Chapter 472 : နောက်တစ်ကြိမ်အခွင့်အရေး
လီရှောက်ယွင်၏ စကားကြောင့် ရှောင်ချင်းမှာအတော်လေး အံ့အားသင့်သွားသည်။ ရှိုက်ငိုနေရာမှ ဗလုံးဗထွေးနှင့် ပြောလာ၏။ "ကျွန်...ကျွန်မ ရှင့်ကိုအရက် သောက်ဖော် သောက်ဖက် လုပ်ပေးလို့ ရပါတယ်"
ကျင်းယွင်ကျောင်း တစ်ယောက် စိတ်ထဲတွင်ကျိတ်၍ ပြုံးမိသွားသည်။ အရက် သောက်ဖော်သောက်က တစ်ယောက်နှင့် တစ်ယောက် ခင်မင်ရင်းနှီးရန်အတွက် ပထမအဆင့် ခြေလှမ်းပင်။
အရက် အတူ သောက်ရင်း တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးသွားကြကာ ဖိုမ သဘာဝ ဆွဲဆောင်မှုကြောင့် သဘောကျ စိတ်ဝင်စားသည့် ခံစားချက်မျိုး ဖြစ်လာကြမည်။ ထိုမှ အဆင့်တက်၍ ချစ်သူရည်းစား ဘဝသို့ ရောက်သွားကြမည်။ ဤသည်ကစူချူး ဖတ်နေကျ အချစ်ဝတ္ထုများ၏ အပ်ကြောင်း ထပ်နေသော ဇာတ်ကွက်ပင်။သူ (မ) သာ လီရှောက်ယွင်နှင့် မသိကျွမ်းခဲ့လျှင် လီရှောက်ယွင်က မိန်းမ ရှုပ်ပွေသူ၊ လူ့ပေါ်ကြော့ သခင်လေး တစ်ယောက်ဟု ထင်မိမည်မှာမလွဲမသွေပင်။ သို့သော် ရင်းနှီး သိကျွမ်းလာပြီးနောက် လီရှောက်ယွင်က ယောကျာ်းသားများ မော်ဖူးရသော မိန်းမမျိုးကိုပင် သူ စိတ်မဝင်စားလျှင်တစ်ချက်ကလေးမှ အဖက်မလုပ်သည်အထိ အသည်းမာကြောင်း သိလာခဲ့ရသည်။
"အဲ့လိုဆိုရင်လည်း မင်း ဒီမှာ နေခဲ့လို့ရပါတယ်"
တစ်အောင့်လောက် ကြာပြီးနောက် လီရှောက်
ယွင်က ရှောင်ချင်းအား ပြောလိုက်၏။အစ်မ ယွမ်မှာ အပြောင်းအလဲ မြန်လွန်းလှသော လီရှောက်ယွင်နှင့် ရှောင်ချင်းတို့ကို နားမလည်နိုင်ကာ ဆွံ့အနေ၏။ သို့သော် ဖျစ်ညှစ် ပြုံးရင်း နားလည်သဘောပေါက်သလိို ပြောလာသည်။
"ဖြစ်သွားတဲ့ ကိစ္စတွေအတွက် ကျွန်မ တကယ့်ကိုတောင်းပန်ပါတယ်။ ဒီတစ်ဝိုင်းလုံးကို ကျွန်မဘက်ကပဲ အကုန်အကျ ခံလိုက်ပါ့မယ်"
ထိုသို့ ပြောပြီးနောက် စိတ်သက်သာရာ ရသွားသကဲ့သို့ သက်ပြင်းဖွဖွချကာ တစ်နေရာသို့ ထွက်သွားတော့သည်။
ရှောင်ချင်း၏ လုပ်ရပ်မှာ ကလပ်၏ စည်းမျဥ်းစည်းကမ်းများနှင့် ဆန့်ကျင်နေသော်လည်း လီရှောက်ယွင်ကဲ့သို့ အကြီးစား ဖောက်သည်တစ်ယောက်ကို ဆွဲဆောင်နိုင်လျှင် သူ (မ) အတွက် အခွင့်အရေး ရှိဦးမည်။စားပွဲထိုးများနှင့် အတူ အစ်မ ယွမ် ထွက်သွားမှ ရှောင်ချင်းလည်း စိတ်အေးသွားသည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် ကြမ်းပြင်ပေါ်မှ လူးလှိမ့် ထလိုက်သည်။ လီရှောက်ယွင်နှင့် ကျင်းယွင်ကျောင်းတို့ နှစ်ယောက် ကြားဝင်ထိုင်မည် အပြု လီရှောက်ယွင်က မျက်မှောင်ကြုတ်ကာ ပြောလာ၏။ "ဘယ်သူက...ဒီနေရာမှာ မင်းကို ထိုင်ခွင့်ပြုလို့လဲ"
လီရှောက်ယွင်၏ စကားကြောင့် ရှောင်ချင်းမှာ ထိုင်ရမလို ထရမလိုနှင့် အို့တိုးအန်းတန်း ဖြစ်သွား၏။ သို့သော် မျက်နှာ မပျက်အောင် အတတ်နိုင်ဆုံး ထိန်းကာ ဣန္ဒြေဆယ်လိုက်သည်။
တုလင်းနှင့် ကျင်းယွင်ကျောင်းမှာ ရှောင်ချင်းကို ကြည့်ရင်း ခေါင်းကို သွင်သွင်ခါနေမိ၏။ အစောပိုင်းက ရှက်ရွံ့ကာ အပြစ်ကင်းစင်ပုံ ပေါ်
သည့် မိန်းကလေးက လီရှောက်ယွင် အရှေ့တွင် မူယာ မာယာများ ထုတ်သုံးကာ ကလူကျီစယ်နေသည်။ယခုလည်း မျက်နှာပြောင် တိုက်ကာ တုလင်း ဘေးတွင် ဝင်ထိုင်၏။ "မင်းက အပျော်မယ်ဆိုတော့
အရက်တွေ ဘာတွေနဲ့ ပတ်သတ်ပြီး အကျွမ်းတဝင်ရှိမှာပဲ။ အဲ့တော့ ဒီစားပွဲပေါ်မှာ ရှိတဲ့ အရက်တွေအကုန်လုံးကို သောက်ပြပါဦး"
လီရှောက်ယွင်က မျက်စပစ်ရင်း အကဲစမ်းသလိုပြောလိုက်သည်။"အဟက်၊ ကျွန်မအတွက် ဒီဟာတွေက အသေးအဖွဲလေးပါ။ ရှင်လည်း သောက်နိုင်တယ်ဆိုရင် ကျွန်မနဲ့ ပြိုင်သောက်ကြမလား"
လုံးဝ မတူတော့သည့် လူတစ်ယောက်လို ရဲတင်းနေသော ရှောင်ချင်းက လီရှောက်ယွင်ကို ပြန်လည်စိန်ခေါ်နေ၏။
သို့သော် လီရှောက်ယွင်က သူ (မ) ၏ စကားကိုလျစ်လျူရှုကာ ပန်းသီး အခွံကို စိတ်ရှည် လက်ရှည် ခွာပြီး ကျင်းယွင်ကျောင်းထံသို့ လှမ်းပေးလိုက်သည်။"ကျွန်မ စကားပြောနေတာကို နည်းနည်းပါးပါးနားထောင်ပါဦး။ လူကို ခေါ်ထားပြီး အရေး မလုပ်ဘူး၊ ဟွန့်"
ရှောင်ချင်းက နှုတ်ခမ်းလေး ဆူကာ စိတ်ကောက်သလို ပြောလိုက်၏။
တုလင်း တစ်ယောက် မျက်စိ အရှေ့ရှိ မြင်ကွင်းကို မယုံနိုင် ဖြစ်နေမိသည်။ မိန်းကလေး တစ်ယောက်က ဤမျှလောက် အပြောင်းအလဲ မြန်သလား။ လီရှောက်ယွင်ကို ဆက်တိုက် အနှောင့်အယှက် ပေးနေသည့် ထိုမိန်းကလေးကို ကြည့်မရတော့သောကြောင့် ဝိုင်ပုလင်းကို ဖွင့်ကာ သူ (မ) အရှေ့သို့ ထိုးပေးလိုက်၏။ "ကဲ...ဒီဝိုင် အရသာလေး မြည်းကြည့်ပါဦး"