Chapter 425 : အန္တရာယ်ကို ဖိတ်ခေါ်ခြင်းကျင်းယွင်ကျောင်းက အံ့သြနေသော်လည်း အနည်းငယ်သာ စိတ်လှုပ်ရှားမိသည်။ အမှန်တကယ်ပင် လီရှောက်ယွင်သည် သူမအတွက် သူငယ်ချင်းကောင်း ဖြစ်၏။ သူသည် ဤကဲ့သို့ နောက်ကွယ်မှ အကူအညီများစွာ ပေးခဲ့သော်လည်း သူမ၏ အရှေ့၌မူ လုံးဝ ထုတ်ပြောမည် မဟုတ်ပေ။ သူသည် သူ့နည်းသူ့ဟန်ဖြင့် လှုပ်ရှားပြီး ဤကိစ္စကို သူမ, မသိအောင်ပင် ကာကွယ်ထားလိမ့်ဦးမည်။ သူ၏ အမူအကျင့်မှာ ဤသို့သာ ဖြစ်၍ လွန်လွန်ကြူးကြူး မဟုတ်ပေ။
သူမသည် သူ့အပေါ်၌ တစ်ကြိမ်ထက်မက အကြွေးတင်နေပြီ ဖြစ်သည်။ လီရှောက်ယွင်သည် ကျင်းယွင်ကျောင်းအား နောက်ကွယ်မှ ကူညီပေးပြီး သူ၏ အဆက်အသွယ်များကို သုံးကာ ဖိအားပေးခဲ့သောကြောင့် ဟုန်မိသားစု အချိန်တိုအတွင်း ဒုက္ခရောက်ခဲ့ရခြင်းဖြစ်၏။
သို့သော် ဟုန်မိသားစုမှ မမလေး ဟုန်ဝမ်ကမူ မိသားစုအတွင်း၌ ကပ်ဆိုက်နေသည်ဟု လုံးဝ ခံစားမိပုံ မပေါ်ပေ။ သူမ၏ အမြင်အရ ဟုန်မိသားစု၌ စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုလုံး ရှိသဖြင့် စီးပွားရေး အကြပ်အတည်းများကို အချိန်တိုအတွင်း ဖြေရှင်းနိုင်လိမ့်မည် ဖြစ်ရာ လုံးဝ စိုးရိမ်စရာ မလိုပေ။ ထို့ကြောင့် သူမသည် အပြင်၌ အပေါင်းအသင်းများနှင့်သာ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးနေသည်။
ဟုန်ဝမ်သည် အပျော်အပါး မက်၍ ထူးထူးဆန်းဆန်း ကိစ္စမျိုးစုံကို လေ့လာ လိုက်စားတတ်သူ ဖြစ်ကာ ဘားမျိုးစုံ၊ ကလပ်မျိုးစုံသို့ သွားလေ့ရှိပြီး စိတ်လှုပ်ရှားစရာအပြည့် ညဘက် ပွဲလမ်းသဘင်များကို ဖြတ်သန်းတတ်သူ ဖြစ်၏။
သို့သော် လူသတ်ပြီးနောက် သူမ၏ အရှေ့သို့ အရူးတစ်ပိုင်းပြေးလာသည့် ရှောင်ဟိုင်ချင်း၏ ပုံစံကို ကျင်းယွင်ကျောင်း လုံးဝ မမေ့ပေ။ အကယ်၍ သူမသာ ဟုန်ဝမ်ကို လက်စား မချေရပါက အနာဂတ်၌ ဘယ်သောအခါမှ စိတ်သက်သာရာရမည် မဟုတ်။
သို့ရာတွင် ဤဟုန်ဝမ်သည် စိတ်ဝင်စားစရာ ကောင်း၏။ သူမက ဟုန်ဝမ်အား သွားမရှာရသေးသော်လည်း တစ်ဖက်လူ ကိုယ်တိုင်က သူမနှင့်ရှောင်ဟိုင်ချင်းအား စတင် ဖိတ်ကြားလာခဲ့သည်။
