Chapter 448 : ရှင်းပစ်လိုက်ကြရအောင်ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်း ဖုန်းဆက်သည့် အကြောင်းအရင်းကို မသိသဖြင့် ဝူ မျိုးရိုးလင်မယား၏ ဖိုင်ကို မြင်သောအခါ ထိုအကြောင်းကိုသာ တွေးမိလိုက်သည်။
"ယွင်ကျောင်း၊ ငါ တောင်းပန်ပါတယ်။ ငါ လုံလုံလောက်လောက် စည်းကမ်း မတင်းကြပ်မိလိုက်ဘူး၊ တစ်ယောက်ယောက်က အမှားလုပ်ထားတာပဲ"
ပိုင်ယွီအန်းက ပြောလာ၏။
သူသည် ကျင်းယွင်ကျောင်း သူ့ထံသို့ ယွမ် သန်းသုံးဆယ် လွှဲပေးခဲ့စဥ်က သူ မည်မျှ စိတ်လှုပ်ရှားခဲ့ကြောင်း မှတ်မိနေသေးသည်။ အစားထိုးခံ ဖခင်တစ်ယောက် ဖြစ်ရခြင်း၏ စိတ်ပျက် အားလျှော့မှုများက သူ့အား ဇာတိမြို့ငယ်လေးသို့ ပြန်၍ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရန်ကိုသာ တွေးမိစေခဲ့၏။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာ၍ သူ၏ မူလရည်မှန်းချက်များကို ပြန်လည် ထိန်းသိမ်း ယူဆောင်လာပေးခဲ့သည်။
သူသည် အနာဂတ် နေ့ရက် တစ်ရက်တွင် ကျိုတိုသို့ပြန်သွား၍ ထိုသစ္စာ မရှိသော တိရိစ္ဆာန်လင်မယား၏ အရှေ့တွင် ရပ်ကာ သူ၏ ဖြစ်တည်မှု ဝံ့ဝံ့ကြွားကြွား ထုတ်ဖော် ပြသရန်ပင် တွေးမိခဲ့၏။
သူသည် ယောက်ျားတစ်ယောက်အနေဖြင့် အနည်းငယ် နုံအသည်။ သို့ရာတွင် သူက အခြားအရာများကို သည်းခံနိုင်သော်လည်း သူ၏ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကို တူးဆွခြင်းကမူ သူ၏ မျက်နှာအား ဖြတ်ရိုက်လိုက်ခြင်းနှင့်ညီမျှ၏။ အကယ်၍ သူသာ ထိုအဖြစ်အပျက်များကို မမှတ်မိပါက ယောက်ျားတစ်ယောက်၏ သိက္ခာများပင် ဆုံးရှုံးသွားနိုင်သည်။
ကျင်းယွင်ကျောင်းသည် သူ့အား ဤအခွင့်အရေးကို ပေးလာခဲ့၏။ အနည်းငယ် ခက်ခဲသော်လည်း ဤအလုပ် လုပ်ရသည်မှာ သူ့အတွက် အမှန်တကယ်ပင် သက်တောင့်သက်သာ ရှိလှသည်။
ထို့ကြောင့် အမှား အသေးအဖွဲလေးပင် ဖြစ်နေစေကာမူ သူသည် ကျင်းယွင်ကျောင်း၏ အရှေ့၌ တာဝန်ယူပေးရန် ဆန္ဒရှိ၏။
![](https://img.wattpad.com/cover/385039184-288-k790562.jpg)