နေ့လယ်ကျောင်းချိန်တွင် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းသည် ရုတ်တရတ်ဆိုသလို လူများရှေ့မှ ပျောက်သွားလေသည်။ စူးချူသည် သူမကို မေ့ကျန်ပြီး ထားခဲ့သော ထိုသူနှစ်ယောက်၏ လုပ်ရပ်ကို တွေ့လိုက်သောအခါ သူတို့အား ငိုယိုပြီးဖုန်းဆက်တော့သည်။ နောက်ဆုံးတွင် သူမသည် သူတို့ကို ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်၌ အောင်အောင်မြင်မြင် တွေ့ခဲ့လေ၏။
“ပြောတော့ နင်တို့က သူငယ်ချင်းကောင်းတွေဆို၊ ငါ့ကို ဂရုတောင် မစိုက်ဘဲ ထွက်ပြေးသွားလိုက်တာ လွန်ကို လွန်လွန်းတယ်၊ ဟွန့်”
စူးချူသည် ရောက်သည်နှင့် မကျေမချမ်း ပြောတော့၏။
ကျင်းယွင်ကျောင်းသည် လက်ဖက်ရည်သာ သောက်ကာ ဘာမျှ မပြောချေ။ ရှောင်ဟိုင်ချင်းမှာမူ တစ်ချက်ပြုံးပြီး ပြောလိုက်သည်။“နင်က လိမ္မာတဲ့ ကျောင်းသူလေး မဟုတ်ဘူးလား။ အတန်းမတက်ဖို့ ငါတို့က နင့်ကို ဘယ်လိုမြှူဆွယ်နိုင်မှာတုန်း”
“ဆင်ခြေတွေ”
စူးချူသည် မျက်စောင်းထိုးကာ ပြောလိုက်သည်။
“နေ့လယ် တစ်ချိန်လုံး လက်ဖက်ရည်ဆိုင်မှာပဲ နေကြတော့မလို့လား”“အင်းပေါ့။ ဒီမှာ တိတ်ဆိတ်တယ်လေ” ကျင်းယွင်ကျောင်း ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်၊ ငါတို့ အတန်းလစ်လက်စနဲ့...နင်တို့ကို လူ တစ်ယောက်နဲ့ မိတ်ဆက်ပေးရမလား။ မကြာသေးခင်က ငါတို့ အိမ်မှာ ခဏနေဖို့ ဝမ်းကွဲတစ်ယောက် ရောက်လာတယ်။ ငါတို့ မိသားစုရဲ့ ဆေးခန်းမှာ အလုပ်လုပ်ဖို့ သူ့ကို ငါ့အဖေ ပြောထားတယ်။ အဖေက ပုံမှန်ဆို အရမ်း အလုပ်ရှုပ်တတ်တာမို့ သူ့ကို သေချာ မကြည့်ပေးနိုင်ဘူး။ အဲ့တော့ ငါ အချိန်ရရင် သူ့ကို သွားလည်ပေးပြီး ပတ်ဝန်းကျင်နဲ့ နေသားကျအောင် ကူညီပေးဖို့ အဖေမှာထားတယ်” ဟု စူးချူမှ ပြောလိုက်သည်။
ဤဝမ်းကွဲမိန်းကလေးအား စူးချူသည် အလွန်သဘောကျပေသည်။ သို့သော် ထိုမိန်းကလေးသည် စိတ်ကြည်လင်နေသည့်ပုံ မပေါက်သောကြောင့် သူမသည် မကြာခင်တွင် အစားအသောက် တချို့ပို့ပေးရန် လုပ်ထားခဲ့လေ၏။