်းနီပြောလိုက်သည်။ မျက်ဝန်းစိမ်းတွေကတော့ မှိုင်းညို့ညို့နှင့် အဝေးကိုငေးမောကြည့်နေခဲ့သည်။ သူမြင်နေသည့်ကောင်းကင်ကြီးမှာ တစုံတစ်ယောက်ကိုများမြင်ယောင်နေလိမ့်မလား။
" ခဏနေ မလကျာ်လည်းအနားယူတော့လေ "
" သွေးတို့လည်း တာဝန်ချိန်ပြီးရင် ပြန်ကြတော့မလို့ "
" ဂရုစိုက်ပြန်နော် "
ပါးစပ်ထဲကအအေးငွေ့ကိုမှုတ်ထုတ်ပြီး လက်ဖဝါးချင်းပွတ်တိုက်ရင်းက လကျာ်ရှင်ပြောလာသည့်စကားကြောင့် သွေးပန်းနီအနည်းငယ်ပြုံးမိသွားသည်။ ရာသီဥတုကအေးစိမ့်လျက်ရှိပေမဲ့ စကားလေးတစ်ခွန်းကြောင့် အနွေးဓာတ်လေးရှိလာသယောင်ပေ။
" မမ..... အမှိုက်တွေသိမ်းပြီးပြီနော် "
ခပ်လှမ်းလှမ်းကအော်ပြောသောသွေးရဲနီကို လကျာ်ရှင်အကြည့်ရောက်သွားပြီး သဘောကျစွာပြုံးကြည့်နေမိသည်။ နောက်တော့ ဘာရယ်မဟုတ်စွာ နံဘေးကိုအကြည့်ပို့လိုက်တော့ ခပ်ငေးငေးလေးကြည့်နေသောအကြည့်တစ်စုံကို လကျာ်ရှင်မထင်မှတ်ဘဲတွေ့လိုက်ရသည်။ ရုတ်တရပ်မို့ ကြောင်အအလေးဖြစ်သွားမိပေမဲ့ မျက်ဝန်းစိမ်းတွေမှေးသွားအောင် လကျာ်ရှင်ပြုံးပြဖြစ်လိုက်သည်။
...........................................................
YOU ARE READING
စွန့်ပစ်ခံအချစ် ( Anemone ) Z + U
Romanceလှပသိမ်မွေ့သောအမျိုးသမီးလုပ်ငန်းရှင် လင်္ကာသုံနှင့် အသက်ဆယ်နှစ်ကွာဟတဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်လိုတဲ့ ဟန်နွေနွံ။ မရိုးရှင်းသောအမျိုးသမီးဖြစ်လင့်ကစား ရဲတင်းစွာပတ်သက်ဖို့ကြိုးစားသည့် နုနယ်ပျိုမျစ်တဲ့ဟန်နွေနွံနှလုံးသားထဲမှာ အချစ်ဆိုတာမရှိဘူး။ မထင်မှတ်...