မုံ့လင်းသည် သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ရှောင်ချင်းသည် အံစာတုံးကို ချက်ချင်းကောက်ကာ ခေါက်လိုက်၏။ သူမက သေရည်များစွာ သောက်သုံးထားသဖြင့် အင်အားများစွာသုံးမိလိုက်လေသည်။ ခဏအကြာတွင် သူမ အံစားခေါက်ခြင်း ပြီးဆုံးသွားလေသည်။
သို့သော် သူမသည် အံစာတုံးအား စားပွဲပေါ်ချလိုက်သည်နှင့် ထပ်မံ လှုပ်ရှားပြန်သည်။ သူမ၏ မျက်လုံးကို မှေးလိုက်ကာ ချစ်စရာ အပြုံးတစ်ပွင့်အား လှစ်ဟာပြလိုက်သည်။
မုံ့လင်းသည် သူမကို ကြည့်ပြီး စိတ်ထဲ၌ ရွံရှာမှုများ တဖွားဖွား တိုးလာ၏။ သူသည် အမျိုးသမီးများစွာကို အရသာခံခဲ့ဖူးပြီး အမျိုးအစားလည်း စုံခဲ့ပေသည်။ ဤရှောင်ချင်းမှာ သူ၏ အရှေ့တွင် ပုန်းစရာနေရာ မရှိပေ။ အခြားအချိန်သာ ဖြစ်ခဲ့လျှင် သူသည် ဤသို့သော အမျိုးသမီးဖြင့် ကစားရန် စိတ်အခြေအနေ ပေးလောက်ပေသည်။ သို့သော် ကျင်းယွင်ကျောင်းကို တွေ့ပြီး ရှောင်ချင်းအားကြည့်လိုက်သောအခါ သူ့တွင် ဘာအတွေးမျှ မရှိတော့ချေ။သူမသည် ရိုးသားပြီး အပြစ်ကင်းစင်ပုံပေါက်သော်လည်း အလှဂုဏ် ဖော်ရသည်ကို နှစ်သက်ပေသည်။ သူမ၏ အပိုလုပ်မှုသည် အနည်းငယ်လွန်လွန်းလှသည်။
သို့သော် ရှောင်ချင်းမှာ ၎င်းကို သတိထားမိပုံမပေါ်ပေ။ သူမသည် အံစာတုံးအား ချပြီး ချိုသာစွာ ပြောလိုက်သည်။
“ခန့်မှန်းကြည့်။ လူဆိုးကြီး၊ ရှင့်ကို မကူညီလို့ဆိုပြီး အပြစ်မတင်နဲ့နော်။ အခုလေးတင် ရှင့်အနား တမင်ကပ်လိုက်တာ”
သူမက ကျေးဇူး အတင်ခံချင်နေသည့်ပုံပေါက်သည်။ ကျင်းယွင်ကျောင်းမှ မျက်မှောင်ကြုတ်ကာ ရွံရှာဟန်ဖြင့် ပြောလိုက်၏။
“ညစ်ဖို့ စဥ်းစားမနေနဲ့။ နောက်တစ်ခါ ပြန်လုပ်”
လီရှောက်ယွင် အနားကို ပိုကပ်တယ်ပေါ့။ လီရှောက်ယွင်အတွက် ညစ်ပေးမယ်လို့ပြောတာလား။
သူမ အမှား မဟုတ်ဟု ကျင်းယွင်ကျောင်း ထင်ခဲ့သည်။ လီရှောက်ယွင် ရှုံးသည်မှာ မဖြစ်နိုင်ပေ။ သို့သော် သူမသာ ဤကဲ့သို့ပြုမူပါက မုံ့လင်းသည် သူရှုံးလျှင်ပင် အရှုံးကို လက်ခံမည် မဟုတ်။