Chapter 470 : ကူညီဖို့တောင်းဆိုပါတယ်
ပြိုးပြိုး ပျက်ပျက် မီးအလင်းရောင်များ ကြားတွင်
ရှောင်ချင်းက သူ (မ) အား ထိကပါး ရိကပါး လုပ်နေခဲ့သော ယောကျာ်း တစ်ဦးကို ဝိုင်ခွက်ဖြင့် လှမ်းပက်လိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ကျင်းယွင်ကျောင်းဘက်သို့ ပြေးဝင်လာ၏။ သူ (မ) ၏ ပစ်မှတ်က ရှင်းလင်း တိကျပြီး လှုပ်ရှားမှုတို့ကလည်း သွက်လက် လျင်မြန်လှသည်။
သို့သော် လီရှောက်ယွင်က ကျင်းယွင်ကျောင်းကိုဘေးသို့ တွန်းလှဲလိုက်၏။ လီရှောက်ယွင်၏ ရုတ်တရက် အပြုအမူကြောင့် မိန်းမငယ်လေးမှာတစ်ခဏမျှ မှင်သက်သွားရသော်လည်း မကြာလိုက်ပါ။ မျက်ရည်များ တစ်သွင်သွင် ကျဆင်းလာသည်။ ထို့နောက် ယူကျုံး မရစွာ ပြောလာသည်။"လူကြီးမင်းတို့၊ ညီမကို ကူညီကြပါ။ ကျေးဇူးပြုပြီးတော့"
ထိုမိန်းကလေးက နူးညံ့သိမ်မွေ့ပြီး အလွန် သနားချစ်ခင်ဖွယ် အသွင် ရှိသည်။ ပြောပုံဆိုပုံကလည်း ကလပ်တွင် အလုပ်လုပ်သော မိန်းကလေး အများစုကဲ့သို့ ရဲတင်းမနေပဲ ယဥ်ယဥ်ကျေးကျေး ရှိ၏။
"လူကြီးမင်းတို့ကို ညီမ တောင်းဆိုပါတယ်။ ဒီတစ်ခေါက်တော့ မျက်နှာ မလွှဲလိုက်ပါနဲ့။ ကူညီပေးပါ"တစ်ငိုငို တစ်ရယ်ရယ် ဖြစ်နေသော မိန်းကလေးက ရှိုက်သံများ ကြားမှ အော်ဟစ် ပြောဆိုလာသည်။
"ကူညီဖို့ ဒီလောက် တောင်းဆိုနေတာတောင် ရှင်တို့က ဘာလို့ ဒီအတိုင်း ကြည့်နေနိုင်ရက်တာလဲ။ ဒီလို နေရာမျိုးမှာ ကျွန်မ အပျိုရည် မပျက်ချင်ဘူး။ ရှင်တို့ ယောကျာ်းတွေက အပျော်ရှာဖို့ပဲ သိတယ်။ ကျွန်မတို့ မိန်းမသားတွေ ဘယ်လောက် ခက်ခဲရုန်းကန်နေရလဲဆိုတာ ရှင်တို့ မသိဘူး"
တစ်ဖက် စားပွဲဝိုင်းရှိ လူများ၏ လီရှောက်ယွင်၏ အရှိန်အဝါကြောင့် အနားသို့ မကပ်လာရဲကြပေ။ သို့သော် ထိုမိန်းကလေးကို မကူညီပဲ မဆိုင်သလိုသာနေသည့် လီရှောက်ယွင်ကို ကြည့်ကာ တဖြေးဖြေး အနားသို့ ချဥ်းကပ်လာသည်။
"လူကြီးမင်း၊ ဒီမိန်းကလေးက ကျွန်တော်တို့ရဲ့ ဝိုင်းကပါ။ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်တယ်"
"အဲဒါဆိုရင်လည်း သူ့ကို မြန်မြန် ခေါ်သွားလိုက်ကြတော့"
တုလင်းက အမြန် ဝင်ပြောလိုက်သည်။ ထိုမိန်းကလေးက သိပ်လည်၏။ ရုပ်ဆိုးပန်းဆိုးနှင့် ငွေ သိပ်မရွှင်သော ယောကျာ်းများကို အနား အကပ်မခံပဲ အသေအလည်း ငြင်းဆန်နေသော်လည်း လီရှောက်ယွင် ကဲ့သို့ ငယ်ရွယ် ချမ်းသာပြီး ချောမောသည့် ယောကျာ်းမျိုးကိုမူ တမ်းတမ်းတတ မျှော်လင့်နေပြန်သည်။ အစပိုင်းတွင် ထိုမိန်းကလေးငယ်ကို တုလင်း သနားဂရုဏာသက်မိသော်လည်း အကြောင်း သိလိုက်ရချိန်တွင် စက်ဆုပ်ရွံ့ရှာမိသည်။တစ်ဖက်ဝိုင်းရှိ ယောကျာ်းများက ရှောင်ချင်းကိုဆွဲထုတ်သွားကြ၏။ ထိုလူများလည်း ဒေါသထွက်နေဟန်။ တန်ဖိုးကြီးသော ဝိုင်ကို ရှောင်ချင်းက သူတို့အပေါ် ပေပွသွားအောင် ပက်ပစ်ခဲ့သည်လေ။
ရှောင်ချင်းက တကယ့်ကို အကျိုးအကြောင်း မဆင်ခြင်တတ်သော မိန်းကလေး ဖြစ်သည်။ သူ (မ) ၏ လုပ်ရပ်ကြောင့် ကလပ် တာဝန်ရှိသူများပါ ဧည့်သည်များကို တောင်းပန်လိုက်ရ၏။
သို့သော် ရှောင်ချင်းက သူ (မ) ၏ အမှားကို သဘောပေါက်သေးပုံ မရ။ လီရှောက်ယွင်ကိုသာ အားကိုးတကြီး ကြည့်နေသည်။ "အစ်ကိုတို့ရယ်၊
ကျေးဇူးပြန်ဆပ်ပါ့မယ်။ ဒီလူတွေနဲ့ မလိုက်သွားပါရစေနဲ့"ကျင်းယွင်ကျောင်းလည်း ဝိုင်ကို တစ်မော့ သောက်လိုက်ရင်း အသနားခံနေသော မိန်းကလေးကို မမြင်ချင်ယောင်ဆောင်ကာ မျက်နှာ လွှဲနေလိုက်သည်။ သူ (မ) ပုံစံက အကြင်နာတရား မဲ့သလို ဖြစ်နေသော်လည်း ဤအခြေအနေတွင် ဝင်မပါသင့်သည်ကို သူ (မ) ကောင်းကောင်း သိ၏။
ထို့ကြောင့် ဘာမှ ဝင်မပြောပဲ နှုတ်ဆိတ်၍သာ နေလိုက်သည်။ သို့သော် လီရှောက်ယွင်က ထိုမိန်းကလေး၏ အသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာသည့်ဟန်။ စားပွဲထိုးများကို လှမ်းခေါ်ကာအေးစက်စွာ ပြောလိုက်၏။
"ဒီမိန်းကလေးကို အခုချက်ချင်း ဆွဲထုတ်သွား။
ငါ့ အရှေ့ ထပ်ပေါ်မလာစေနဲ့"
