Chapter 459 : သေခြင်း၊ ရှင်ခြင်းက ကံတရားအပေါ်မှာပဲ မူတည်တယ်ထိုအခါ ကျင်းယွင်ကျောင်း၏ ခေါင်းထဲ၌ တဝီဝီမြည်သွား၏။ စကားဆုံးသည်နှင့် လီရှောက်ယွင်သည် သူ၏ လက်များကို အချိန်ကိုက် ပြန်ရုတ်လိုက်၍ ကျင်းယွင်ကျောင်း၏ အရှေ့၌ ထပ်မနေတော့ဘဲ ချက်ချင်းပင် မီးဖိုခန်းသို့ တန်းတန်းမတ်မတ် လျှောက်သွား၏။
ကျင်းယွင်ကျောင်းသည် မူလက လီရှောက်ယွင်အား သူမနှင့် ဝေးဝေးနေစေချင်ခဲ့သည်။ သူမသည် အခြားလူများနှင့် ထိတွေ့ရသည့် ခံစားချက်ကို မနှစ်သက်ပေ။ သို့သော် လီရှောက်ယွင်သည် ထိုကိစ္စကို မှတ်ထားပုံ မပေါ်ဘဲ သူ၏ အထိအတွေ့မှာလည်း မြန်ဆန်၍ အားမပါပေ။ ထို့ကြောင့် သူမသည် သူ့အား အနာဂတ်တွင် ထိုသို့ ထပ်မလုပ်ဘဲ ဂရုစိုက်ရန် သတိပေးလိုက်လျှင်လည်း အနည်းငယ် အထိမခံ ဖြစ်လွန်းပုံ ပေါက်နေမည်သာ။
ထို့ကြောင့် သူမသည် သူ့အား တစ်ချက် ကြည့်၍ သက်ပြင်းချလိုက်ပြီး အကြီးအကဲ ရှု၏ နောက်သို့ လိုက်သွားလိုက်သည်။
သို့ဖြစ်၍ ကျင်းယွင်ကျောင်းသည် အနောက်သို့ လှည့်သွားရာ လီရှောက်ယွင်၏ မရိုးသားသော အပြုံးကို မမြင်လိုက်ချေ။
ကျင်းယွင်ကျောင်းသည် စစ်တုရင် ကစားနည်းကို ထန်ကျစ်ဟွား၏ အဖိုးထံမှ သင်ယူခဲ့ခြင်း ဖြစ်သော်လည်း သူသည် သူမအား အခြေခံမျှသာ ချောက်တီးချောက်တက် သင်ပေးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်း၌ အကြီးအကဲ ရှုသည် သူမကိုယ်တိုင် စစ်တုရင် ကစားနည်းကို တဖြည်းဖြည်း လိုက်မှတ်နေသည်ကို မြင်သောအခါ မသိချင်ယောင်ဆောင်၍ နည်းနည်းချင်း ပုံမှန်သင်ပေးခဲ့သဖြင့် သူမ၏ စစ်တုရင်စွမ်းရည်မှာ အလျင်အမြန် တိုးတက်လာခဲ့သည်။
သို့သော် ယခုအချိန်၌ ကျင်းယွင်ကျောင်းသည် အနည်းငယ် စိတ်လွတ်နေ၏။
လက်တွေ့၌ သူမသည် လီရှောက်ယွင်အား အတော်လေး မယုံမကြည် ဖြစ်နေသည်။ သူကဲ့သို့သော လူတစ်ယောက်သည် ဟင်းချက်နည်းများကို မည်သို့သိမည်နည်း။ ထို့အပြင် သူမ ဝယ်လာသည့် ဟင်းအမယ် အများစုမှာလည်း အသီးအရွက်များသာ ဖြစ်သည်။